ဟောင်ကောင် ဆန္ဒပြသူတွေကို တရုတ်အစိုးရ ဘာလို့ အမျက်သင့်ခဲ့သလဲ

ဆန္ဒပြသူတွေနဲ့ ရဲနဲ့ထိပ်တိုက်တွေ့ ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြသူတွေနဲ့ ရဲနဲ့ထိပ်တိုက်တွေ့

ဟောင်ကောင်မှာ နှစ်လနီးပါး ဆက်တိုက်ဖြစ်နေခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြပွဲတွေကို တရုတ်အစိုးရက ဇူလိုင်လ ၂၉ ရက် တနင်္လာနေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက် ပြောကြားလိုက် ပါတယ်။

အဲဒီဆန္ဒပြပွဲတွေဟာ အင်မတန်ဆိုးဝါးတဲ့လုပ်ရပ်တွေဖြစ်ပြီး တရားဥပကဒေစိုးမိုးရေးကို အပြင်းအထန်ထိခိုက်စေတယ်လို့ တရုတ်ပြည်မကြီးရဲ့ ဟောင်ကောင်ရေးရာရုံး ပြောခွင့်ရ အမျိုးသမီးက ပြောလိုက်တာ ဖြစ်ပါတယ်။ ဟောင်ကောင်အစိုးရရဲ့ ထိပ်တန်းဦးစားပေးက လူမှုတည်ငြိမ်ရေးပြန်ရအောင် လုပ်ဖို့ ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။

ဟောင်ကောင်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ပြစ်တင်ရှုတ်ချတာမျိုး၊ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းကို ထောက်ခံကြောင်း ပြောကြားတာမျိုး အရင်က လုပ်ခဲ့ဖူး ပေမဲ့ အခုပြောကြားလိုက်ချက်ကတော့ တရုတ်အစိုးရထိပ်ဆုံးခေါင်းဆောင်တွေရဲ့ သဘောထားကို တိုက်ရိုက် ပထမဆုံး ထုတ်ပြလိုက်တာပဲလို့ တရုတ်ရေးရာ လေ့လာစောင့်ကြည့်သူတွေက ပြောကြပါတယ်။

ဟောင်ကောင်အစိုးရက သံသယတရားခံတွေကို ပြည်မကြီးကို လွှဲပြောင်းပေးပြီး အဲဒီမှာ တရားရင်ဆိုင်စေမယ့် ဥပဒေကြမ်းတစ်ရပ် ပြဌာန်းဖို့ ကြိုးပမ်းချက်ကို ဟောင်ကောင်ပြည်သူတွေက လူထုဆန္ဒပြပွဲကြီးတွေ ပြုလုပ်ကန့်ကွက်ခဲ့ကြပါတယ်။ စနေ၊ တနင်္ဂနွေတွေမှာ ဆန္ဒပြပွဲကြီးတွေ လုပ်လာတာ သီတင်းပတ် ရှစ်ပတ် ဆက်တိုက်ရှိပါပြီ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတွေနဲ့ တွန်းထိုးတိုက်ခိုက်မှုတွေ ရှိခဲ့လို့ ရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့သလို ရာဘာကျည်ဆံတွေနဲ့လည်း ပစ်ခတ်ခဲ့ပါတယ်။ မြို့ထဲက နေရာအနှံ့မှာလည်း အရံအတားတွေ ချထားပြီး လမ်းတွေ ပိတ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဇူလိုင် ၂၈ ရက်မှာ မြို့လယ် လမ်းမကြီးတွေပိတ်ဆို့ပစ်ပြီး ဆန္ဒပြခဲ့သူတွေ

တရုတ်က ဘာပြောလဲ

တနင်္လာနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်ပြည်မကြီးရဲ့ ဟောင်ကောင်နဲ့ မက္ကာအိုဆိုင်ရာရုံးပြောခွင့်ရ ယန်ဂွမ်းက ဟောင်ကောင်မှာ အစွန်းရောက်လူစုက ကျူးလွန်ခဲ့တဲ့ ဆိုးညစ်ယုတ်မာတဲ့ ရာဇဝတ်မှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းပြောခဲ့ပါတယ်။

ဟောင်ကောင်လူထုအနေနဲ့လည်း လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်တွေရဲ့ လေးနက်မှုကို သဘောပေါက်ဖို့လိုတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption တရုတ်ပြည်မကြီးရဲ့ ဟောင်ကောင်နဲ့ မက္ကာအိုဆိုင်ရာရုံးကနေ တရုတ်အစိုးရရဲ့ သဘောထားကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြော

