ဂျွန်ဘားကိုးက အောက်တိုဘာ ၃၁ ရက်မတိုင်ခင် နုတ်ထွက်မယ်လို့ပြော

ဂျွန်ဘားကိုး ဓာတ်ပုံ မူပိုင် UK Parliament
Image caption ဂျွန်ဘားကိုးဟာ ပါလီမန်ရဲ့ ပြောရေးဆိုခွင့်ပိုရအောင် ကြိုးစားပေးခဲ့သူ ဖြစ်ပါတယ်။

ဗြိတိသျှပါလီမန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားကိုးက ဗြိတိန် အီးယူက နုတ်ထွက်ရမယ့်နေ့အဖြစ် သတ်မှတ်ထားတဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ရာထူးက ဆင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။

ဘရက်ဇစ်လို့ ခေါ်ကြတဲ့ ဗြိတိန် အီးယူကနုတ်ထွက်ရေးကို ထောက်ခံသူတွေက မစ္စတာဘားကိုးဟာ ပါလီမန်ကို ဘရက်ဇစ်ကို ဆန့်ကျင်သူတွေ လက်ထဲရောက်အောင် ထိုးပေးခဲ့တယ်လို့ စွပ်စွဲနေကြပါတယ်။

ဒါပေမယ့် နှစ်ဘက်စလုံးက ပါလီမန်အမတ်တွေကတော့ ဂျွန်ဘားကိုးဟာ နိုင်ငံအတွက် အရေးပါတဲ့ ကိစ္စရပ်တိုင်းမှာ ပါလီမန်ဘက်က ပြောရေးဆိုခွင့်ရအောင် အမြဲတမ်း ကြိုးစားပေးခဲ့သူ ပြုပြင်ပြောင်းလဲရေးဝါဒီ လွှတ်တော် ဥက္ကဋ္ဌ တစ်ယောက်အဖြစ် သူ့ကို ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့ ပါလီမန်မှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ တင်တဲ့ အဆိုကို ထပ်မဲခွဲကြဖို့ ရှိပါတယ်။ အဲဒီ မဲခွဲရာမှာလည်း ဒီ အဆို ရှုံးနိမ့်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ပြီးရင်တော့ ပါလီမန်ဟာ ငါးပတ်ကြာ ရပ်နားထားမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘောရစ်ဂျွန်ဆင်ကတော့ အောက်တိုဘာ ၃၁ ရက်နေ့မှာ မဖြစ်မနေ အီးယူက ထွက်မယ်လို့ ပြောနေပါတယ်။

ဝန်ကြီးချုပ် ဂျွန်ဆင်က အထွေထွေရွေးကောက်ပွဲတွေကို အောက်တိုဘာ ၃၁ ရက်နေ့မှာ ကျင်းပချင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အတိုက်အခံတွေကတော့ သူဟာ ပါလီမန်နားထားတာကို အခွင့်ကောင်းယူပြီး ရွေးကောက်ပွဲရက်ကို နောက်ဆုတ်မယ်၊ အဲဒီလို ဆုတ်ရင် ဥပဒေအရ ပြဋ္ဌာန်းထားတဲ့ မဖြစ်မနေပေးရမယ့် မဲဆွယ်ကာလ ငါးပတ်ကို အကြောင်းပြုပြီး ရွေးကောက်ပွဲတွေကို ဗြိတိန် အီးယူက နုတ်ထွက်ရမယ့် ရက်လွန်ပြီးမှ လုပ်လိမ့်မယ်လို့ သံသယရှိနေကြပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘားကိုးဟာ ၂၀၀၉ ခုနှစ်မှာ အခုနေရာကို ရယူခဲ့တာ ဖြစ်ပြီး သူ့ သက်တမ်း ၁၀ နှစ်ပြည့်လာပြီမို့ အခုအချိန်ဟာ အနားယူဖို့ အချိန်ရောက်ပြီလို့ ဆိုပါတယ်။ သူက လွှတ်တော်ဥက္ကဋ္ဌ အဖြစ်ကရော၊ လွှတ်တော် အမတ် အဖြစ်ကပါ နုတ်ထွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲတွေ အောက်တိုဘာ ၃၁ ရက် မတိုင်ခင် ကျင်းပရင် အဲဒီအချိန်မှာ နုတ်ထွက်မှာ ဖြစ်ပြီး ရွေးကောက်ပွဲ မလုပ်ဖြစ်သေးရင်တော့ အောက်တိုဘာ ၃၁ ရက်နေ့မှာပဲ နုတ်ထွက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

မကြာသေးခင်က ပါလီမန်ထဲမှာ ဗြိတိန် အီးယူထဲက ဘာသဘောတူညီချက်မှ မရဘဲ နုတ်ထွက်မှာကို တားဆီးတဲ့ မဲခွဲမှု ဖြစ်အောင် စီစဉ်ခဲ့တဲ့အတွက် ဘရက်ဇစ်ဖြစ်ချင်သူ ကွန်ဆာဗေးတစ်ပါတီ အမတ်တွေက သူ့အပေါ် ဒေါသထွက်ခဲ့ပြီး နောက်လာမယ့် ရွေးကောက်ပွဲ မှာ ဂျွန်ဘားကိုးရဲ့ မဲဆန္ဒနယ်မှာ အပြိုင် ဝင်အရွေးခံကြမယ်လို့ စဉ်းစားတာတွေ ရှိခဲ့ပါတယ်။

အစဉ်အလာအားဖြင့်တော့ လွှတ်တော်ဥက္ကဋ္ဌနဲ့ အပြိုင် အရွေးခံတာကို ရှောင်ရှားလေ့ ရှိကြပါတယ်။

ဆက်စပ် အကြောင်းအရာများ