ဇင်ဘာဘွေ သမ္မတဟောင်း မူဂါဘီ စင်္ကာပူကို ဘာ့ကြောင့် လာဆေးကုခဲ့တာလဲ

အသက် ၉၀ ပြည့်မွေးနေ့မှာ မိန့်ခွန်းပြောနေတဲ့ မစ္စတာ မူဂါဘီ ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption အသက် ၉၀ ပြည့်မွေးနေ့မှာ မိန့်ခွန်းပြောနေတဲ့ မစ္စတာ မူဂါဘီ

ဇင်ဘာဘွေ သမ္မတဟောင်း ရောဘတ် မူဂါဘီဟာ သူမကွယ်လွန်ခင် ဘဝရဲ့ နောက်ဆုံးနေ့ရက်တွေမှာ သူ့နိုင်ငံနဲ့ မိုင်ပေါင်း ၅၀၀၀ ဝေးတဲ့ စင်္ကာပူနိုင်ငံက အာရှ အကောင်းဆုံး ဆေးရုံကြီးတစ်ခုမှာ နေထိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ စက်တင်ဘာလ ၆ ရက်နေ့က ဂလန်နီးဂဲလ်စ် ဆေးရုံမှာ သူကွယ်လွန်ချိန်မှာ သူ့အနားမှာ မိသားစုဝင်တွေ ဝန်းရံ ရှိခဲ့ကြတယ်လို့ မိသားစုဝင် ဆွေမျိုးတစ်ဦးက ပြောပါတယ်။

အာဖရိက ခေါင်းဆောင်တစ်ဦးက သူ့တိုင်းပြည်နဲ့ ဝေးလွန်းတဲ့ စင်္ကာပူက ဆေးရုံမှာ ဆေးကုသဖို့ ဘာ့ကြောင့် ရွေးခဲ့တာပါလဲ။

စည်းကမ်း တင်းကြပ်တယ်လို့ နာမည်ကြီးတဲ့ စင်္ကာပူနိုင်ငံဟာ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို အားပေးပြီး သတင်းသမားတွေ အတင်းကာရော သတင်းလိုက်ယူတဲ့ အလေ့အထမျိုး မရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။

စင်္ကာပူရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဟာ ကမ္ဘာ့ပေါ်က အကောင်းဆုံးစနစ်တွေထဲမှာ အပါအဝင် ဖြစ်ပြီး ကျန်းမာရေး ဆေးစစ်မှုက စလို့ ခွဲစိတ် ကုသမှုအထိ ဝန်ဆောင်မှု အမျိုးမျိုး ဖြည့်ဆည်းပေးနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဂလန်နီးဂဲလ်စ် ဆေးရုံ

စင်္ကာပူမှာ နိုင်ငံရေးအရ စုဝေး ဆန္ဒပြတာမျိုးကို တင်းကြပ်တဲ့ ဥပဒေတွေနဲ့ တားမြစ်ထားတာမို့ မစ္စတာ မူဂါဘီလို အချေအတင် အငြင်းပွားစရာ ပုဂ္ဂိုလ်မျိုးအနေနဲ့ သူ့နောက်ကို လိုက်ပြီး ကန့်ကွက် ဆန္ဒပြမယ့်သူနဲ့လည်း တွေ့ဖို့ မရှိပါဘူး။

သူကွယ်လွန်ချိန်အထိ အဲဒီ ဆေးရုံမှာ မစ္စတာ မူဂါဘီ ဆေးကုနေသလားဆိုတာကို ဘယ်သူကမှ တရားဝင် အတည်မပြုခဲ့ဘဲ ဇင်ဘာဘွေအစိုးရက သူကွယ်လွန်ကြောင်း သတင်း ထုတ်ဖော်ကြေညာလိုက်ပြီးပြီးချင်း နာရီပိုင်းတွေမှာ သတင်းသမားတွေ ဟိုပြေးဒီပြေးနဲ့ ဘယ်မှာ သတင်းလိုက်ယူရမှန်း မသိ ဖြစ်ခဲ့ကြပါတယ်။

စင်္ကာပူမှာ မစ္စတာမူဂါဘီ ဘယ်လောက်ကြာကြာ ဆေးကုသမှု ခံခဲ့သလဲ

ဇင်ဘာဘွေ သတင်းမီဒီယာတွေထဲမှာတော့ မစ္စတာ မူဂါဘီဟာ ၂၀၁၁ ခုနှစ်မှာ မျက်လုံး တိမ်စွဲတဲ့ ရောဂါကို အဲဒီ ဆေးရုံမှာ ပထမ ကုခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ နောက်တကြိမ် ဆေးကုသခံခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီကစလို့ နောက်ပိုင်းမှာ အဲဒီ ဆေးရုံကို မကြာခဏ လာရောက် ဆေးကုသခံခဲ့ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက အဲဒီ ဂလန်နီးဂဲလ်စ် ဆေးရုံမှာ မစ္စတာ မူဂါဘီကို AFP သတင်းထောက်တွေ တွေ့ခဲ့ပါတယ်။ ဒါဟာ ဇင်ဘာဘွေနိုင်ငံကို စစ်တပ်က ရုတ်တရက် အာဏာ သိမ်းလိုက်တာကြောင့် မစ္စတာ မူဂါဘီ ရဲ့ ၃၇ နှစ်ကြာ အာဏာရှင်အစိုးရ ပြုတ်ကျသွားခဲ့ပြီးကတည်းက သူ့ကို လူမြင်ကွင်းမှာ ပထမဆုံး တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် သူ့ရဲ့ ကျန်းမာရေး ပိုချို့ယွင်းလာတဲ့အတွက် အခုနှစ် ဧပြီလမှာ စင်္ကာပူကို သူပြန်ရောက်လာခဲ့ပါတယ်။ စင်္ကာပူမှာ နေနေတုန်း ဆေးရုံ ခဏခဏ တက်ခဲ့ရတယ်လို့ သူ့မိသားစုဝင် တစ်ဦးက ပြောပြကြောင်း AFP သတင်းထဲမှာ ဖော်ပြထားပါတယ်။