ပြောခွင့်ရ အမျိုးသမီး ရှူလူရင်းကလည်း ဟောင်ကောင်အစိုးရရဲ့ အဓိက ဦးစားပေးလုပ်ရမယ့် အလုပ်က အကြမ်းဖက်ပြီး ဥပဒေနဲ့ မညီတဲ့လုပ်ရပ်တွေကို တရားဥပဒေအတိုင်း အပြစ်ပေးဖို့၊ လူမှုတည်ငြိမ်ရေးကို အမြန်ဆုံးပြန်ရအောင်လုပ်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ကောင်းမွန်တဲ့ အနေအထားတွေကို မပျက်အောင် ထိန်းသိမ်းထားဖို့လိုတယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်အစိုးရဘက်က ပြောကြားခဲ့တဲ့ သဘောထားတွေထဲမှာ

  • ဟောင်ကောင်အစိုးရကို တရုတ်ပြည်မကြီးအစိုးရက အပြည့်အဝထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သလို
  • အကြမ်းဖက်မှုတွေကို ဟောင်ကောင်ပြည်သားတွေက ချွင်းချက်မရှိ ဆန့်ကျင်ကြဖို့ တိုက်တွန်းလိုက်ပြီး
  • ဟောင်ကောင် ရဲတပ်ဖွဲ့ကို ထောက်ခံကြောင်းလည်း ပြောကြားခဲ့ပါတယ်။
  • နောက်ပြီး ဟောင်ကောင်မှာ တိုးတက်ပျံ့နှံ့လာနေတဲ့ တင်းမာမှုတွေဟာ တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို တားဆီးချင်နေတဲ့ အနောက်နိုင်ငံတွေက တာဝန်မဲ့သူတွေရဲ့ လုပ်ရပ်အဖြစ်လည်း အပြစ်တင်ခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်မကြီးရဲ့ဆက်ဆံရေးရုံးနားမှာ ထိပ်တိုက်တွေ့တဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့

ဆန္ဒပြသူတွေက ဟောင်ကောင်ဥပဒေပြုကောင်စီရုံးကို အတင်းဝင်ရောက်စီးနင်းတာတွေ၊ နောက်တစ်ခါ ဟောင်ကောင်မှာရှိတဲ့ တရုတ်အစိုးရရဲ့ ဆက်ဆံရေးရုံးက တရုတ်ရဲ့ နိုင်ငံတော်တံဆိပ်ကို ဖျက်ဆီးခဲ့တာတွေ အပေါ် တရုတ်အစိုးရဘက်က အမျက်ထွက်ခဲ့ပါတယ်။

ဆန္ဒပြမှုတွေကို ထောက်ခံတဲ့ ဟောင်ကောင်လွှတ်တော်အမတ် ကလော်ဒီယာမိုကတော့ အခုလို တရုတ်အစိုးရဘက်က ပြောဆိုလာတာတွေကို ဆန္ဒပြသူတွေက ပိုပြီး တင်းမာစွာတုံ့ပြန်လာစေနိုင်မယ်လို့ ဆိုပါတယ်။

"တရုတ်ရဲ့ အပြောဟာ ဒီက မီးတွေကို ပိုပြီး တောက်လောင်လာအောင် လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားမှာ စိုးရိမ်ပါတယ်။ တရုတ်က ကယ်ရီလမ်းကို ထောက်ခံတယ်၊ ရဲတပ်ဖွဲ့ကို ထောက်ခံတယ်လို့ အခိုင်အမာထုတ်ပြောလာတာဟာ ဟောင်ကောင်ကို ကွဲပြားအောင်လုပ်လိုက်သလိုပါပဲ" လို့ သူက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်အစိုးရ ဆက်ဆံရေးရုံးက တရုတ်ရဲ့ နိုင်ငံတော်တံဆိပ်ကို ဖျက်ဆီးခဲ့

ဟောင်ကောင် ဘက်ပတစ်တက္ကသိုလ်က သတင်းပညာ အကြီးတန်းကထိက ဘရုစ်လွီကလည်း ဟောင်ကောင်နဲ့ ပတ်သက်ရင် အရင်က တရုတ်ရဲ့ ဟောင်ကောင်ရေးရာရုံးက အခုလိုမျိုး သတင်းစာရှင်းလင်းပွဲခေါ်ပြီး ထုတ်ပြောတာတစ်ခါမှ မရှိခဲ့ဖူးဘူးလို့ဆိုပါတယ်။

"တရုတ်ဘက်ကတော့ အရင်က ပြောထားတာကို ထပ်ပြီး အခိုင်အမာပြောတာပါပဲ။ အကြမ်းဖက်မှုတွေကို ရှုတ်ချတယ်။ ကယ်ရီလမ်းနဲ့ ရဲတပ်ဖွဲကို ထောက်ခံတယ်။ ဒါပေမယ့် တရုတ်ရဲ့ စစ်တပ် ပီအယ်အေကို ထုတ်သုံးမလားဆိုတဲ့ အမေးကို တော့ ပြောခွင့်ရသူတွေက ရှောင်ပြီး ဖြေသွားပါတယ်။"

