ဘရာစီယာ မဝတ်ထားတဲ့ပုံတွေကို တောင်ကိုရီးယား အမျိုးသမီးတွေ အွန်လိုင်းပေါ် ဘာ့ကြောင့် တင်ကြတာလဲ

တောင်ကိုရီးယား၊ ဘရာစီယာ၊ အမျိုးသမီး
Image caption ဘရာစီယာ မဝတ်ကြဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှု တောင်ကိုရီးယား လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့

တောင်ကိုရီးယားမှာ အမျိုးသမီးတွေက ဘရာစီယာ မဝတ်ထားတဲ့ သူတို့ရဲ့ပုံတွေကို အွန်လိုင်းတွေပေါ် တင်နေကြပါတယ်။

#NoBra ဆိုတဲ့ ဟက်ရှ်တက်ဂ်ကို သုံးပြီး လုပ်တဲ့ ဒီလှုပ်ရှားမှုဟာ လူမှုကွန်ရက်ပေါ်မှာ အကြီးအကျယ် ပျံ့နှံ့သွားခဲ့ပါတယ်။

အားပေးသူ သန်းနဲ့ချီ ရှိတဲ့ တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး အဆိုတော် ဆူလီက သူ့ရဲ့ အင်စတာဂရမ် ကနေ ဘရာစီယာ မဝတ်ထားတဲ့ ပုံတွေကို တင်လိုက်ရာကနေ တောင်ကိုရီးယား အမျိုးသမီးတွေ လိုက်လုပ် လာကြတာပါ။

အဲဒီကစလို့ ဆူလီဟာ တောင်ကိုရီးယားရဲ့ ဘရာစီယာ မဝတ်ရေး လှုပ်ရှားမှုရဲ့ ပုံရိပ်တံဆိပ် တစ်ခု ဖြစ်လာခဲ့ပါတယ်။ အမျိုးသမီးတွေ ဘရာစီယာ ဝတ်ဖို့ မဝတ်ဖို့ ဆိုတာ သူတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့် ဖြစ်တယ် ဆိုတဲ့ သတင်းစကားကို ဆူလီက ဖြန့်ဝေခဲ့ပါတယ်။

ဘရာစီယာ မဝတ်ရေး လှုပ်ရှားမှု

ဒီလှုပ်ရှားမှုအပေါ် ထောက်ခံအားပေးတဲ့ တုံ့ပြန်မှု အတော်များများ ရှိခဲ့ပေမဲ့ လူစိတ်ဝင်စားအောင် တမင် စတန့်ထွင်တာလို့ တချို့ အမျိုးသမီးတွေ၊ အမျိုးသားတွေက သူ့ကို လူမှုကွန်ရက်ပေါ်ကနေ စွပ်စွဲခဲ့ပြီး တမင် ဖော်ချွတ်ပြချင်လို့ လုပ်တာလို့ တုံ့ပြန်ခဲ့ကြပါတယ်။

တချို့ကလည်း ဆူလီဟာ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုကို အသုံးချပြီး နာမည်ကြီးအောင် လုပ်တာလို့ ယူဆနေကြပါတယ်။

"ဘရာစီယာ ဝတ်တာဟာ ကိုယ့်ရွေးချယ်ချက် လို့ နားလည်ထားပါတယ်။ ဒါပေမဲ့ သူက သူ့ရင်သား မပေါ်ပေါ်အောင် အင်္ကျီကျပ်ကျပ်တွေ ဝတ်ပြပြီး ဓာတ်ပုံတင်လေ့ရှိတယ်၊ ဒီလို လုပ်ဖို့ မလိုပါဘူး" လို့ အင်စတာဂရမ်ပေါ်မှာ တစ်ယောက်က ဝေဖန်ထားပါတယ်။

နောက်တစ်ယောက်ကလည်း "ဘရာစီယာ မဝတ်တဲ့အတွက် အပြစ်မတင်ပါဘူး၊ ဒါပေမယ့် ရင်သားတော့ မဖော်သင့်ဘူးလို့ ပြောနေတာပါ" လို့ ရေးထားပါတယ်။

