တရုတ်ငွေတန်ဖိုး ဘာကြောင့်ကျနေရသလဲ၊ ကမ္ဘာ့စီးပွားရေးကို ဘယ်လိုရိုက်ခတ်သလဲ

တရုတ်ယွမ်ငွေ ဓာတ်ပုံ မူပိုင် Getty Images

တရုတ်ငွေကြေးရဲ့ တန်ဖိုးက ဆယ်စုနှစ်တစ်ခုကျော်အတွင်းမှာ အနိမ့်ဆုံးကို ရောက်နေပါပြီ။ အဲဒါကြောင့် တရုတ်ဟာ ငွေတန်ဖိုးကို ကစားပြီး ဈေးကွက်ကို ကြိုးကိုင်နေသူလို့ အမေရိကန်က ပြောလိုက် ပါတယ်။

အမေရိကန်က သြဂုတ် ၅ ရက် တနင်္လာနေ့မှာ အဲဒီလို ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးအဖြစ် အမေရိကန် တစ်ဒေါ်လာကို တရုတ် ငွေ ၇ ယွမ် အောက် ရောက်သွား အပြီးမှာ အမေရိကန်က အခုလို ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီအခြေအနေက ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီး နှစ်ခုကြားက တင်းမာမှုတွေကို ပိုပြင်းထန်လာစေပါတယ်။

အရင်တုန်းကတော့ တရုတ်ယွမ်ငွေကို သတ်မှတ်ထားတဲ့ တန်ဖိုးအောက် မရောက်အောင် တရုတ်အစိုးရက ကြိုးစားခဲ့ဖူးပါတယ်။

ဒါပေမဲ့ အမေရိကန်ဘက်က ကုန်သွယ်ခွန်တွေ တိုးကောက်တဲ့ ထိုးနှက်ချက်နဲ့အတူ ကုန်သွယ်ရေး စစ်ပွဲ အရှိန်မြင့်လာသလို မူဝါဒတွေလည်း ပြောင်းလဲလာတာကို တွေ့ရပါတယ်။

အမေရိကန်ရဲ့ တစ်ဘက်သတ်ဆန်မှု၊ ကုန်သွယ်ရေးကို ကာကွယ်ဖို့ လုပ်ဆောင်ချက်နဲ့ တရုတ်အပေါ် အခွန်တွေ တိုးမြှင့်တာတွေကြောင့် တရုတ် ငွေတန်ဖိုး ကျရတာလို့ တရုတ် ဗဟိုဘဏ်က ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ကို ကုန်သွယ်ခွန်တွေ ချမှတ်မယ့်အကြောင်း ပြောအပြီး ရက်ပိုင်းအတွင်း တရုတ်ဘက်က အခုလို ပြောဆို တုံ့ပြန်ခဲ့တာပါ။

ထရမ့်က တရုတ် ကုန်ပစ္စည်း ဒေါ်လာ ၃၀၀ ဘီလျံဖိုးကို ကုန်သွယ်ခွန် ၁၀ ရာခိုင်နှုန်း ကောက်တာမျိုး လုပ်မယ်လို့ဆိုပြီး အဲဒါက အမေရိကန်ကို တင်ပို့သမျှ တရုတ် ပို့ကုန်တွေ အားလုံးမှာ သက်ရောက်မှာ ဖြစ်ပါတယ်။

တရုတ်က ငွေတန်ဖိုးကို ဘယ်လို ချခဲ့သလဲ

ယွမ်ကို ဈေးကွက်ထဲမှာ လွတ်လွတ်လပ်လပ် ရောင်းဝယ်လို့ ရတာမဟုတ်ဘဲ တရုတ်အစိုးရက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာနဲ့ လဲလှယ်နှုန်းကို တရုတ် အစိုးရက ထိန်းချုပ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

တခြားနိုင်ငံတွေက ဗဟိုဘဏ်တွေ အများစုလို တရုတ် ဗဟိုဘဏ်က အစိုးရရဲ့ ထိန်းချုပ်မှု လွတ်ကင်းပြီး ကိုယ်တိုင် လည်ပတ်နိုင်တာမျိုး မရှိပါဘူး။ ငွေတန်ဖိုး သတ်မှတ်တာမှာ အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်လာရင် အစိုးရက ဝင်ဆုံးဖြတ်နေတာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကုန်သွယ်ရေးကို ကာကွယ်ဖို့ လုပ်ဆောင်ချက်နဲ့ တရုတ်အပေါ် အခွန်တွေ တိုးမြှင့်တာတွေကြောင့် တရုတ် ငွေတန်ဖိုး ကျရတာလို့ဆို

