တောင်ကိုရီးယားကို သတိပေးဖို့ တာတိုဒုံးကျည် စမ်းသပ်ပစ်ခတ်တာလို့ ကင်ဂျုံအွန်းပြော

မြောက်ကိုရီးယားနိုင်ငံက တာတိုပစ် ဒုံး ၂လုံး ဂျပန် ပင်လယ်ထဲ ပစ်ခတ်။ ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယားနိုင်ငံက တာတိုပစ် ဒုံး ၂လုံး ဂျပန် ပင်လယ်ထဲ ပစ်ခတ်။

ဂျပန် ပင်လယ်ထဲကို မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးနှစ်လုံး ဇူလိုင် ၂၅ ရက်နေ့က ပစ်ခတ်ခဲ့တာဟာ စစ်မီးမွှေးလိုတဲ့ တောင်ကိုရီးယားကို အထူးသတိပေးဖို့ ရည်ရွယ်တာလို့ မြောက်ကိုရီးယားက ဇူလိုင် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်မဲ့ဇုန်မှာ သမ္မတထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ ဇွန်လ ၃ဝရက်နေ့က တွေ့ဆုံခဲ့ပြီးတဲ့နောက် ပထမဆုံး စမ်းသပ်မှု အနေနဲ့ မြောက်ကိုရီးယား အရှေ့ဘက် ဝေါင်ဆန် ကျွန်းဆွယ်ကနေ အရှေ့ပင်လယ် ခေါ် ဂျပန်ပင်လယ်ထဲကို တာတိုပစ်ဒုံးကျည် နှစ်လုံး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ရှေ့လမှာ နှစ်စဉ် လုပ်ဆောင်နေကျ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေး လေ့ကျင့်မှု ထပ်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် မြောက်ကိုရီးယားက မကျေမနပ် ဖြစ်ခဲ့ပြီး အခုလို စမ်းသပ် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီစစ်ရေး ပူးတွဲလေ့ကျင့်မှုက ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား ကင်းမဲ့စေဖို့ ပြန်လည် ဆွေးနွေးပြောဆိုမှုကို ထိခိုက်စေလိမ့်မယ်လို့လည်း မြောက်ကိုရီးယားက သတိပေးထားပါတယ်။

အလားအလာရှိတဲ့ တိုက်ရိုက် ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့ လက်နက်တွေကို မထွင်မနေရထွင်မယ်လို့ မစ္စတာ ကင်ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် EUROPEAN PHOTOPRESS AGENCY
Image caption ဒီစမ်းသပ်မှုမှာ မဟာဗျူဟာမြောက် ပစ်မှတ်ကို ရှာဖွေနိုင်တဲ့ လက်နက် စနစ်သစ် ပါဝင်တယ်။

ဒီစမ်းသပ်မှုမှာ ပစ်မှတ်ကို အလိုအလျောက် ရှာဖွေနိုင်တဲ့ လက်နက်စနစ်သစ် ပါဝင်တယ်လို့ သူက ပြောပါတယ်။ ဒီစနစ်ကို ကာကွယ်ဖို့ မလွယ် သလို ဒီလက်နက်စနစ်ကိုလည်း ကျေနပ်တယ် လို့လည်း မစ္စတာ ကင်က ဆိုပါတယ်။ အခုလို ပစ်ခတ်သတိပေးမှုကို တောင်ကိုရီးယားက လစ်လျူ ရှုပြီး အမှားတခု မကျူးလွန်သင့်ဘူးလို့လည်း သူက ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ရှေ့လမှာ ပူးတွဲ စစ်ရေး လေ့ကျင့်မယ်လို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် မြောက်ကိုရီးယားက ဝေဖန်ခဲ့ပြီးတဲ့နောက် မစ္စတာ ကင်ဂျုံအွန်းရဲ့ ပြောကြားချက်ကို အစိုးရ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ကျူးကျော်မှုတခုဆိုပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း တာတိုပစ်ဒုံးကျည်တွေကို မြောက်ကိုရီးယားက စမ်းသပ်ခဲ့ပါသေးတယ်။

တာတိုပစ်ဒုံးကျည် ပစ်ခတ်မှုအပေါ် တောင်ကိုရီးယားနဲ့ အမေရိကန်က ဘာပြောလဲ။

ဒုံးကျည်က ၄၂၈ မိုင်အထိ ရောက်သွားခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေကအကြီးအကဲတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ပူးတွဲ အဖွဲ့က ပြောပါတယ်။ ဒုံးကျည်က တာတိုပစ်ဒုံးတွေ ဖြစ်တယ်ဆိုတာ အမေရိကန်က အတည်ပြုပါတယ်။

Image caption ပထမ ဒုံးကျည်က ကီလိုမီတာ ၄၃ဝ အထိရောက်။ ဒုတိယ ဒုံးကျည်က ကီလိုမီတာ ၆၉၀ အထိရောက်။