"အရှက် မရှိလိုက်တာ၊ ဘုရားကျောင်းကို ဘရာစီယာ မဝတ်ဘဲ အဲဒီလို သွားနိုင်မလား၊ ကိုယ့်ညီမရဲ့ ခင်ပွန်း ဒါမှမဟုတ် ယောက္ခမတွေကို ဒီလို သွားတွေ့နိုင်မလား၊ ယောက်ျားတွေတင်မက မိန်းမတွေပါ အနေရ ခက်ပါတယ်"လို့ တချို့က ဝေဖန်ရေးသားခဲ့ကြပါတယ်။

မကြာသေးခင်က ဟွာဆာ ဆိုတဲ့ နာမည်ကြီး အဆိုတော်တစ်ယောက်ကလည်း ဘရာစီယာ မဝတ်ထားတဲ့ သူ့ပုံကို လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့အတွက် #NoBra လှုပ်ရှားမှုကို လူတွေ ပြန် အာရုံစိုက်လာခဲ့ပါတယ်။

ကိုယ်ပိုင် ရွေးချယ်ခွင့်

ဟောင်ကောင်က ဂီတဖျော်ဖြေပွဲ တစ်ခုကနေ ဆိုးလ်မြို့ကို ပြန်အလာမှာ ဘရာစီယာ မပါဘဲ တီရှပ်အဖြူ ဝတ်ထားတဲ့ သူ့ရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအချိန်ကစလို့ တောင်ကိုရီးယားနိုင်ငံမှာ #NoBra လှုပ်ရှားမှုက ကိုယ်ပိုင်ရွေးချယ်ခွင့် လှုပ်ရှား တောင်းဆိုတဲ့ အမျိုးသမီးတွေ သက်သက်အတွက်ပဲ မဟုတ်တော့ဘဲ သာမန် အမျိုးသမီးတွေအကြား အရှိန်တိုးမြင့်လာခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ "ကော့ဆက် ကိုယ်ကျပ်အတွင်းခံကို ရှောင်ကြဖို့" လှုံ့ဆော်တဲ့ 'Escape the Corset' လှုပ်ရှားမှု ပေါ်လာခဲ့ပါတယ်။ အဲဒီ လှုပ်ရှားမှုမှာ အမျိုးသမီးတွေက ဆံပင်ရှည်တွေဖြတ်၊ မိတ်ကပ်တွေ မလိမ်းဘဲ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ရဲ့ ပုံတွေကိုလည်း လူမှုကွန်ရက်တွေမှာ တင်ခဲ့ကြပါတယ်။

Image caption ယူကျူဘ်ပေါ်မှာ နာမည်ကြီးတဲ့ တောင်ကိုရီးယား အမျိုးသမီး လီနာ ဘေး မိတ်ကပ်မလိမ်းတဲ့ပုံကို လူမှုကွန်ရက်ပေါ် တင်ခဲ့လို့ အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရ

ဒီ 'Escape the Corset' လှုပ်ရှားမှုဟာ တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီးတွေ နာရီပေါင်းများစွာ မိတ်ကပ်တွေ ခြယ်သ၊ အသားအရေ လှအောင် ပြုမူနေထိုင်ခိုင်းတဲ့ လက်တွေ့ မကျတဲ့ အလှအပရေးရာ လုပ်ထုံးလုပ်နည်းတွေကို ကန့်ကွက်တဲ့ အနေနဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှု နှစ်ခုဟာ သိသိသာသာ ဆက်နွယ်နေပြီး သတင်းစကား ပျံ့နှံ့ဖို့ လူမှုကွန်ရက်တွေပေါ်ကနေ လှုံ့ဆော်နည်းဟာ လှုပ်ရှားမှုသစ် တရပ် ဖြစ်လာနေတယ်လို့ ဘီဘီစီက တွေ့ဆုံ စကားပြောခဲ့တဲ့ အမျိုးသမီး အတော်များများက ပြောပါတယ်။

