နွာချေးကန်ထဲကျလို့ အီတလီမှာ အိန္ဒိယလူမျိုးတွေ သေ

အီတလီက နို့စားနွားမွေးမြူရေးခြံတစ်ခု ဓာတ်ပုံ မူပိုင် AFP
Image caption နွားချေးတွေက ထွက်တဲ့ဓာတ်ငွေ့တွေဟာ အလုပ်သမားတွေကို အန္တရာယ်ဖြစ်စေ

အီတလီမြောက်ပိုင်းပါဗီယာအရပ်က နို့စားနွားမွေးမြူရေးခြံတစ်ခြံမှာ နွားချေးကန်ထဲ ကျပြီး ပန်ဂျပ်ပြည်နယ်က ဆစ်ခ်လူမျိုး လေးယောက် သေဆုံးသွားပါတယ်။

စုံစမ်းစစ်ဆေးသူတွကတော့ သူတို့ဟာ နွားချေးက ထွက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေကြောင့် မူးမိုက်ပြီး အခုလို ဖြစ်ရတာလို့ ယူဆကြပါတယ်။ ကန်ရှင်းရင်း နစ်သွားတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို ကျန်တဲ့ သုံးယောက်က ဆင်းကယ်ဖို့ ကြိုးစားရင်း အားလုံး အသက်ဆုံးကြတာ ဖြစ်မယ်လို့လည်း သူတို့က ခန့်မှန်းပါတယ်။

နှစ်ယောက်က ခြံပိုင်ရှင် ညီအစ်ကို ဖြစ်ပြီး ကျန်တဲ့ နှစ်ယောက်ကတော့ အလုပ်သမားတွေဖြစ်ပါတယ်။ သူတို့အားလုံးဟာ အိန္ဒိယလူမျိုးတွေပါ။ ပရင်နဲ့ တာဆင်ဆင်း ညီအစ်ကိုက သူတို့ရဲ့ ခြံကို ၂၀၀၇ မှာ မှတ်ပုံတင်ခဲ့ပါတယ်။

အဲဒီခြံဟာ မီလန်မြို့ကနေ ၂၈ မိုင် ဝေးတဲ့နေရာမှာ ရှိပါတယ်။

ဆင်းညီအစ်ကိုတို့ရဲ့ ခြံက နို့စားနွား နဲ့ အသားစားနွားပေါက်လေးတွေ ကိုမွေးထားပြီး အီတလီမြောက်ပိုင်း ပါဗီယာဒေသမှာ အကြီးဆုံးခြံတွေထဲက တစ်ခု ဖြစ်ပါတယ်။

နွားချေးတွေကို ခြံထဲမှာ ရှိတဲ့ စိုက်ကွင်းတွေမှာ သုံးဖို့ မြေသြဇာအတွက် သိမ်းယူစုဆောင်းထားတာပါ။

စက်တင်ဘာ ၁၂ ရက် ကြာသပတေးနေ့တုန်းက နေ့လယ်စာစားဖို့ သူတို့ ခြံထဲက ပြန်မလာကြတဲ့အတွက် သူတို့ မိန်းမတွေက ရဲကို အကြောင်းကြားခဲ့တာပါ။ သူတို့က ခြံထဲကို လိုက်လာကြတဲ့အခါ ကန်ထဲမှာ တစ်ယောက်ရဲ့ အလောင်းကို စတွေ့လိုက်ကြရပါတယ်။

အဲဒီတော့မှ ဇနီးသည်တွေက မီးသတ်ကို ထပ်ခေါ်တဲ့အတွက် မီးသတ်သမား တွေရောက်လာပြီး မျက်နှာဖုန်းတွေ စွပ်လို့ ကန်ကို ရှင်းထုတ်တဲ့အခါမှာ ကျန်တဲ့ အလောင်းတွေကိုပါ တွေ့ရတာ ဖြစ်ပါတယ်။

အီတလီက သတင်းဌာန ရိုင်းကတော့ အခု ဖြစ်ရပ်ကြောင့် အီတလီမှာ ဒီနှစ်ထဲမှာပဲ လုပ်ငန်းခွင်မှာ သေဆုံးရသူ ၄၈၆ ယောက်ရှိသွားပြီလို့ ဆိုပါတယ်။ ဒီအရေအတွက်ဟာ ၂၀၁၆ ခုနှစ်က စလို့ အများဆုံးဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