ဒီလို ပစ်ခတ်မှုဟာ စစ်ရေးအရ ခြိမ်းခြောက်မှု တခုဖြစ်ပြီး မြောက်ကိုရီးယား အနေနဲ့ တင်းမာမှုကို လျှော့ချဖို့အတွက် အထောက်အကူ မဖြစ်တဲ့ အပြု အမှုတွေကို ရပ်တန့်ဖို့လည်း တောင်ကိုရီးယားက တိုက်တွန်းပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေယိုက နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ဖို့ တောင်းဆိုပါတယ်။ သံတမန်ရေးက အလုပ်ဖြစ်ဖို့ ဆန္ဒရှိနေပြီး ဒီလို ဖြစ်ဖို့လည်း အချိန်ယူရမယ်လို့ သူက ပြောပါတယ်။

ကျွမ်းကျင်သူတွေက ဒီပစ်ခတ်မှုကို ဘယ်လို သုံးသပ်လဲ။

ဒီစမ်းသပ်မှုက မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးကို မထိခိုက်နိုင်ဘူးလို့ ကိုရီးယား အရေးလေ့လာတဲ့ ကျွမ်းကျင်သူ ရောဘတ် ကယ်လီက ပြောပါတယ်။'ဒါက တာတိုပစ်ဒုံးပါ၊ တရားဝင် စာနဲ့ပေနဲ့ မဟုတ်ပေမယ့် အမေရိကန် သမ္မတနဲ့ ကင်ဂျုံအွန်းတို့အကြားက သဘော တူညီထားတာက အမေရိကန်ကို ရောက်နိုင်တဲ့ တာဝေးပစ်ဒုံးတွေ မစမ်းဖို့ပဲ ဖြစ်ပါတယ်'လို့ ပြောသွားတာပါ။

မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုက အဓိကအားဖြင့် တောင်ကိုရီးယားကို ရည်ရွယ်တယ်လို့ တောင်ကိုရီးယားအခြေစိုက် ဘီဘီစီသတင်းထောက် လော်ရာဘစ်ကာက ပြောပါတယ်။

Image caption တောင်ကိုရီးယားအခြေစိုက် ဘီဘီစီသတင်းထောက် လော်ရာ ဘစ်ကာ

တာတိုဒုံးစမ်းသပ်ပစ်ခတ်မှုကို ကြည့်ရင် ကိုရီးယားကျွန်းဆွယ်တခုလုံးကို ဒီဒုံးကျည်က ရောက်နိုင်ခြေရှိတယ်လို့လည်း သူက ပြောပါတယ်။

တဖက်မှာ ငြိမ်းချမ်းရေးလို့ တောင်ကိုရီးယားက ပြောနေပေမယ့် တခြားတဖက်မှာ အမေရိကန်နဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေက မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပိုကောင်းဖို့ ကြိုးစားနေတဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းအတွက် ထိခိုက်စေလိမ့်မယ်လို့ သူက သုံးသပ်ပါတယ်။

ဒါက တောင်ကိုရီးယားအပေါ် ဘယ်လောက် လွှမ်းမိုးမှု ရှိသလဲဆိုတာကို မြောက်ကိုရီးယားက စမ်းသပ်တာ ဖြစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယား တို့ရဲ့ အတူတကွဖြစ်နေတဲ့ ရပ်တည်ချက် ခွဲခြားဖို့ မြောက်ကိုရီးယားက ကြိုးစားတာလို့လည်း သူက သုံးသပ်ပါတယ်။

မြောက်ကိုရီးယားနဲ့ ယုံကြည်မှု တည်ဆောက်တဲ့ အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေထဲက တချို့ကို လျှော့ပေးဖို့ တောင်ကိုရီးယား အစိုးရက တိုက်တွန်း ခဲ့ပါတယ်။

နျူကလီးယားလက်နက်စမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားက ဘာပြောခဲ့လဲ။

ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုတွေရပ်ပြီး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ မစမ်းသပ်တော့ဘူးလို့ မစ္စတာကင်က ပြောဆိုထားပါတယ်။

ဒါပေမဲ့ ဂြိုဟ်တုက ရရှိတဲ့ မြောက်ကိုရီးယားရဲ့ အဓိက နျူကလီးယား စမ်းသပ်တဲ့ နေရာမှာ လှုပ်ရှားမှုတွေရှိနေတာကြောင့် နျူကလီးယား စမ်းသပ်မှု တွေက ဆက်လုပ်ဆောင်နေတယ်ဆိုတဲ့ ခန့်မှန်းမှုတွေရှိနေပါတယ်။

တင်းကြပ်တဲ့ စီးပွားရေး ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုတွေရှိနေပေမယ့် လက်နက်သစ်တွေကို မြောက်ကိုရီးယားက ဆက်လက်တီထွင်နေတယ်လို့ ဆိုပါတယ်။

ဒီလအစောပိုင်းကလည်း ပဲထိန်းဒုံးတွေ သယ်ဆောင်နိုင်တဲ့ ရေငုတ်သင်္ဘော အမျိုးအစားသစ်ကို မစ္စတာ ကင်က စစ်ဆေးခဲ့တယ်ဆိုပြီး မြောက်ကိုရီးယား အစိုးရ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။