အကြည့်နဲ့ စော်ကားမှု

တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသားတွေ ဦးစီးတဲ့ ဓလေ့၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အများသုံး ရေချိုးခန်း အိမ်သာတွေမှာ လျှို့ဝှက် ကင်မရာတွေနဲ့ ခိုးရိုက်တဲ့ အပြုအမူတွေ ခေတ်စားလာနေတာ၊ စတာတွေနဲ့ ပတ်သက်လို့ အခုနှစ်ပိုင်းတွေအတွင်း အမျိုးသမီးတွေ ကန့်ကွက် ဆန္ဒပြလာခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ တောင်ကိုရီးယားနိုင်ငံမှာ အကြီးမားဆုံး အမျိုးသမီး သီးသန့် ဆန္ဒပြမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အမျိုးသမီး ထောင်ပေါင်းများစွာ ဆိုးလ်မြို့ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး လျှို့ဝှက် ကင်မရာတွေနဲ့ ခိုးရိုက်တာတွေကို အရေးယူ နှိမ်နင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Image caption #NoBra ဆောင်ပုဒ် လှုပ်ရှားမှုဟာ တောင်ကိုရီးယားနိုင်ငံရဲ့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့

အမျိုးသမီးတချို့ကတော့ အခု သူတို့ ကျဉ်းထဲ ကြပ်ထဲ ရောက်ကုန်ကြတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။ ဘရာစီယာ မဝတ်တာကို သူတို့ ထောက်ခံပေမဲ့ ဘရာစီယာ မဝတ်ဘဲ လူမြင်ကွင်းထဲ ထွက်ဖို့ကိုတော့ သူတို့ သတ္တိမရှိဘူးလို့ ပြောကြပါတယ်။ အကြောင်းရင်းတစ်ခုကတော့ အနေရခက်အောင် အကြည့်ရဲရဲတွေနဲ့ စူးစိုက် ကြည့်ခံရမှာကို ကြောက်လို့ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဂျုန် ဆုန်အောင်း ဟာ အမျိုးသမီးတွေ ဘရာစီယာ မဝတ်ဘဲ နေတဲ့ အတွေ့အကြုံအကြောင်း ၂၀၁၄ ခုနှစ်တုန်းက မှတ်တမ်းဗီဒီယို ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ အဖွဲ့ထဲမှာ ပါခဲ့သူ ဖြစ်ပါတယ်။

အဲဒီတုန်းက တက္ကသိုလ်ကျောင်းသူ တစ်ဦး ဖြစ်တဲ့ ဂျုန် ဆုန်အောင်း က "ဘရာစီယာ ဝတ်တာဟာ လုပ်ရိုးလုပ်စဉ် သဘာဝ လုပ်ရပ်လို့ ဘာလို့ ထင်တာလဲ" ဆိုတဲ့ မေးခွန်းနဲ့ အစပြုပြီး ဒီမှတ်တမ်းဗီဒီယိုကို သူငယ်ချင်းတွေနဲ့ စရိုက်ကူးခဲ့တာပါ။

ရွေးချယ်ပိုင်ခွင့်

ဒီကိစ္စကို လူကြားထဲမှာ အမျိုးသမီးတွေ ပိုဆွေးနွေးလာကြတာ ကောင်းတယ်လို့ သူက ယူဆပါတယ်။ ဒါ့အပြင် တီရှပ်အောက်ကနေ သူတို့ရဲ့ ရင်သားကို မြင်နေရတာဟာ ရှက်စရာပဲလို့ အမျိုးသမီးအများစုက ခုချိန်ထိ မြင်နေဆဲပဲလို့လည်း သူက ယုံကြည်ထားပါတယ်။

"ဘရာစီယာ ဝတ်တာဟာ ပုံမှန်လုပ်ရိုးလုပ်စဉ် အလုပ်လို့ ခုချိန်ထိ တောင်ကိုရီးယားမှာ ယူဆနေကြဆဲ ဆိုတာ အမျိုးသမီးတွေက သိနေပါတယ်၊ ဒါ့ကြောင့် ဘရာစီယာ ဝတ်ကြတာပါ" လို့ သူက ပြောပါတယ်။

