ကလေး ၁၀၀ ကျော် မွေးစားထားတဲ့ မေတ္တာရှင်မေမေ လိမ်လည်မှုနဲ့ တရုတ်မှာ ထောင်ချခံရ

မိဘမဲ့ဂေဟာကို ဗန်းပြပြီး အလွဲသုံးစားမှုတွေ လုပ်ခဲ့တယ်ဆိုတာ စစ်ဆေးတွေ့ရှိရတယ်လို့ တရားရုံးက ပြောပါတယ်။ ဓာတ်ပုံ မူပိုင် Weibo
Image caption မိဘမဲ့ဂေဟာကို ဗန်းပြပြီး အလွဲသုံးစားမှုတွေ လုပ်ခဲ့တယ်ဆိုတာ စစ်ဆေး တွေ့ရှိရတယ်လို့ တရားရုံးက ပြောပါတယ်။

ကလေး ၁၁၈ ယောက် ကို မွေးစားခဲ့တဲ့ ပရဟိတ သူရဲကောင်းအဖြစ် လူတွေက ချီးကျူးခဲ့ကြဖူးတဲ့ အသက် ၅၄ နှစ်ရွယ် အဲဒီအမျိုးသမီးကို တရုတ်တရားရုံးတစ်ခုက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။

လီယန်ရှား ဆိုတဲ့ အဲဒီ အမျိုးသမီးကို ဟာဘင်းပြည်နယ် ဝူအန်တရားရုံးကနေ အပြစ်ရှိတယ် ဆိုပြီး ဇူလိုင်လ လလယ်မှာ ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ခြိမ်းခြောက် ငွေတောင်းမှု၊ လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုလုပ်မှု နဲ့ လူမှုအသိုင်းအဝိုင်းကို အနှောင့်အယှက် ဖြစ်စေမှုတို့နဲ့ ပြစ်ဒဏ် ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

မိဘမဲ့ဂေဟာ တည်ထောင်သူ၊ တစ်ချိန်က ' မေတ္တာရှင်မေမေ' လို့ တင်စားခေါ်ကြသူ အမျိုးသမီးကို တရုတ် ယွမ် နှစ်သန်းခွဲကျော် (အမေရိကန်ဒေါ်လာ လေးသိန်းနီးပါး) လည်း ငွေဒဏ် ချမှတ်ခဲ့ပါတယ်။

သူ့ရဲ့ ချစ်သူအမျိုးသား အပါအဝင် အပေါင်းပါ ၁၅ ဦးလည်း ပြစ်ဒဏ်တွေချမှတ်ခံခဲ့ရပါတယ်။

မိဘမဲ့ဂေဟာကို ဗန်းပြပြီး အလွဲသုံးစားမှုတွေ လုပ်ခဲ့တယ်ဆိုတာ စစ်ဆေးတွေ့ရှိရတယ်လို့ တရားရုံးက ပြောပါတယ်။

အဲဒီအမျိုးသမီးဟာ သူ့အဖွဲ့နဲ့အတူ ငွေကြေး အကျိုးအမြတ်အတွက် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဝူအန် ပြည်သူ့တရားရုံးက တရုတ် လူမှုကွန်ရက် ဝေးဘိုမှာ ကြေညာခဲ့ပါတယ်။

သူ့ရဲ့ ချစ်သူ အမျိုးသား ရှုချီဆိုသူကိုတော့ ထောင် ၁၂ နှစ်ခွဲနဲ့ ယွမ် ၁ သန်းကျော် ငွေဒဏ် ချမှတ်ခဲ့ပါတယ်။

ကျန်တဲ့ ကြံရာပါ ၁၄ ယောက်ကတော့ အများဆုံး ထောင်ဒဏ် လေးနှစ်အထိ ပြစ်ဒဏ်တွေ ချခံခဲ့ရပါတယ်။

သူဟာ ဟာဘေး ပြည်နယ်ထဲက မြို့လေး တစ်မြို့ ဖြစ်တဲ့ သူရဲ့ဇာတိ ဝူအန်မှာ ကလေးတွေ အများကြီး လိုက်မွေးစားနေရာကနေ မီဒီယာတွေက သတိထားမိလာကြပြီးနောက် ကျော်ကြားလာတာ ဖြစ်ပါတယ်။

သူက တစ်ချိန်က အိမ်ထောင်ရှိခဲ့ဖူးပေမဲ့ အခုတော့ ကွာရှင်းထားသူ ဖြစ်တယ်လို့ မီဒီယာတွေကို ပြောထားပါတယ်။ သူ့တို့သားလေးကို ခင်ပွန်းဟောင်းက လူကုန်ကူးသူတွေဆီ ယွန် ခုနစ်ထောင်နဲ့ ရောင်းစားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ပြီးတော့ အဲဒီကလေးကို သူကပဲ ပြန်ရအောင် ကြိုးစားထားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါနဲ့ နောက်တော့ တခြားကလေးတွေကို ကယ်တင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သူက ပြောထားခဲ့တာပါ။

နှစ်တွေကြာလာတော့ သူက ဟာဘေးမှာ အချမ်းသာဆုံးစာရင်းဝင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