ငွေကြေးဆိုင်ရာ အကြီးတန်း စီးပွားရေး ပညာရှင် ဂျူလီယန် အီဗန် ပရစ်ချတ်က တရုတ်ငွေ တန်ဖိုးချတာနဲ့ ကုန်သွယ်ခွန် ကောက်ခံမှု ခြိမ်းခြောက်မှုတွေကို ချိတ်ဆက်သုံးသပ်ပြပါတယ်။ ငွေတန်ဖိုးကျအောင် တိုက်ရိုက် ဝင်စွက် ကြိုဖန်တီးထားတာ မဟုတ်တောင်မှ ငွေလဲလှယ်နှုန်းကို လက်နက်အဖြစ် တရုတ် ဗဟိုဘဏ်က ကောင်းကောင်းသုံးနေနိုင်တယ်လို့ ဆိုပါတယ်။

ယွမ်တန်ဖိုးချထားတာက ဘာတွေမှာ ရိုက်ခတ်မှု ရှိသလဲ

တရုတ်ငွေတန်ဖိုး နှိမ့်ထားတာက တရုတ် ပို့ကုန်တွေကို ဈေးကွက်မှာ ပိုအသာစီးရစေပါတယ်။ တနည်းအားဖြင့် တခြား ငွေကြေးတွေနဲ့ ဝယ်တဲ့အခါ တရုတ်ကုန်တွေ ပိုပြီး များများရစေပါတယ်။

အဲဒါကို အမေရိကန်ဘက်က အမြင်ကတော့ တရုတ်ပို့ကုန်တွေကို အခွန်တိုးမြှင့်ကောက်တာကို အလုပ်မဖြစ်တော့အောင် လုပ်တဲ့ ခြေလှမ်းလို့ မြင်ပါတယ်။

အဲဒီလို လုပ်လိုက်လို့ ကမ္ဘာတဝန်းက စားသုံးသူတွေ တရုတ်ထုတ်ကုန်တွေကို ဈေးသက်သက်သာသာနဲ့ ဝယ်လာနိုင်တာနဲ့အတူ တခြား ပြဿနာတွေပါ ဖြစ်လာစေပါတယ်။

အခြားတစ်ဘက်မှာတော့ တရုတ်ယွမ်ဈေးကျနေတာက တရုတ်ကို သွင်းမယ့် သွင်းကုန်တွေ အတွက်ကျတော့ ဈေးတွေကြီးကုန်ပါတယ်။ အဲဒါက ငွေကြေးဖောင်းပွမှုကို ပိုဖြစ်စေပြီး လက်ရှိတရုတ် စီးပွားရေး နှေးကွေးနေတာကို ပိုဆိုးသွားစေပါတယ်။ တရုတ်ငွေကိုင်ထားသူတွေလည်း ငွေအစား တခြား ဈေးကွက်တွေကို ပြောင်းပြီး ရင်းနှီးမြုပ်နှံအောင် တွန်းထုတ်လိုက်သလို ဖြစ်သွားပါတယ်။

သုံးသပ်ချက်

မစ်ရှဲလ် ဖလော်ရီ - နယူးယောက် အခြေစိုက် စီးပွားရေး သတင်းထောက်

တရုတ်ကို ငွေကြေးစျေးကွက် ကစားသူအဖြစ် အမေရိကန်က သတ်မှတ်လိုက်တာ တကယ်တော့ လက်တွေ့မှာ ကြီးကြီးမားမား အပြောင်းအလဲ မရှိပါဘူးလို့ ပြောလို့ရပါတယ်။

ဒါပေမဲ့ အဲဒါက တကယ်တော့ အရေးကြီးပါတယ်။ ကမ္ဘာ့ အကြီးဆုံး ဈေးကွက်ကြီးနှစ်ခု ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့အကြား ကွာဟချက်တွေ ဘယ်လောက် မြန်မြန် ကြီးကြီးမားမား ဖြစ်လာနေသလဲ ဆိုတာကို မြင်နိုင်ပါတယ်။