အသက် ၂ ၄ နှစ်အရွယ် တောင်ကိုရီးယား မော်ဒယ် ပါ့က် အီဆိုးလ် ကတော့ ကိုယ့်ခန္ဓာကိုယ်ကို အပြုသဘော မြင်တတ်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ မနှစ်တုန်းက ဆိုးလ်မြို့မှာ သူ ၃ ရက် ဘရာစီယာ မဝတ်ဘဲ နေနေတဲ့ပုံကို ဗီဒီယို မှတ်တမ်းတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီဗီဒီယိုက အရမ်း ရေပန်းစားသွားခဲ့ပြီး ကြည့်တဲ့သူပေါင်း ၂၆၀၀၀ ရှိခဲ့ပါတယ်။

အွန်လိုင်းပေါ်ကနေ သူ့ကို အားပေးသူတချို့ကတော့ ကြား အနေအထားအနေနဲ့ ဖော့ပြားအခုအခံ ပါတဲ့ ဝိုင်ယာသံကွင်းတပ် ဘရာစီယာအစား အပါးစား ဘရာစီယာကို အခုအခါ ရွေးဝတ်လာကြပါတယ်။

"ဝိုင်ယာသံကွင်းတပ် ဘရာစီယာ မဝတ်ရင် ရင်သားတွဲကျပြီး အရုပ်ဆိုးမယ်လို့ တလွဲ ယူဆမိခဲ့တယ်။ ဒါပေမဲ့ ဒီဗီဒီယိုလည်း ရိုက်ပြီးရော၊ ဝိုင်ယာသံကွင်းတပ် ဘရာစီယာတွေ မဝတ်တော့ပါဘူး။ အခုဆို နွေမှာ အပါးစား ဘရာစီယာပဲ ဝတ်ပြီး ဆောင်းတွင်းဆို ဘရာစီယာ လုံးဝ မဝတ်တော့ဘူး" လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Nahyeun Lee
Image caption တချို့အမျိုးသမီးတွေက ဘရာစီယာ ဝတ်မဲ့အစား နို့သီးဖုံးတဲ့ အပြားလေးတွေပဲ ကပ်ကြ

ဒီလှုပ်ရှားမှုက ဆိုးလ်မြို့တော်မှာတင် ရပ်သွားတာ မဟုတ်ပါဘူး။

ဒေဂူးမြို့က စွန့်ဦးတီထွင်လုပ်ငန်းရှင်လည်းဖြစ် ဒီဇိုင်းကျောင်းသူလည်း ဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် နာယွန်း လီ ဟာလည်း ဒီလှုပ်ရှားမှုကနေ အကြံဉာဏ်သစ်တွေ ရလာခဲ့ပါတယ်။

သူက ကေမြောင်း တက္ကသိုလ်မှာ သူ့ရဲ့ မဟာဘွဲ့အတွက် စီမံကိန်းလုပ်ရင်း ယစ်ပီ ဆိုတဲ့ တံဆိပ်နဲ့ နို့သီးဖုံး အပြားလေးတွေ ထုတ်လုပ် ရောင်းချ ခဲ့ပါတယ်။ "ဘရာစီယာ-မဝတ်ရင်လည်း ဘာမှ မဖြစ်ဘူး" ဆိုတဲ့ စာတမ်းနဲ့ အဲဒီ ယစ်ပီ တံဆိပ် နို့သီးဖုံး အပြားလေးတွေကို အခုနှစ် မေလကစလို့ စရောင်းခဲ့တာပါ။

ဂျယ်လာနမ်ဒို ပြည်နယ်က အသက် ၂၈ နှစ်အရွယ် ဒါကျွန်း ဆိုတဲ့ အမျိုးသမီးကတော့ အဆိုတော် ရုပ်ရှင်မင်းသမီး ဆူလီရဲ့ ဓါတ်ပုံတွေကို အားကျခဲ့ပြီး သူ့အလုပ်ထဲမှာ အလုပ်ရှင်အနားမှာ ရှိနေချိန်ပဲ ဘရာစီယာ ဝတ်ပြီး သူ့ရည်းစားနဲ့ အပြင်ထွက်တဲ့အချိန်တွေမှာတော့ ဘရာစီယာ မဝတ်တော့ပါဘူး။

"ကျွန်မ ဘရာစီယာ ဝတ်ရတာ သက်သောင့်သက်တာ မဖြစ်ဘူးဆိုရင် မဝတ်သင့်ဘူးလို့ ကျွန်မ ရည်းစားက ပြောတယ်"လို့ ဆိုပါတယ်။

