ကက်ရှ်မီးယားမှာ ဘာတွေဖြစ်ခဲ့သလဲ။ ဘာ့ကြောင့် အရေးကြီးသလဲ။

အိန္ဒိယ၊ ကက်ရှ်မီးယား၊ ပါကစ္စတန် ဓာတ်ပုံ မူပိုင် Getty Images
Image caption အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် ထောက်ခံသူတွေရော၊ ကန့်ကွက်သူတွေပါ ရှိခဲ့

အိန္ဒိယနိုင်ငံ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြုထားတာကို ပယ်ဖျက်ဖို့ နှစ်ပေါင်း ၇၀ အကြာမှာ BJP ပါတီ ဦးဆောင်တဲ့ အိန္ဒိယအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။

ဒါဟာ သမိုင်းဝင် အမှားကြီးတစ်ခုကို ပြန်ပြင်တာလို့ ဆိုပါတယ်။

ဘာ့ကြောင့် ဒီလိုဆုံးဖြတ်လိုက်တာလဲ။ ဒီဆုံးဖြတ်ချက်ဟာ ဘယ်လောက်တောင် အရေးပါသလဲဆိုတာ ဒေလီမြို့က ဘီဘီစီသတင်းထောက် ဂီတာ ပန်ဒီးက အခုလို ရှင်းပြထားပါတယ်။

ကက်ရှ်မီးယား အရေးဟာ ဘာ့ကြောင့် အချေအတင် အငြင်းပွားစရာ ဖြစ်နေရတာလဲ

ဟိမဝန္တာဒေသမှာ ရှိတဲ့ ကက်ရှ်မီးယားပြည်နယ်ကို အိန္ဒိယကရော ပါကစ္စတန်ကပါ သူတို့အပြည့်အဝ ပိုင်ဆိုင်တယ်လို့ ပြောနေကြတာပါ။

အဲဒီနေရာဟာ တချိန်က ဂျမူးနဲ့ ကက်ရှ်မီးယားလို့ ခေါ်တဲ့ စော်ဘွားပိုင် ပြည်နယ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဗြိတိသျှ ကိုလိုနီစနစ် ပျက်သုဉ်းသွားခဲ့ချိန် ၁၉၄၇ ခုနှစ်မှာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်ပိုင်း ပိုင်းခြား သတ်မှတ်ခဲ့စဉ် အိန္ဒိယနိုင်ငံဘက်အခြမ်းကို ပူးပေါင်းခဲ့ပါတယ်။

ဒီပြည်နယ်ကို ပိုင်ဆိုင်နိုင်ဖို့ အိန္ဒိယနဲ့ ပါကစ္စတန်အကြား စစ်ပွဲတွေ ဖြစ်ခဲ့ကြအပြီးမှာ အပစ်ရပ်ဇုန် နယ်နိမိတ် စည်းမျဉ်းဆွဲပြီး ကိုယ့်သီးခြား ပိုင်နက်နဲ့ကိုယ် အုပ်ချုပ်ဖို့ သဘောတူခဲ့ကြပါတယ်။

အိန္ဒိယအစိုးရ အုပ်ချုပ်တဲ့ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်ဘက် အခြမ်းမှာ အိန္ဒိယ အစိုးရကို ဆန့်ကျင်တဲ့ ခွဲထွက်ရေး ပုန်ကန်ထကြွမှုကြောင့် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာ နှစ်ပေါင်း ၃၀ လောက် ရှိနေပါပြီ။

အခု ဘယ်လို ဖြစ်ခဲ့တာလဲ

သြဂုတ်လ အစပိုင်း ရက်တွေလောက်မှာ ကက်ရှ်မီးယားဒေသမှာ တစ်ခုခု ပြင်ဆင်နေတဲ့ အရိပ်အယောင်တွေ တွေ့ခဲ့ရပါတယ်။

