ရုရှားလေယာဉ်တစင်း ငှက်အုပ်ကြီးနဲ့ တိုက်မိပြီး အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အရေးပေါ် ဆင်းသက်နိုင်ခဲ့တဲ့အတွက် လေယာဉ်မှူးတွေကို ချီးကျူးနေကြ

ရုရှားခရီးသည်တင် လေယာဉ်တစ်စင်း ဒီကနေ့ သြဂုတ်လ ၁၅ ရက်မှာ ဝေဟင်မှာ ငှက်အုပ်ကြီးနဲ့ တိုက်မိပြီး မော်စကိုမြို့နားက ပြောင်းခင်းတစ်ခုထဲ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

အင်ဂျင်စက် သေသွားပြီး အဆင်းဘီးမထုတ်နိုင်ဘဲ လေယာဉ် ဆင်းခဲ့ရတဲ့ အဲဒီ ဖြစ်ရပ်အတွင်း လူ ၂၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ကျန်းမာရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

ခရိုင်းမီးယားက ဆင်မ်ဖရိုပိုလ် လေဆိပ်ဆီ ဦးတည် ပျံသန်းမယ့် ယူရယ်လ် လေကြောင်းပိုင် အဲဘတ်စ် ၃၂၁ အမျိုးအစား ခရီးသည်တင် လေယာဉ်ဟာ စတက်ပြီး မကြာခင်မှာပဲ ဇင်ယော်ငှက်အုပ်ကြီး တစ်အုပ်နဲ့ တိုက်မိပြီး အင်ဂျင်စက် ချွတ်ယွင်းသွားခဲ့တာပါ။

ဒီလို အရေးပေါ် ဆင်းသက်နိုင်ခဲ့တာဟာ အံ့မခန်းဖြစ်ရပ်လို့ ရုရှားအစိုးရ သတင်းမီဒီယာက ဆိုပါတယ်။

လေယာဉ်ဟာ အတော်ကြီး ထိခိုက်သွားခဲ့ပြီး နောက်ထပ် ပျံသန်းလို့ ရတော့မှာ မဟုတ်ဘူးလို့ လေကြောင်းကုမ္ပဏီက ပြောပါတယ်။ ဒီဖြစ်ရပ်ကို တရားဝင် စုံစမ်းစစ်ဆေးမှု တစ်ခု စလုပ်နေပြီ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၃ ဦး လိုက်ပါလာပါတယ်။ လေယာဉ်အင်ဂျင်ထဲ ငှက်အုပ်ကြီး ဝင်သွားချိန်မှာ လေယာဉ်ကို အရေးပေါ် ဆင်းသက်ဖို့ လေယာဉ်အမှုထမ်းတွေက ချက်ချင်း ဆုံးဖြတ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြောင်းခင်းထဲ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ယူရယ်လ်လေကြောင်းပိုင် လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၃၃ ဦးလိုက်ပါလာခဲ့

လေယာဉ်စထွက်အပြီးမှာပဲ လေယာဉ်က အကြီးအကျယ် တုန်ခါလာတယ်လို့ အမည်မဖော်လိုတဲ့ ခရီးသည်တစ်ဦးက ရုရှားအစိုးရ ရုပ်မြင်သံကြားဌာနကို ပြောပြပါတယ်။

"၅ စက္ကန့်အကြာမှာ လေယာဉ်ရဲ့ လက်ျာဘက်ခြမ်းက မီး မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီး ညှော်နံ့ ထွက်လာပါတယ်။ အဲဒီနောက် လေယာဉ် ဆင်းသက်ခဲ့ပြီး လူတွေ ဆင်းပြေးကြတာပါပဲ" လို့ သူက ပြောပြပါတယ်။

လေယာဉ်အင်ဂျင်စက် ရပ်သွားပြီး ဘီးမထုတ်နိုင်ခဲ့တဲ့ အဲဒီလေယာဉ်ဟာ ဇူကော့ဗ်စကီး နိုင်ငံတကာလေဆိပ် ပြေးလမ်းကနေ တစ်ကီလိုမီတာ အကွာလောက်မှာ ရှိတဲ့ ပြောင်းခင်းတစ်ခုထဲကို အရေးပေါ် ဆင်းသက်ခဲ့ရတာ ဖြစ်တယ်လို့ ရုရှား လေကြောင်းသယ်ယူပို့ဆောင်ရေး ဌာနက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အရေးပေါ် ဆင်းသက်ခဲ့အပြီး လေယာဉ်ပေါ်ကနေ ခရီးသည်တွေကို ဖယ်ထုတ်ခဲ့ကြ

ခရီးသည်တွေကို လေယာဉ်ပေါ်ကနေ ဖယ်ထုတ်ခဲ့ပြီး တချို့ကို ဆေးကုသဖို့ ဆေးရုံကို ခေါ်ဆောင်သွားသလို ကျန်တဲ့ သူတွေကိုတော့ လေဆိပ်ကို တိုက်ရိုက် ပြန်ခေါ်ဆောင်သွားခဲ့ပါတယ်။

ဆေးရုံတင်ပို့ခဲ့ရသူတွေထဲမှာ ကလေး ၅ ဦး ပါတယ်လို့ ရုရှား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒဏ်ရာ ရခဲ့သူတွေထဲမှာ တချို့က အခြေအနေ ဆိုးဝါးသလို တချို့ကတော့ အခြေအနေ သိပ်မဆိုးဘူးလို့ ဆိုပါတယ်။

ဦးတည်ရာ နေရာဆီ ခရီးဆက်ချင်သူတွေကို ကျန်းမာရေး စမ်းသပ် စစ်ဆေးမှုတွေ လုပ်အပြီး တခြားလေယာဉ်တွေနဲ့ လိုရာခရီးကို ပို့ဆောင်ပေးဖို့ စီစဉ်ထားတယ်လို့ ယူရယ်လ် လေကြောင်းကုမ္ပဏီ ဒါရိုက်တာအကြီးအကဲ ကီရီလ် ဆကူရာတော့ဗ်က ရုရှားအစိုးရ သတင်းအေဂျင်စီ တက်စ် ကို ပြောပါတယ်။

ရုရှား သတင်းမီဒီယာတွေက ဒီဖြစ်ရပ်ကို ၂၀၀၉ ခုနှစ်တုန်းက လေယာဉ် စထွက်ပြီးပြီးချင်း မကြာခင်မှာပဲ ဟဒ်ဆန်မြစ်ပေါ် အရေးပေါ် ဆင်းခဲ့ရတဲ့ အမေရိကန်လေကြောင်းပိုင် လေယာဉ်ရဲ့ ဖြစ်ရပ်နဲ့ ခိုင်းနှိုင်း ဖော်ပြခဲ့ကြပါတယ်။

လေကြောင်းပျံသန်းမှုသမိုင်းမှာ လေယာဉ်နဲ့ ငှက်တွေ ဝေဟင်မှာ တိုက်မိကြတဲ့ ဖြစ်ရပ်တွေက ဖြစ်လေ့ဖြစ်ထ ရှိပြီး အမေရိကန် တနိုင်ငံတည်းမှာတင် တစ်နှစ်ကို ထောင်နဲ့ချီ ဖြစ်လေ့ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လေယာဉ်ပျက်ကျတာမျိုး ဒါမှမဟုတ် လေယာဉ်ကို ထိခိုက် ပျက်စီး စေတာမျိုးတွေတော့ ဖြစ်ခဲပါတယ်။