သူမကွယ်လွန်ခင် တပတ်လောက်မှာ မစ္စတာ မူဂါဘီကို ဂလန်နီးဂဲလ်စ် ဆေးရုံကို တင်ပို့ခဲ့တယ်လို့ သူ့ရဲ့ တူ အဒမ် မိုလိုင် က စင်္ကာပူက သတင်းထောက်တွေကို ပြောပြပါတယ်။

မစ္စတာ မူဂါဘီဟာ အသက်အရွယ်ကြီးရင့်တဲ့ ဝေဒနာနဲ့ ကွယ်လွန်ခဲ့တာလို့ အဒမ် မိုလိုင်က ပြောပါတယ်။

မစ္စတာ မူဂါဘီ ကွယ်လွန်ချိန်မှာ သူ့အနားမှာ ဘယ်သူတွေ ရှိနေသလဲ

သူကွယ်လွန်ချိန်မှာ မိသားစုဝင်တွေ အနားမှာ ရှိနေပြီး ဝေဒနာ ခံစားရတာမျိုးမရှိဘဲ ညင်ညင်သာသာနဲ့ သေဆုံးသွားခဲ့တယ်လို့ အဒမ် မိုလိုင် က ပြောပါတယ်။

ဂလန်နီးဂဲလ်စ် ဆေးရုံက အခန်းတစ်ခန်းကို ဘယ်လောက်ပေးရသလဲ

ဆေးရုံရဲ့ ဝက်ဆိုက်အရ ဆိုရင် သီးသန့် ရေချိုးခန်း၊ အိမ်သာ ပါတဲ့ အခန်းတစ်ခန်းရဲ့ စျေးက တစ်နေ့ကို စင်္ကာပူ ဒေါ်လာ ၁၁၅၈ ကနေ စင်္ကာပူ ဒေါ်လာ ၇၅၈၈ အထိ ရှိပါတယ်။ စျေးအပေါဆုံးကတော့ လေးယောက်ခန်း ဖြစ်ပြီး တစ်နေ့ကို စင်္ကာပူ ဒေါ်လာ ၂၅၉ ကျပါတယ်။

မစ္စတာ မူဂါဘီနဲ့ စင်္ကာပူ အကြား နောက်ထပ် ဘယ်လို ဆက်နွှယ်ပတ်သက်မှုတွေ ရှိနေသလဲ

မူဂါဘီနဲ့ သူ့ဇနီးသည် ဂရေ့စ်ဟာ သူ့တို့ရဲ့ သမီး ဘိုနာ ပညာသင်နေတဲ့ စင်္ကာပူကို သွားရောက်ခဲ့ပါတယ်။

ဘဏ်နဲ့ စီးပွားရေးလုပ်ငန်း အထူးပြု မဟာဘွဲ့ အတွက် သမီးဖြစ်သူ ဘွဲ့ယူတဲ့ အခမ်းအနားကို မိဘ နှစ်ဦးစလုံး တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ၂၀၁၃ ခုနှစ် မှာ မစ္စတာ မူဂါဘီရဲ့ သမီး စင်ကာပူမှာ ဘွဲ့ယူစဉ်

မူဂါဘီရဲ့ ဇနီး ဂရေ့စ်ဟာ ကမ္ဘာပတ်ပြီး ဒီဇိုင်နာ ပစ္စည်းတွေ စျေးဝယ်ထွက်လေ့ ရှိတဲ့အတွက် ဂူချီ ဂရေ့စ် လို့ သတင်းမီဒီယာတွေမှာ ဖော်ညွှန်း ဖော်ပြလေ့ ရှိပါတယ်။ ဂရေ့စ်ဟာ စင်္ကာပူက ဖက်ရှင်စတိုးဆိုင်တစ်ခုကနေ လက်ကိုင်အိတ်တစ်လုံးကို အမေရိကန် ဒေါ်လာ တစ်သောင်းကျော် ပေးဝယ်ခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။

တခြား ဘယ်သူတွေ စင်္ကာပူမှာ ဆေးလာကုသကြသေးလဲ

မြန်မာစစ်ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့လည်း စင်္ကာပူမှာ မကြာခဏ ဆေးလာကု ခဲ့ကြပါတယ်။

အင်ဒိုနီးရှား သမ္မတကတော်ဟောင်း အနီ ယိုဒိုယိုနို ဟာ ပြီးခဲ့တဲ့ ဇွန်လက စင်္ကာပူနိုင်ငံက နေရှင်နယ် တက္ကသိုလ် ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ ခေါင်းချင်းဆက် အီရန်လူမျိုး အမြွှာညီအစ်မက သူတို့ ခွဲစိတ်ကုသခံဖို့ စင်္ကာပူကို ရွေးခဲ့ပါတယ်။ ဒါပေမဲ့ တက်သုတ်ရိုက် ခွဲစိတ်မှုတစ်ခု လုပ်အပြီး နှစ်ဦးစလုံး အသက်ဆုံးပါးသွားခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ရအပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တဲ့ ကျောင်းသူမလေးကို စင်္ကာပူမှာ ဆေးကုသခံဖို့ ခေါ်လာခဲ့ပေမယ့် ဆေးရုံရောက်လာအပြီးမှာပဲ ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