တရုတ်က ငွေကြေးဈေးကွက်ကို ကြိုးကိုင်နေတယ်လို့ အမေရိကန် အစိုးရက တံဆိပ်တပ်လိုက်ပြီးတဲ့နောက်မှာ ပုံမှန်အားဖြင့်ဆိုရင် နှစ်နိုင်ငံအကြား ဆွေးနွေးတာတွေ စရမှာပါ။ ဒီကိစ္စမှာတော့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေက လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက စလုပ်နေပြီးသား ဖြစ်နေပါပြီ။

အဲဒါကနေ အမေရိကန်ဘက်က တရုတ်ပို့ကုန်တွေကို ကုန်သွယ်ခွန်တွေ တိုးလိုက်တာမျိုး လုပ်လာစေပါတယ်။ တရုတ် ငွေဈေးချတာ တစ်ခုတည်းကြောင့်တော့ ဒါတွေ အားလုံးဖြစ်လာတာမဟုတ်ပါဘူး။ ဒါတွေက အမေရိကန် သမ္မတ ထရမ့်ရဲ့ အမေရိကန်သာ ပထမဆိုတဲ့ ကုန်သွယ်ရေး မူဝါဒကြောင့်လည်း ဖြစ်လာရတာပါ။

အခုလို တရုတ်ငွေတန်ဖိုးကျနေတာကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ဘက်က တစ်ခုခု ထုတ်ပြောဖို့ အမေရိကန်ဘက်က မျှော်လင့်နေပါတယ်။ ဒါပေမဲ့ အဲလိုမျိုး ဘယ်တော့ ဖြစ်လာမလဲဆိုတော့ မသိနိုင်သေးပါဘူး။

အခုလိုမျိုး အရင်က ဖြစ်ဖူးလား

ဖြစ်ဖူးပါတယ်။ ၂၀၁၅ တုန်းကပါ။ အမေရိကန်ဒေါ်လာနဲ့ လဲရင် တရုတ်ငွေတန်ဖိုးကို အနိမ့်ဆုံးဈေးကို တရုတ်ဗဟိုဘဏ်က သုံးနှစ် ချထားလိုက်တာပါ။ တရုတ်ဗဟိုဘဏ်ကတော့ အဲဒါက ဈေးကွက်ကို ပြုပြင်ပြောင်းလဲရေး လုပ်တာလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်စီးပွားရေးက ၁၉၉၀ နောက်ပိုင်း အနှေးဆုံးနှုန်းနဲ့ တိုးတက်နေချိန်ဖြစ်

နောက်ဆုံး တရုတ်ငွေ တန်ဖိုး တစ်ဒေါ်လာကို ခုနစ်ယွမ် ဈေးဖြစ်ခဲ့တာက ကမ္ဘာ့ငွေကြေးအကျပ်အတည်း ဖြစ်ခဲ့တုန်းကပါ။

အဲဒီလို ဖြစ်ခဲ့တာမျိုးက သတ်မှတ်နှုန်းအောက် ရောက်သွားတာမျိုးသာ ဖြစ်တယ်လို့ တရုတ်ဘက်ကဆိုပြီး အဲလို သတ်မှတ်ထားတာအောက် ရောက်မသွားအောင်တော့ ကြိုးစားခဲ့ဖူးတယ်လို့ စီးပွားရေး ပညာရှင် ဂျူလီယန် အီဗန် ပရစ်ချတ်က ပြောပါတယ်။

ဘာကြောင့် အမေရိကန်က စိတ်ဆိုးရသလဲ

တရုတ် ထုတ်ကုန်တွေ ဈေးကွက်မှာ လူတွေပိုဝယ်လာနိုင်စေတာက တရုတ်နဲ့ ကုန်သွယ်ရေး စစ်ပွဲ ဆင်နွှဲနေတဲ့ ထရမ့်ကို အရှိုက်ထိစေပါတယ်။

တရုတ်က ငွေတန်ဖိုးကို နှိမ့်ထားပြီး ထုတ်ကုန်တွေ များများရောင်းနိုင်အောင်လုပ်ထားတယ်လို့ သမ္မတ ထရမ့်က စွပ်စွဲထားတာ ကြာပါပြီ။

