နယ်စပ်တံတိုင်းဆောက်ဖို့ ဒေါ်နယ်ထရမ့်ကို တရားရုံးချုပ် ခွင့်ပြု

နယ်စပ်တံတိုင်း ဓာတ်ပုံ မူပိုင် EPA
Image caption ရွေးကောက်ပွဲ အဓိက ကတိတစ်ခုဖြစ်တဲ့ တံတိုင်းတည်ဆောက်ဖို့ စစ်တပ်အသုံးစရိတ်ထဲက ရရှိခဲ့

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နယ်စပ်တံတိုင်း ဆောက်ဖို့ ဒေါ်လာ နှစ်ဘီလျံခွဲကို စစ်ဘက်ရန်ပုံငွေထဲကနေ သုံးခွင့်ပေးဖို့ အမေရိကန် တရားရုံးချုပ်က ခွင့်ပြုပေးလိုက်ပါတယ်။

ဘယ်လိုခွင့်ပြုချက်ရခဲ့သလဲ

ထရမ့် တံတိုင်းတည်ဆောက်ရာမှာ ငွေမသုံးနိုင်အောင် ကယ်လီဖိုးနီးယား ပြည်နယ်က တရားသူကြီးက တားဆီးထားတာကို အခုလို ဗဟို တရားရုံးချုပ်က ငါးမဲ လေးမဲနဲ့ ပယ်ဖျက်ပြီး ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

အခုတည်ဆောက်မယ့် တံတိုင်းက အမေရိကန်နဲ့ မက္ကစီကို နိုင်ငံနယ်စပ်ကို ပိုင်းခြားမယ့် တံတိုင်းဖြစ်ပြီး ထရမ့်ရဲ့ ၂၀၁၆ ရွေးကောက်ပွဲတုန်းက အဓိက ရွေးကောက်ပွဲ ကတိ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အဲလို တည်ဆောက်မယ့်ကိစ္စကို ဒီမိုကရက်ပါတီဘက်ကတော့ အကြီးအကျယ် ကန့်ကွက်ထားတာ ဖြစ်ပါတယ်။

ဘယ်နေရာမှာ တံတိုင်းဆောက်မလဲ

အခုလို တရားရုံးချုပ်က ခွင့်ပြုပေးလိုက်တဲ့ အသုံးစရိတ်ကို ကယ်လီဖိုးနီးယား၊ အရီဇိုးနားနဲ့ နယူးမက္ကစီကို ပြည်နယ်က တံတိုင်းစီမံကိန်းတွေအတွက် သုံးနိုင်မှာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ကတော့ အဲဒါကို 'အောင်မြင်မှုကြီး' လို့ တွစ်တာမှာ ပြောလိုက်ပါတယ်။

နိုင်ငံတွင်းမှာ ရာဇဝတ်မှုတွေ ဖြစ်ပေါ်စေတာနဲ့ စီးပွားရေးကို အဟန့်အတား ဖြစ်စေတဲ့ နယ်စပ်က တရားမဝင်ခိုးဝင်တာတွေကို တားဆီးဖို့ တံတိုင်းအသစ်က အထောက်အကူ ဖြစ်မယ်လို့ သမ္မတ ထရမ့်ကတော့ ပြောထားတာပါ။

ဒီနှစ်အစောပိုင်းမှာတုန်းက ထရမ့်က အရေးပေါ် အခြေအနေ ကြေညာပြီး နိုင်ငံလုံခြုံရေးအတွက် တံတိုင်းဆောက်ဖို့ ဒေါ်လာ ၆ ဒဿမ ၇ ဘီလျံလိုတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပမာဏဟာ မိုင် ၂၀၀၀ အရှည်ရှိတဲ့ နယ်စပ်တလျှောက် တံတိုင်းဆောက်ရင် ကုန်ကျမယ်လို့ ခန့်မှန်းထားတဲ့ ကုန်ကျစရိတ် ၂၃ ဘီလျံထက်စာရင် အများကြီး လျော့နည်းနေသေးတာ ဖြစ်ပါတယ်။