သူတို့ပါးချင်တဲ့ သတင်းစကားက "အမျိုးသမီးတွေမှာ ရွေးချယ်ပိုင်ခွင့် ရှိတယ်" ဆိုတာပါပဲ။ ဒါပေမဲ့ ဘရာစီယာ မဝတ်တာနဲ့ ပတ်သက်လို့ သုတေသီ လေ့လာသူတွေက ဘယ်လို ယူဆကြပါလဲ။

ဘရာစီယာ မဝတ်ဘဲ နေရင် ကျန်းမာရေး ထိခိုက်နိုင်သလား

သြစတြေလျနိုင်ငံ ဝိုလောင်ဂေါင်း တက္ကသိုလ်က ရင်သား လေ့လာသုတေသနအဖွဲ့က တွဲဖက် ညွှန်ကြားရေးမှူးလည်းဖြစ် အရိုးအကြောအဆစ် ပညာရှင်လည်းဖြစ်သူ ဒေါက်တာ ဒေဒရာ မက်ဂီးက "အမျိုးသမီးတွေမှာ ရွေးချယ်ပိုင်ခွင့် ရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရင်သားက ကြီးနေမယ်၊ ဒါကို ခုထား၊ ပင့်ထားတာမျိုး မလုပ်ဘူးဆိုရင် လည်ပင်းနဲ့ ကျောရိုး အပါအဝင် ခန္ဓာကိုယ်အနေအထားကို ထိခိုက်လာနိုင်မယ်"လို့ သူက ပြောပါတယ်။

"အမျိုးသမီးတွေ အသက်အရွယ် ရလာတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကလည်း ပြောင်းလာပါတယ်။ အရေပြားကလည်း ပြောင်းလာပြီး ထောက်ပံ့နိုင်တဲ့ အတိုင်းအတာကလည်း ကျဆင်းလာပါတယ်"

"အမျိုးသမီးတွေ အခုအခံ အထောက်အပံ့ မဝတ်ဘဲ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ရင် ရင်သားက တွဲကျလာပါတယ်။ အထောက်အပံ့ပေးတဲ့ အားကစား ဘရာစီယာ ဝတ်ထားရင်တော့ ရင်သားနာကျင်မှုကို သက်သာစေပြီး ခါးနောက်ကျောနဲ့ လည်ပင်း နာကျင်မှုကို ကာကွယ်ပေးနိုင်ပါတယ်"

"ကျွန်မတို့ လေ့လာချက်အရ ဥပမာ ရောဂါကြောင့် ရင်သား လှီးထုတ်ထားရလို့ ရင်သားမရှိရင်တောင်မှ အမျိုးသမီးအတော်များများအနေနဲ့ လိင်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အစိပ်အပိုင်း ဖြစ်တဲ့ ရင်သား တဝိုက်နဲ့ ပုခုံးတဝိုက် နေရာကို လုံလုံခြုံခြုံ ထားတတ်ကြတာ တွေ့ရပါတယ်"

"အလားတူပဲ တကယ်လို့ ကိုယ့်ရင်သားရဲ့ ပုံသဏ္ဍာန် ဒါမှမဟုတ် ရင်သားတွဲကျနေတာနဲ့ ပတ်သက်လို့ ကသိကအောက် ဖြစ်တတ်တယ် ဆိုရင် ကိုယ်နေဟန်ထားကလည်း ကောင်းမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ရင်သား လှီးထုတ်ထားတဲ့ အမျိုးသမီးတွေ ကိုယ်နေဟန်ထား ကောင်းအောင်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာအောင် ဘရာစီယာ ဝတ်ပါလို့ ပြောချင်ပါတယ်"

ဓာတ်ပုံ မူပိုင် Getty Images
Image caption "ဘရာစီယာ မီးရှို့ဖျက်ဆီးတဲ့ အမျိုးသမီးဝါဒီတွေ" ဆိုတဲ့ စာသားဟာ ၁၉၆၀ ပြည့်လွန်နှောင်းပိုင်းမှာ အစပြုခဲ့

