သမီးအမြွှာကို အသက် ၇၃ နှစ်မှာ မွေးခဲ့သူ

မန်ဂါရာမာ ယာရာမာတီဟာ
Image caption မန်ဂါရာမာ ယာရာမာတီဟာက သူဟာ သားသမီးအမြဲလိုချင်နေခဲ့တာလို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံ တောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်က အသက် ၇၃ နှစ်အရွယ် အမျိုးသမီးကြီး တစ်ယောက်ဟာ သမီးမိန်းကလေး အမြွှာကို မွေးဖွားလိုက်ပါတယ်။

ဒီ အမြွှာလေးတွေကို ဖန်ပြွန်သန္ဓေသားအဖြစ် မွေးခဲ့ပြီး မိခင်က ကိုယ်ဝန်လွယ်လို့ စက်တင်ဘာလ ၅ ရက်နေ့က မွေးဖွားခဲ့တာပါ။

မိခင်ရော ကလေးတွေပါ ကျန်းမာရေးကောင်းကြပါတယ်လို့ မွေးဖွားပေးခဲ့သူ ဆရာဝန်ကြီး ဒေါက်တာအာမာဆန်ကာက ဘီဘီစီ တေလဂူဘာသာစကားအစီအစဉ်ကို ပြောပါတယ်။

မန်ဂါရာမာ ယာရာမာတီနဲ့ အသက် ၈၂ နှစ်အရွယ် သူ့ခင်ပွန်းတို့ဟာ အမြဲကလေးလိုချင်နေခဲ့တာ ဖြစ်ပြီးကိုယ်ဝန်မရနိုင်ခဲ့ဘဲ အခုမှ ကလေးမွေးနိုင်ခဲ့တာလို့ ယာရာမာတီက ပြောပါတယ်။

ယာရာမာတီရဲ့ အသက် ၇၃ နှစ်ဆိုတာကို အတည်ပြုနိုင်ခဲ့ရင် သူဟာ အသက်အကြီးဆုံး မိခင်အဖြစ် ကမ္ဘာ့စံချိန်တင် စာရင်းဝင်တော့မှာ ဖြစ်ပါတယ်။

သူ့ ခင်ပွန်း စီတာရာမ ရာဂျာရောင်းကလည်း အခုလို သမီးအမြွှာလေး ရလို့ သူတို့ သိပ်ကို ပျော်နေကြပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။ ဒါက ကလေးတွေ မွေးပြီးစ နာရီပိုင်းလေးမှာပဲ သူတို့ရဲ့ အပျော်တွေကို ဝေမျှပြောခဲ့တာပါ။

အသစ်စက်စက်ဖခင်ကြီး နာမကျန်းဖြစ်

ဒါပေမယ့် တစ်ရက်ပဲ အကြာမှာ မစ္စတာရာဂျာရောင်းဟာ ရုတ်တရက် လေဖြတ်သွားလို့ အခုတော့ ဆေးရုံမှာ ကုသမှု ခံနေရပါတယ်။

သူတို့ လင်မယားနှစ်ယောက်စလုံးက အသက်အရွယ်ကြီးရင့်နေကြပြီဖြစ်လို့ တကယ်လို့ သူတို့ တစ်စုံတစ်ခုဖြစ်သွားခဲ့ရင် ကလေးတွေကို ဘယ်သူက ကြည့်ရှုစောင့်ရှောက်မှာလဲလို့ သမီးလေးတွေ မွေးလာကာစမှာ မေးတဲ့အခါ မစ္စတာရာဂျာရောင်းက ကျွန်တော်တို့ ဘာများတတ်နိုင်မှာလဲ၊ ဖြစ်စရာ ရှိတာကတော့ ဖြစ်လာမှာပါပဲ။ အားလုံးက ဘုရားသခင်လက်ထဲမှာပဲ ရှိပါတယ်လို့ ပြောခဲ့ပါတယ်။

သားသမီးရှိဖို့ဆိုတာ သူတို့လင်မယားအတွက်တော့ သိပ်ကို အရေးကြီးပါတယ်။ ကလေးမရနိုင်လို့ သူတို့ရွာမှာ မျက်နှာငယ်ပြီး နေခဲ့ရတယ်လို့ သူတို့က ပြောပါတယ်။

တခါတလေကျွန်မကို အမြုံမလို့ ခေါ်ကြတာကြုံခဲ့ရတယ် လို့ မစ္စယာရာမာတီက ပြောပါတယ်။

ကျွန်မတို့ အမျိုးမျိုးကြိုးစားခဲ့တယ်၊ ဆရာဝန်တွေလည်း ပြကြည့်တာ စုံနေပြီလို့ သူက ပြောပါတယ်။ ကလေးတွေ မွေးလာတဲ့ နေ့ကတော့ သူတို့ ဘဝမှာ အပျော်ဆုံးပါပဲတဲ့။

သမီးအမြွှာကိုတော့ ဗိုက်ခွဲပြီး မွေးခဲ့တာပါ။ အခုလို ဖန်ပြွန်သန္ဓေသားကို မွေးဖွားတဲ့အခါမျိုး၊ မိခင်က အသက်ကြီးနေတဲ့အခါမျိုးမှာ ဒီနည်းကို အများဆုံးသုံးကြပါတယ်။

၂၀၁၆ ခုနှစ်တုန်းက အိန္ဒိယမှာပဲ ဒါလ်ဂျင်ဒါကောဆိုတဲ့ အသက် ၇၀ အရွယ်အမျိုးသမီးတစ်ယောက်က သားလေးတစ်ယောက်မွေးတာ ရှိခဲ့ပါတယ်။ မစ္စယာရာမာတီကတော့ အသက် ၇၃ နှစ်မှာ မွေးလို့ အသက်အကြီးဆုံးမိခင် ဖြစ်လာနိုင်ပါတယ်။

ဆက်စပ် အကြောင်းအရာများ