နယ်စပ်လုံခြုံရေးဘာတွေရှိသေးလဲ

ဒီမိုကရက်တွေကတော့ သူတို့က နယ်စပ်လုံခြုံရေးကိစ္စကို ထောက်ခံပေမဲ့ တံတိုင်းဆောက်ဖို့ကတော့ အကုန်အကျများပြီး မထိရောက်တဲ့နည်းလမ်းဖြစ်လို့ သဘောမတူတာလို့ ဆိုပါတယ်။

သောကြာနေ့တုန်းကလည်း အမေရိကန်နဲ့ ဂွာတီမာလာတို့ အကြား နယ်စပ်ဖြတ်ကျော်အရေး သဘောတူညီမှုတစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဟွန်ဒူးရပ်စ်နဲ့ အယ်စလာဗေးဒေါ နိုင်ငံတွေက ဂွာတီမာလာကို ဖြတ်ပြီးလာမယ့် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူတွေကို အမေရိကန်ထိ တိုက်ရိုက်ဖြတ်သန်းခွင့်ပေးလိုက်မယ့်အစား ဂွာတီမာလာနိုင်ငံထဲမှာ အရင်ရပ်နားစောင့်ခိုင်းထားဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA

အမေရိကန် အစိုးရဘက်က စာရင်းတွေအရ လူ တစ်သိန်းကျော်ကို အနောက်တောင်ဘက်နယ်စပ်တလျှောက်မှာ ဇွန်လတုန်းက ဖမ်းမိခဲ့တယ်လို့ ပြောပါတယ်။ အဲဒါက မေလတုန်းကထက်စာရင် ၂၈ ရာခိုင်နှုန်း လျော့သွားတာလို့ ဆိုပါတယ်။

ထရမ့်အစိုးရက အဲဒီလို နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူတွေ ကျဆင်းသွာတာဟာ မက္ကစီကိုနဲ့ သဘောတူလိုက်တဲ့ မက္ကစီကိုဘက်မှာ လုံခြုံရေးတွေ တိုးချတာလို နယ်စပ်ဖြတ်ကျော် မူဝါဒသစ်တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နိုင်ငံရေး လေ့လာသူတွေကတော့ နွေရာသီကာလတွေမှာ နယ်စပ်ဖြတ်ကျော်သူတွေ ပုံမှန် လျော့နည်းလေ့ရှိတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂက နယ်စပ်ဖြတ်ကျော် ပျောက်ဆုံးသူတွေ အရေးဆောင်ရွက်တဲ့ စီမံကိန်းက ထုတ်ပြန်တဲ့ စာရင်းအရတော့ အမေရိကန်-မက္ကစီကို နယ်စပ်မှာ အခုနှစ်အတွင်း သေဆုံး/ပျောက်ဆုံးသူဟာ ကလေး ၁၃ ယောက် အပါအဝင် စုစုပေါင်း ၁၇၀ အထိ ရှိနေပြီလို့ သိရပါတယ်။

အမေရိကန်-မက္ကစီကို နယ်စပ်မှာ ဖမ်းမိတဲ့ ခိုးဝင်သူတွေဟာ အရင် ဆယ်စုနှစ်တွေနဲ့ ယှဉ်ရင် အများကြီး လျော့နည်းလာနေပြီ ဖြစ်ပါတယ်။

အဲဒီအရေအတွက်ဟာ ထရမ့် သမ္မတဖြစ်လာတဲ့ ပထမနှစ်မှာ ကျဆင်းသွားခဲ့ပြီး နောက်တစ်နှစ်မှာတော့ ပြန်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲလို ပြန်မမြင့်တက်လာခင်ကတည်းက နယ်စပ်က အခြေအနေတွေဟာ နိုင်ငံ လုံခြုံရေးအတွက် ပြဿနာဖြစ်နေပြီလို့ ထရမ့်က ပြောခဲ့ပါတယ်။