ဗြိတိန်နိုင်ငံ ပို့စ်မောက် တက္ကသိုလ်က ဇီဝနည်းပညာ အကြီးတန်း ကထိက ဒေါက်တာ ဂျန်နီ ဘာဘေ့ဂျ်က ဘရာစီယာ ဝတ်လို့ ကသိကအောင့်ဖြစ်တာ၊ နာကျင်တာဟာ ချုပ်ပုံမမှန်တဲ့ ဘရာစီယာ ဝတ်တာနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

ဘရာစီယာ ဝတ်တဲ့အတွက် ရင်သားကင်ဆာ ဖြစ်နိုင်တယ် ဆိုတဲ့ ခိုင်လုံတဲ့ သိပ္ပံနည်းကျ တွေ့ရှိချက်မျိုး လုံးဝ မရှိသေးဘူးလို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဒါဟာ ဘရာစီယာ မဝတ်ဖို့ အမျိုးသမီးတွေ ပထမဆုံး အကြိမ် ကန့်ကွက် ဆန္ဒပြကြတာ မဟုတ်ပါဘူး။

ဘရာစီယာ မီးရှို့ဖျက်ဆီးတဲ့ အမျိုးသမီးဝါဒီတွေ ဆိုတဲ့ စာသားဟာ ၁၉၆၈ ခုနှစ်တုန်းက အမေရိကန် အလှမယ်ရွေးပွဲ အပြင်ဘက်မှာ လုပ်ခဲ့တဲ့ ကန့်ကွက် ဆန္ဒပြပွဲတစ်ခုကနေ ပေါ်ပေါက်ခဲ့တာပါ။

အဲဒီတုန်းက ဆန္ဒပြ အမျိုးသမီးတွေက အမျိုးသမီးတွေအပေါ် ဖိနှိပ်ထားတယ် ဆိုတဲ့ သင်္ကေတ အဖြစ် ယူဆထားတဲ့ ဘရာဇီယာတွေကို အမှိုက်ပုံးတွေထဲ စွန့်ပစ်ခဲ့ကြပါတယ်။ တကယ်တမ်း မီးရှို့ဖျက်ဆီးတာတော့ မလုပ်ခဲ့ပါဘူး။

ဒါပေမဲ့ အဲဒီအချိန်ကစလို့ ဘရာစီယာ မီးရှို့ဖျက်ဆီးမှုနဲ့ အမျိုးသမီး လွတ်လပ်ခွင့် လှုပ်ရှားမှုတွေကို တွဲမြင်လာခဲ့ကြပါတယ်။

အခုနှစ် ဇွန်လမှာတော့ ဆွစ်ဇာလန်နိုင်ငံတဝန်းမှာ လခ တန်းတူရရေး၊ ညီတူညီမျှမှု ရှိရေး၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာမှုတွေ၊ အကြမ်းဖက်မှုတွေ ပပျောက်ရေး စတာတွေကို တောင်းဆိုတဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေ အလုပ်ခွင်ထဲကနေ ထွက်ခွာခဲ့ပြီး ဘရာစီယာတွေ မီးရှို့၊ လမ်းတွေကို ပိတ်ဆို့တဲ့ တရက်ကြာ ဆန္ဒပြမှု တစ်ခု လုပ်ခဲ့ကြပါတယ်။

အခုအခါ ကမ္ဘာတဝန်း ရင်သားကင်ဆာ အသိပညာပေးတဲ့နေ့တစ်နေ့အဖြစ် အောက်တိုဘာလ ၁၃ ရက်နေ့ကို ဘရာစီယာ မဝတ်တဲ့နေ့ အဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ မနှစ်တုန်းက ဖိလစ်ပိုင်နိုင်ငံက အမျိုးသမီးတွေက အဲဒီနေ့မှာ ကျားမ တန်းတူပိုညီမျှရေး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမျိုးသမီးတွေရဲ့ ရင်သားကို ဆင်ဆာလုပ်တာကို ဆန့်ကျင်တဲ့ 'Free the Nipple' ရင်သားထိပ်ပိုင်း လွတ်လပ်ခွင့်ပေး ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဆန္ဒပြ