အိန္ဒိယတပ်ဖွဲ့ဝင် ထောင်သောင်းချီပြီး ထပ်အားဖြည့် ချထားတာ၊ ဟိန္ဒူ ဘုရားပွဲကြီးတစ်ခုကို ဆိုင်းငံ့လိုက်တာ၊ ကျောင်းတွေ ကောလိပ်တွေ ပိတ်လိုက်တာ၊ ကမ္ဘာလှည့်ခရီးသွားတွေ ထွက်ခွာကြဖို့ ညွှန်ကြားတာ၊ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်လိုက်တာ၊ နိုင်ငံရေး ခေါင်းဆောင်တွေကို အကျယ်ချုပ် ချလိုက်တာ တွေကို တွေ့ခဲ့ရပါတယ်။

ဒါဟာ ပြည်နယ်မှာ နေထိုင်နေတဲ့သူတွေကို အထူးအခွင့်အရေးတွေ ပေးထားတဲ့ အိန္ဒိယ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅ (က) ကို ဖျက်သိမ်းတော့မယ့် လက္ခဏာလို့ အများစုက ထင်ကြေးပေး ပြောဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ တကယ်တန်းမှာတော့ ပုဒ်မ ၃၅ (က) ပါဝင်တဲ့ ဥပဒေပုဒ်မ ၃၇၀ ပါ အချက်တွေ အားလုံး နီးပါးလောက်ကို ဖျက်သိမ်းတော့မယ်လို့ အိန္ဒိယ အစိုးရက ထုတ်ဖော် ပြောလိုက်တဲ့အတွက် အားလုံး အံ့အားသင့်သွား ခဲ့ရပါတယ်။ ကက်ရှ်မီးယားနဲ့ အိန္ဒိယအစိုးရအကြား နှစ်ပေါင်း ၇၀ ကြာ နက်နဲရှုပ်ထွေးတဲ့ ဆက်ဆံရေးရဲ့ အရင်းခံ ဇစ်မြစ်ဟာ အဲဒီ ပုဒ်မ ၃၇၀ ကို အခြေခံတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၈ ခုနှစ်တုန်းက အိန္ဒိယအစိုးရ အုပ်ချုပ်တဲ့ ကက်ရှ်မီးယား ပြည်နယ်ဘက် အပိုင်းက ဆရီနာဂါမြို့မှာ ဒေသခံ ဆန္ဒပြသူတွေနဲ့ အစိုးရ တပ်ဖွဲ့တွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့စဉ်

ပုဒ်မ ၃၇၀ က ဘယ်လောက် အရေးပါသလဲ

ပုဒ်မ ၃၇၀ အရ ကက်ရှ်မီးယား ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိပြီး ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ကိုယ်ပိုင် အလံနဲ့ ကိုယ်ပိုင် စည်းမျဉ်း ဥပဒေကို ကိုယ်တိုင် ရေးဆွဲနိုင်ခွင့် ရထားခဲ့ပါတယ်။ နိုင်ငံခြားရေးရာ၊ ကာကွယ်ရေးနဲ့ ဆက်သွယ်ရေး ကဏ္ဍတွေကိုတော့ ဗဟို အစိုးရက ချုပ်ကိုင်ထားပါတယ်။

အကျိုးဆက်အနေနဲ့ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်ဟာ အမြဲတမ်း နေထိုင်ခွင့်၊ အိမ်မြေ ပိုင်ဆိုင်ခွင့်နဲ့ အခြေခံ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို သူတို့ကိုယ်တိုင် ရေးဆွဲနိုင်ခွင့် ရထားပါတယ်။ အဲဒီ ဥပဒေအရ ပြည်နယ်ရဲ့ အပြင်ဘက်က အိန္ဒိယနိုင်ငံသားတွေကို အဲဒီမှာ အိမ်မြေ လာရောက် ဝယ်ယူပြီး အခြေချ နေထိုင်ခွင့် တားမြစ်ထားပါတယ်။

အိန္ဒိယနဲ့ ပူးပေါင်းတဲ့ ပြည်နယ်တွေထဲမှာ ကက်ရှ်မီးယားပြည်နယ်ဟာ မွတ်ဆလင်တွေ အများစုနေထိုင်တဲ့ တစ်ခုတည်းသော ပြည်နယ်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဒီပြဌာန်းချက်ကြောင့် ဒေသခံတွေနဲ့ အိန္ဒိယအစိုးရအကြား မကြာခဏ ဆိုသလို ရန်လိုမုန်းတီးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