ဟောင်ကောင်မှာ တရုတ်ရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ပီအယ်အေ) တပ်တွေ ချထားတာရှိပေမယ့် ပြည်တွင်းရေးတွေကတော့ ဝင်စွက်လေ့မရှိပါဘူး။ ဒါပေမယ့် ဟောင်ကောင်မှာ တည်ငြိမ်အောင်ထိန်းဖို့ လိုလာရင်၊ သဘာဝ ဘေးအန္တရာယ်တွေရှိလာရင်တော့ အစိုးရက ပီအယ်အေတပ်တွေဆီက အကူအညီယူနိုင်တယ်လို့ ဥပေဒမှာ ပြဌာန်းထားပါတယ်။

တရုတ်ရဲ့ နှစ်ခွနည်းဗျူဟာ

စီလီယာဟက်တန်၊ ဘီဘီစီသတင်း

ဟောင်ကောင်မှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေကို ထိန်းသိမ်းဖို့ တရုတ်က ကြိုးစားတဲ့နေရာမှာ နှစ်ခွ နည်းဗျူဟာကို သုံးနေပုံရပါတယ်။

ဟောင်ကောင်နေလူထုက ဘာလို့ ဆန္ဒပြနေကြသလဲဆိုတာနဲ့ ပတ်သက်ပြီး တရုတ်ဘက်က သူတို့ ယူဆချက်ကို ထုတ်ပြောပါတယ်။ ပြည်ပက အင်အားစုတွေရဲ့ သြဇာခံ "အစွန်းရောက်လူနည်းစု" က လုပ်နေတာလို့ သူတို့က ဆိုပါတယ်။ တစ်ဘက်မှာတော့လည်း သူတို့ တိုက်ရိုက်စွက်ဖက်ရာ မရောက်အောင် ဟောင်ကောင် အာဏာပိုင်တွေကို ထောက်ခံပါတယ်လို့ ပြောပြန်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားကြတဲ့ ပြောခွင့်ရသူတွေက "သတ္တိပြောင်မြောက်တဲ့" ဟောင်ကောင်ရဲတပ်ဖွဲ့ကို အကြိမ်ကြိမ် ချီးကျူးသွားပါတယ်။ ဒါပေမယ့် တရုတ်တပ်ဖွဲ့တွေက ဝင်ရှင်းလင်းတော့မလားဆိုတဲ့ အမေးကိုတော့ ပြောခွင့်ရသူတွေက ရှောင်ဖယ်ပြီး မဖြေဘဲ နေသွားကြပါတယ်။

သူတို့က ဟောင်ကောင်က လူငယ်တွေရဲ့ မကျေနပ်မှုကိုလည်း နားလည်နိုင်တဲ့ အကြောင်း၊ တန်ဖိုးသင့် နေစရာအိမ်တွေရဖို့၊ အလုပ်အကိုင်ဖန်တီးပေးဖို့ ပိုပြီး လုပ်ပေးဖို့ လိုတဲ့အကြောင်းလည်း ပြောသွားကြပါတယ်။

ဒါပေမယ့် ဟောင်ကောင်မှာ ပြဿနာတွေ ဘာလို့ ဖြစ်ရတယ်ဆိုတာ တရုတ်အစိုးရ နားလည်ထားပုံ အကြောင်းကို အတော်များများ ထည့်ပြောသွားတာလည်း တွေ့ရပါတယ်။ သူတို့က အနောက်နိုင်ငံတွေက "တာဝန်မဲ့ပုဂ္ဂိုလ်တွေ" ဟာ ဒီကိစ္စကို လှုံ့ဆော်သူတွေအဖြစ် အကြိမ်ကြိမ်အပြစ်ချခဲ့ပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းကို ထောက်ခံသူတွေ အများကြီး ရှိကြပြီး အဲဒီလူတွေဟာ "တိတ်တဆိတ် နေနေကြရသူတွေ" ဖြစ်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။

အခုပြောသွားကြပုံတွေကို ကြည့်ရင် တရုတ်အစိုးရဟာ သူတို့အပေါ် မယုံကြည်သူတွေကို စည်းရုံးဖို့တောင် ကြိုးစားသွားပုံ မတွေ့ရပါဘူး။

သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာတွေဟာ တရုတ်အစိုးရပိုင် မီဒီယာတွေမှာ ဖော်ပြခဲ့ပြီးသား သဘောထားတွေကို ထပ်ပြောသွားတာတွေပဲ ဖြစ်ပါတယ်။ မီဒီယာတွေကိုတွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲနဲ့ ရှင်းပြတဲ့ လုပ်နည်းလုပ်ဟန်က အသစ်ပါ၊ ဒါပေမယ့် ပြောသွားတဲ့ သဘောထားအမြင်တွေမှာတော့ ဘာမှ အပြောင်းအလဲ ရှိတာ မတွေ့ခဲ့ရပါဘူး။