"ဘရာစီယာ မဝတ်တဲ့နေ့ လှုပ်ရှားမှုက မိန်းမဆန်မှုနဲ့ အမျိုးသမီး ဖြစ်ရတာအပေါ် ကျေနပ်ကြောင်း မီးမောင်းထိုး ဖော်ပြနေတယ်လို့ သတင်းထောက် ဗနက်ဆာ အယ်လမီဒါ က ပြောပါတယ်။

ဘရာစီယာဆိုတာ အမျိုးသမီးတွေ ပတ်တီးနဲ့ စည်းနှောင်ခံထားရတယ် ဆိုတဲ့ သင်္ကေတ လက္ခဏာ ပါပဲ လို့ သူက ပြောပါတယ်။

အခုနှစ်ပိုင်းတွေအတွင်းမှာ ဆန္ဒပြ ဦးဆောင်လှုပ်ရှားသူတွေက အမျိုးသားတွေနဲ့ အမျိုးသမီးတွေ ရင်ဘတ် ဖော်တာအပေါ် ဆင်ဆာ ဖြတ်တာနဲ့ ပတ်သက်လို့ စည်းကမ်းချက် စံနှစ်မျိုး ခွဲခြား သတ်မှတ်ထားတာကို မီးမောင်းထိုးပြခြင်းအားဖြင့် သူတို့ရဲ့ လှုပ်ရှားမှုတွေကို နောက်တဆင့် ထပ်တိုးမြှင့်လာခဲ့ကြပါတယ်။

အမျိုးသမီးတွေ ရင်သားဖော်တာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တာ၊ ဆင်ဆာဖြတ်တာတွေအပေါ် ကန့်ကွက် ဆန္ဒပြတဲ့ လှုပ်ရှားမှုတစ်ခု စလုပ်ခဲ့တဲ့ နယူးယောက် စီတီးမြို့က အမျိုးသမီးငယ်အုပ်စုတစ်စု အကြောင်း ရိုက်ကူးပြထားတဲ့ Free the Nipple အမည်နဲ့ ဒရာမာ မှတ်တမ်းရုပ်ရှင်ကား တစ်ကားကို Netflix က ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီရုပ်ရှင်ကားကြောင့် Free the Nipple ရင်သားထိပ်ပိုင်း လွတ်လပ်ခွင့်ပေး ဆိုတဲ့ လှုပ်ရှားမှုဟာ ကမ္ဘာတဝန်း ဟိုးလေးတကြော် ဖြစ်လာခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အခုလတ်တလော လုပ်ခဲ့တဲ့ 'No Bra' လှုပ်ရှားမှုဟာ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာအပေါ် ကန့်သတ်မှုတွေ လုပ်နေတာကို ကမ္ဘာက ပိုအာရုံစိုက်လာတယ်ဆိုတာ ပြနေပါတယ်။ တောင်ကိုရီးယားမှာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအပေါ် စိန်ခေါ်မှုတွေကို လက်မခံဘဲ ဆန့်ကျင်နေကြဆဲပဲ ဆိုတာ အဲဒီလှုပ်ရှားမှုမှာ ပါခဲ့တဲ့ အမျိုးသမီးတွေအပေါ် မကောင်းမြင်တဲ့ တုံ့ပြန်မှုတွေက ဖော်ပြနေပါတယ်။

ဒါပေမဲ့ အဲဒီမှာရှိတဲ့ အမျိုးသမီး အတော်များများက ဒါဟာ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ဆိုင်တဲ့ အခြေခံကိစ္စတစ်ခု အဖြစ် ယူဆထားကြပါတယ်။

ဒီလှုပ်ရှားမှု ပိုသိသာ ထင်ရှားလာတာကို ကြည့်ခြင်းအားဖြင့် တောင်ကိုရီးယား အမျိုးသမီး အတော်များများအတွက် ဘရာစီယာ မဝတ်တာဟာ ဘာပြဿနာမှ မရှိဘူး ဆိုတဲ့ အချိန်ရောက်တဲ့အထိ အဲဒီ #NoBra လှုပ်ရှားမှုကို လျှော့ချမှာ မဟုတ်ဘူးဆိုတာ ဖော်ပြနေပါတယ်။