အိန္ဒိယအစိုးရက ဘာ့ကြောင့် ဒီဥပဒေကို ဖျက်သိမ်းခဲ့တာလဲ

ဝန်ကြီးချုပ် နရန်ဒရာ မိုဒီနဲ့ ဟိန္ဒူ အမျိုးသားရေးဝါဒီ BJP ပါတီဟာ ပုဒ်မ ၃၇၀ ကို ဆန့်ကျင် ကန့်ကွက်နေတာ ဟိုးအချိန်ကတည်းက ဖြစ်ပါတယ်။ ဒီဥပဒေကို ဖျက်သိမ်းပစ်ရေးဟာ BJP ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာချက် တစ်ခု ဖြစ်ခဲ့ပါတယ်။

ကက်ရှ်မီးယား ပြည်နယ်ကို တခြားပြည်နယ်တွေနဲ့ တသားတည်း ဖြစ်အောင်နဲ့ ကျန်တဲ့ ပြည်နယ်တွေလိုပဲ အလားတူ စည်းမျဉ်း ဥပဒေ ချမှတ်နိုင်အောင်အတွက် ဒီဥပဒေ ပုဒ်မ ၃၇၀ ကို ဖျက်သိမ်းဖို့ လိုတယ်လို့ သူတို့က ပြောနေတာပါ။ ပြီးခဲ့တဲ့ ဧပြီ-မေ ရွေးကောက်ပွဲမှာ အနိုင်ရအပြီး တစ်ကျော့ပြန် အာဏာ ရလာခဲ့တဲ့ BJP ပါတီ အနေနဲ့ အချိန်ဆွဲ မနေတော့ဘဲ သူတို့ရဲ့ မဲဆွယ်ပွဲ ကတိကို အကောင်အထည်ဖော်ဖို့ အခုလို လုပ်ခဲ့တာပါ။

နိုင်ငံရေး အကဲခတ်တွေကတော့ ဒီဆုံးဖြတ်ချက်ဟာ အိန္ဒိယနိုင်ငံ လောလောဆယ် ရင်ဆိုင်နေရတဲ့ စီးပွားရေး နှေးကွေးမှု ပြဿနာကို အာရုံလွှဲဖို့ အစိုးရက လုပ်တာလို့ ဆိုပါတယ်။

ကက်ရှ်မီးယား ဒေသခံ အတော်များများကတော့ ဒါဟာ BJP ပါတီ အစိုးရအနေနဲ့ ကက်ရှ်မီးယား ဒေသခံ မဟုတ်သူတွေကို အဲဒီမှာ အိမ်မြေ ဝယ်ယူခွင့် ပြုပြီး မွတ်ဆလင်အများစု နေထိုင်နေတဲ့ သူတို့ဒေသရဲ့ လူဦးရေ အချိုးအစားကို လုံးဝ ပြောင်းလဲပစ်ဖို့ ဆန္ဒရှိနေတယ်လို့ ယူဆနေကြပါတယ်။

တနင်္လာနေ့တုန်းက ပါလီမန်မှာ ပြည်ထဲရေးဝန်ကြီး အမစ် ရှား ထုတ်ဖော် ကြေညာခဲ့တဲ့ ဒီဆုံးဖြတ်ချက်ဟာ အိန္ဒိယ ပြည်သူ အများစုအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပေမဲ့ ဒီလို ဆုံးဖြတ်ချက် ရဖို့အရေးကို အိန္ဒိယအစိုးရအနေနဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေ အတော် လုပ်ခဲ့ရမှာပါ။

ဒီဆုံးဖြတ်ချက်ဟာ ကက်ရှ်မီးယား အရေးနဲ့ ပါကစ္စတန်နိုင်ငံအပေါ် တင်းကျပ်တဲ့ မူဝါဒ ထားရှိလိုနေတဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ ဆန္ဒနဲ့လည်း ကိုက်ညီနေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပုဒ်မ ၃၇၀ ဖျက်သိမ်းကြောင်း ကြေညာအပြီး အောင်ပွဲခံနေကြတဲ့ ဟိန္ဒူ ဆီနာ အဖွဲ့ဝင်တွေကို ဒေလီမြို့မှာ တွေ့ရစဉ်