ဒါကို တရုတ်ဘက်လည်း မဟုတ်ဘူးလို့ ငြင်းထားပါတယ်။

ကုန်သွယ်ရေး စစ်ပွဲနဲ့ အခု တရုတ် ယွမ်ငွေတန်ဖိုးကျတာ ဆယ်နွှယ်နေတယ်ဆိုပေမဲ့ တရုတ်ဘက်ကတော့ ငွေကို ဈေးကွက်တန်ဖိုး အတိုင်းမဟုတ်ဘဲ တမင်ထိန်းချုပ်တာမျိုး မလုပ်ဘူးလို့ ဆိုပါတယ်။

တရုတ် ဗဟိုဘဏ် အကြီးအကဲ ယီဂန်ကတော့ တရုတ် အနေနဲ့ ငွေတန်ဖိုး ကြိုးကိုင် ထိန်းချုပ်တာမျိုးကို ဈေးကွက် ပြိုင်ဆိုင်ဖို့ သက်သက် လုပ်တာမျိုး ရှိမှာ မဟုတ်ဘူးလို့ တနင်္လာနေ့က ဆိုပါတယ်။

ငွေကြေး ကြိုးကိုင်ထိန်းချုပ်တာက ဘာကြောင့် အငြင်းပွားဖွယ် ဖြစ်ရသလဲ

တရုတ်ဖြစ်ဖြစ် တခြားဘယ်နိုင်ငံကဘဲ ဖြစ်ဖြစ် ငွေဈေးကစားတာက ကမ္ဘာ့ကုန်သွယ်ရေး စည်းမျဉ်းတွေကို ချိုးဖောက်ပြီး မမျှတတဲ့ အသာစီးရဖို့ လုပ်တာလို့ သတ်မှတ်ကြပါတယ်။

နိုင်ငံတစ်နိုင်ငံက ငွေလဲလှယ်နှုန်းကို ချတာပဲ ဖြစ်ဖြစ် မြှင့်တာပဲ ဖြစ်ဖြစ် လုပ်တတ်ပါတယ်။

အဲဒါက ပို့ကုန်တွေ သွက်အောင် လုပ်တာ၊ ငွေကြေးဖောင်းပွမှု မဖြစ်အောင်လုပ်တာနဲ့ နိုင်ငံထဲကို ငွေတွေ စီးဝင်အောင် အတွက် လုပ်တာ ဖြစ်ပါတယ်။

လော်ရန့်စ် ဟောင်းဝပ် ရေးတဲ့ Emory Law Review မှာ ငွေကြေးဈေးကစားတယ်ဆိုတာ ကမ္ဘာ့ စီးပွားရေး ဈေးကွက်ကို အကြီးအကျယ် ရိုက်ခတ်မှု ဖြစ်စေနိုင်တယ်လို့ ပါရှိပါတယ်။

ငွေကြေး ထိန်းချုပ် ဈေးကစားတဲ့အတွက် အမေရိကန်မှာ အလုပ်အကိုင်တွေ သန်းချီ ဆုံးရှုံး နိုင်တယ်။ ဥရောပမှာလည်း အဲလောက်မများပေမဲ့ အလုပ်အကိုင်တွေ အများအပြား ဆုံးရှုံးနိုင်တယ်လို့ ရေးပါတယ်။

ယွမ် ဘာဆက်ဖြစ်မလဲ

ပညာရှင်တွေက ယွမ်ငွေ ဆက်ပြီး အားပျော့နေဦးမယ်လို့ သုံးသပ်ထားကြပါတယ်။

အခုနှစ် မကုန်ခင် နောက်ထပ် ၅ ရာခိုင်နှုန်းလောက် ကျဦးမယ်လို့ Oanda က ဈေးကွက် ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ထားပါတယ်။

အခုနှစ်ကုန်မှာ အမေရိကန် တစ်ဒေါ်လာကို ၇.၃ ယွမ် ရှိမယ်လို့ ဈေးကွက်က ခန့်မှန်းထားပါတယ်။ အရင်တုန်းကတော့ ၆.၉ ယွမ် ရှိလိမ့်မယ်လို့ ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