၁၉၉၆ မှာ သူက သံသတ္တုမိုင်း တစ်ခုကို ဝယ်ခဲ့ပါတယ်။

အဖေ သေပြီး အမေက ပစ်သွားတဲ့ အသက် ငါးနှစ်ခြောက်နှစ်လောက် ကလေးမလေးကို မိုင်းတွင်းနားမှာ ပြေးလွှား ဆော့နေတာ ခဏခ ဏတွေ့နေရရာကနေ သူ့ကို အိမ်ကို ခေါ်လာခဲ့တယ်၊ အဲဒါက ပထမဆုံး ကျွန်မ မွေးစားဖြစ်ခဲ့တဲ့ ကလေးပါပဲလို့ သူက သတင်းစာတစ်စောင်ကို အဲဒီ အချိန်တုန်းက ပြောခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ သူက ကလေးတွေ ဆက်မွေးစားရာကနေ နောက်ဆုံးမှာ မိဘမဲ့ကလေး ဂေဟာ ဖွင့်ခဲ့ပါတော့တယ်။ ဂေဟာကိုတော့ မေတ္တာရွာလို့ သူက နာမည်ပေးခဲ့ပါတယ်။

၂၀၁၇ မှာတော့ သူမွေးစားတဲ့ အရေအတွက်ဟာ အများဆုံးဖြစ်ခဲ့ပြီး အဲဒီနှစ်မှာ ဂေဟာမှာ ကလေး ၁၁၈ ယောက်ထိ ရှိလာပါတယ်။

အဲဒီနှစ်ထဲမှာပဲ ဒီအမျိုးသမီး သံသယဖြစ်စရာကောင်းတဲ့ လုပ်ရပ်တွေလုပ်နေတယ်ဆိုတဲ့ လူထုက သတင်းပေးမှုတွေ အစိုးရဆီ ရောက်လာပါတယ်။

၂၀၁၈ မေမှာတော့ သူ့မှာ ယွမ် သန်း ၂၀ ထက် မနည်း ရှိနေပြီး ဒေါ်လာ နှစ်သောင်းလောက်လည်း သူ့ရဲ့ ဘဏ်စာရင်းထဲ ရှိနေတာကို ရဲတွေ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ပြီးတော့ သူ့မှာ လန်ရိုဗာနဲ့ မာစီးဒီးလို ဇိမ်ခံကားတွေ ပိုင်ဆိုင်ထားတာတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကလေး ၁၉ ယောက်ရဲ့ မိခင်

သူ မသမာမှုတွေကို ၂၀၁၁ ကတည်းက စလုပ်နေတယ်လို့လည်း ထုတ်ဖော် တွေ့ရှိခဲ့ပါတော့တယ်။

သူရဲ့ ပစ်မှတ်က ဆောက်လုပ်ရေး ကုမ္ပဏီ လုပ်ငန်းခွင်တွေ ဖြစ်ခဲ့ပါတယ်။

ခြိမ်းခြောက်ငွေ ညှစ်တာတွေ လုပ်ဖို့ ဂေဟာက ကလေးတွေကို လက်နက်သဖွယ် အသုံးချခဲ့ပါတယ်။

ကုမ္ပဏီတစ်ခုကို လုပ်တာဆိုရင် ဂေဟာက ကလေးတွေကို ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ သွားခိုင်းပြီး လုပ်ငန်းခွင် နှောင့်နှေးအောင် လုပ်ခဲ့ပါတယ်။ ကလေးတွေကို ကုန်ကားတွေ အကြိုအကြားတွေ ကားအောက်တွေအကြား လျှောက်ပြေးခိုင်းတော့ အလုပ်တွေ လုပ်လို့ မရတော့ပါဘူး။ အဲဒီနောက် သူက အဲဒီကုမ္ပဏီတွေကို ခြိမ်းခြောက် ငွေညှစ်ခဲ့တာပါ။

အသက် ၅၄ နှစ် အရွယ် အဲဒီ အမျိုးသမီးဟာ မေတ္တာရွာ မိဘမဲ့ ကလေး ဂေဟာကို ဗန်းပြပြီး ပိုက်ဆံတွေ ယူတယ် ဆိုတာကိုလည်း တရားရုံးက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

သူ့ကို ဒီနှစ် မေလပိုင်းမှာ ရာဇဝတ်မှုနဲ့ ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။ သူ အဖမ်းခံလိုက် ချိန်မှာ ဂေဟာမှာ ကလေး ၇၄ ယောက် ကျန်နေခဲ့ပါတယ်။ နောက်တော့ အဲဒီကလေးတွေကို အစိုးရကျောင်းနဲ့ အဖွဲ့အစည်းတွေဆီကို ခွဲပြီး ပို့ပေးလိုက်ရပါတယ်။

တရုတ် လူမှုကွန်ရက်မှာတော့ သူ့ကို သိုးရေခြုံတဲ့ ဝံပုလွေမကြီး ဆိုပြီး ပြစ်တင်ရှုတ်ချနေကြပါတယ်။

အဲလိုပြောဆိုနေကြသူတွေထဲက တစ်ယောက်ကတော့ ဒီအမျိုးသမီးလုပ်ရပ်ဟာ ရွံရှာဖွယ်ကောင်းတယ်၊ သူ့ဦးလေးဟာ အဲဒီဂေဟာကို ငွေတွေ သွားလှူဖူးတယ်လို့ ပြောပါတယ်။

နောက်တစ်ယောက်ကတော့ "သူ့ကို အရင်တုန်းက မေတ္တာရှင် မေမေလို့ ခေါ်ခဲ့ဖူးတယ်။ အခုတော့ အဲဒါကို ပြန်ရုပ်သိမ်းတယ်။ သူက တကယ့် စေတနာ အစစ်မှမဟုတ်တာကိုး။ သူက အဲဒီနာမည်နဲ့မတန်ဘူး" လို့ ပြောပါတယ်။