တကယ့်လက်တွေ့မှာ ဘာတွေ ပြောင်းလဲသွားခဲ့သလဲ

ကက်ရှ်မီးယား ပြည်နယ်မှာ သီးခြား ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိတော့မှာ မဟုတ်ဘဲ တခြား ပြည်နယ် အတော်များများလိုပဲ အိန္ဒိယ အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ရဖို့ ရှိပါတယ်။

အိန္ဒိယနိုင်ငံက ဥပဒေတွေအားလုံး ကက်ရှ်မီးယား ဒေသခံတွေအပေါ် သက်ရောက်မှာ ဖြစ်ပြီး ကက်ရှ်မီးယားပြည်နယ် ပြင်ပက လူတွေ ပြည်နယ်ထဲမှာ အိမ်မြေ ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် အဲဒီဒေသမှာ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာလိမ့်မယ်လို့ အစိုးရက ပြောနေပါတယ်။

"ပုဒ်မ ၃၇၀ နဲ့ ပုဒ်မ ၃၅ (က) ကြောင့် ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်ကို ဘယ်လို ထိခိုက်နေသလဲဆိုတာ ပြောပြချင်ပါတယ်။ ဒီပုဒ်မတွေကြောင့် အဲဒီမှာ ဒီမိုကရေစီ စနစ်ကို အပြည့်အဝ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ အဂတိလိုက်စားမှုတွေ တိုးပွားလာနေပြီး တိုးတက်ဖြစ်ထွန်းရေးကို လုံးဝ မဆောင်ရွက်နိုင်ခဲ့ပါဘူး" လို့ မစ္စတာ ရှားက ပါလီမန်မှာ ပြောသွားခဲ့ပါတယ်။

ကက်ရှ်မီးယား ပဋိပက္ခ ဘယ်လောက်စိုးရိမ်ရသလဲ

ဒါ့အပြင် အိန္ဒိယ အစိုးရဟာ ကက်ရှ်မီးယားပြည်နယ်ကို ဖယ်ဒရယ်စနစ်နဲ့ အုပ်ချုပ်တဲ့ နယ်မြေငယ် နှစ်ခုအဖြစ် ခွဲခြား သတ်မှတ်နိုင်ဖို့ကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ မွတ်ဆလင် အများစု နေထိုင်တဲ့ ကက်ရှ်မီးယားနဲ့ ဟိန္ဒူ အများစု နေထိုင်တဲ့ ဂျမူးကို ပူးပေါင်းပြီး နယ်မြေတစ်ခု အဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။ တိဘက်နိုင်ငံနဲ့ ယဉ်ကျေးမှုထုံးတမ်း၊ သမိုင်းကြောင်း အစဉ်အလာ နီးစပ်တဲ့ ဗုဒ္ဓဘာသာဝင်တွေ အများစု နေထိုင်ရာ လဒက်ခ်ကို နောက်နယ်မြေတစ်ခုအဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။

အတိုက်အခံ ကွန်ဂရက် ပါတီက အဆင့်မြင့် ခေါင်းဆောင် ပီ ချီဒမ်ဘာရမ် ကတော့ ဒီဆုံးဖြတ်ချက်ဟာ ကပ်ဘေးဆိုက်နိုင်မယ့် လုပ်ဆောင်ချက် ဖြစ်တယ်လို့ ဖော်ညွှန်းပြောဆိုလိုက်ပြီး ဆိုးဝါးတဲ့ အကျိုးဆက်တွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ပါလီမန်မှာ ပြောသွားခဲ့ပါတယ်။

"အောင်ပွဲခံနိုင်ခဲ့တယ်လို့ ယူဆကောင်း ယူဆပါလိမ့်မယ်၊ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ သိပ်ကိုမှားတယ် ဆိုတာ သမိုင်းက သက်သေပြပါလိမ့်မယ်။ ပါလီမန်မှာ ဒီကနေ့ ဆုံးဖြတ်ချက်ဟာ ဘယ်လောက် ဆိုးဝါးတဲ့ အမှားကြီးလဲ ဆိုတာ နောင်လာမယ့် မျိုးဆက်တွေက သဘောပေါက်ကြပါလိမ့်မယ်" လို့ သူက ပြောသွားပါတယ်။

ဒီလို ဆုံးဖြတ်တာဟာ ဥပဒေနဲ့ ညီသလား

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပုဒ်မ ၃၇၀ ကို ပြည်နယ်အစိုးရရဲ့ သဘောတူချက်နဲ့သာ ပြင်ဆင်မှုတွေ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ပြောပိုင်ခွင့် သိပ်မရှိတာ တစ်နှစ်ကျော်လောက် ရှိနေပါပြီ။

ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက အဲဒီအချိန်က ပြည်နယ်ဝန်ကြီးချုပ် မယ်ဘူဘာ မပ်ဖ်တီရဲ့ အစိုးရဟာ အမတ်အနည်းစု နဲ့ အစိုးရဖွဲ့ထားရတဲ့ အခြေအနေရောက်ခဲ့အပြီးမှာ အိန္ဒိယအစိုးရက ပြည်နယ်ကို ဖယ်ဒရယ် အုပ်ချုပ်မှု ပြဌာန်းခဲ့ပါတယ်။ အဲဒီအတွက် ဖယ်ဒရယ် အစိုးရအနေနဲ့ သူတို့ တင်မြှောက်ထားတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ သဘောတူချက်ကိုပဲ ရယူဖို့ လိုမှာ ဖြစ်ပါတယ်။

ပြင်ဆင်ပြောင်းလဲမှုတွေကို လုပ်ပိုင်ခွင့်အရ လုပ်တာ ဖြစ်ပြီး အရင်ကလည်း ဖယ်ဒရယ် အစိုးရတွေအနေနဲ့ အလားတူ ဆုံးဖြတ်ချက်မျိုးတွေ ချခဲ့ဖူးတယ်လို့ အိန္ဒိယ အစိုးရက ပြောပါတယ်။

ဒါပေမဲ့ ဒါနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေအကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ဆပ်ဟက်ရှ် ကက်ရှ်ယက်က ဒီဆုံးဖြတ်ချက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီသလို ဥပဒေကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ချွတ်ယွင်းချက် တစုံတရာ မတွေ့ရဘူးလို့ ANI သတင်းဌာနကို ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း နောက်ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ အေဂျီ နူရာနီ ကတော့ ဥပဒေနဲ့ မညီဘဲ ဆုံးဖြတ်ချက် ချတာဟာ လိမ်လည်မှု ကျူးလွန်တာနဲ့ အတူတူပဲ ဖြစ်ပြီး တရားရုံးချုပ်မှာ တရားစွဲခံရနိုင်ဖွယ် ရှိတယ်လို့ ဘီဘီစီ ဟင်ဒီ ဌာနကို ပြောပါတယ်။

အတိုက်အခံ နိုင်ငံရေး ပါတီတွေက ဒီဆုံးဖြတ်ချက်ကို ဥပဒေကြောင်းအရ စိန်ခေါ်နိုင်ဖွယ် ရှိပါတယ်။ ဒါပေမဲ့ ကက်ရှ်မီးယား အရေးဟာ အိန္ဒိယပြည်သူ အတော်များများအတွက် စိတ်ခံစားမှုပိုင်း လှုံ့ဆော်စေတဲ့ ကိစ္စရပ် ဖြစ်တာမို့ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်မယ် ဆိုရင် အိန္ဒိယ ဆန့်ကျင်တယ်လို့ အစွပ်စွဲခံရနိုင်မှာကို နိုင်ငံရေး ပါတီတွေက စိုးရိမ်ကြမှာပါ။

ဒါ့ကြောင့် လူပုဂ္ဂိုလ် တဦးချင်းသော်လည်းကောင်း၊ လှုပ်ရှားတက်ကြွသူတွေက သော်လည်းကောင်း ဒီကိစ္စကို လက်ရှောင်ကြဖို့ များပါတယ်။

ဆက်စပ် အကြောင်းအရာများ