အင်္ဂလိပ်ရေလက်ကြားကို လေးခေါက်ဖြတ်ကူးနိုင်ခဲ့သူ အမျိုးသမီး

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
Sarah Thomas began her challenge on Sunday

ကင်ဆာရောဂါဝေဒနာကို ခံစားခဲ့ရသူ အမျိုးသမီးတစ်ယောက်ဟာ ဗြိတိန်နဲ့ ပြင်သစ်အကြားက အင်္ဂလိပ်ရေလက်ကြားကို မနားတမ်း လေးခေါက် ပထမဆုံး ဖြတ်ကူးနိုင်သူအဖြစ် စံချိန်တင်ခဲ့ပါပြီ။

အသက် ၃၇ နှစ်အရွယ် ဆာရာသောမတ်စ်ဟာ စက်တင်ဘာလ ၁၅ ရက်နေ့ မနက်အစောကြီးက စတင်ကူးခတ်ခဲ့ပြီး ၅၄ နာရီကျော်ကြာမှာပဲ သူ့ရဲ့ ရည်မှန်းချက်ကို ပြီးမြောက် အောင်မြင်ခဲ့ပါတယ်။ မြစ်ပြင်ကျယ်လို ရေစီးနေတဲ့ ရေပြင်မှာ မိုင်ချီတဲ့ ခရီးရှည်ကြီးတွေ ကူးခတ်လေ့ရှိသူ ဆာရာဟာ ပြီးခဲ့တဲ့ နှစ်ကမှ ရင်သားကင်ဆာ ဝေဒနာကို ကုသမှုခံယူပြီးဆုံးခဲ့သူပါ။ သူ့ရဲ့ အောင်မြင်မှုဟာ သူ့လိုပဲ ရောဂါကို အောင်မြင်ကျော်လွှားနိုင်သူ အားလုံးအတွက်ပါလို့ သူက ခရီးစဉ်အပြီးမှာ ပြောခဲ့ပါတယ်။

ရေလက်ကြားဖြတ် လေးခေါက်ခရီးစဉ်ဟာ ပုံမှန်အားဖြင့် မိုင် ၈၀ လောက်ပဲ ခရီးမိုင်ရှိပေမယ့် ရေစီးသန် ရေစီးကြမ်းတာကြောင့် မစ္စသောမတ်စ်က မိုင် ၁၃၀ နီးပါး ကူခတ်လိုက်ရပါတယ်။

နောက်ဆုံး ပန်းတိုင်ကိုတော့ စက်တင်ဘာ ၁၇ ရက်နေ့မနက် ဗြိတိသျှစံတော်ချိန် ၆ နာရီခွဲမှာ ရောက်ရှိခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Loretta Cox
Image caption ပန်းတိုင်ကို ရောက်တဲ့အချိန်မှာ သူ့တစ်ကိုယ်လုံး ဘာခံစားမှုမှ မရှိပဲဖြစ်နေတယ်လို့ ပြောပါတယ်။

ဒိုဗာဆိပ်ကမ်းကို ရောက်လာခဲ့ချိန်မှာ မစ္စသောမတ်စ်က သူအခုလို အောင်မြင်အောင် ကူးနိုင်ခဲ့တာကို မယုံနိုင်သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

"ကျွန်မတစ်ကိုယ်လုံး ဘာခံစားမှုမှ မသိတော့ဘူး၊ ကမ်းခြေမှာ ကျွန်မကိုတွေ့ဖို့ လာစောင့်နေသူတွေ၊ ချီးကျူးစကားပြောသူတွေ အများကြီးပဲ၊ တော်တော်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်မကတော့ ဘာမှ မပြောနိုင်လောက်အောင်ဖြစ်နေတယ်။"

အခုတော့ တော်တော်လေး ပင်ပန်းနေပြီမို့ ဒီနေ့ တစ်နေ့လုံး အိပ်ပစ်လိုက်ဖို့ စိတ်ကူးထားတယ်လို့ သူက ပြောပါတယ်။

ရေကူးသမား လူးဝစ်ပျူးဂျ်ကတော့ "လူသားရဲ့ ခံနိုင်ရည်အား အစွမ်းကုန်အထိ သုံးပြီးပြီလို့ ကျွန်တော်တို့ ယူဆချိန်မှာပဲ တစ်ယောက်ယောက်က အဲဒီ စံချိန်ကို ချိုးပြလိုက်တာပါပဲ" လို့ တွစ်တာကနေ မက်ဆေ့ချ်ရေးပါတယ်။

မစ္စသောမတ်စ်ရဲ့ မိခင် ဘက်ကီ ဘက်စတာကလည်း သူ့သမီး ရေကူးတဲ့ ခရီးတော်တော်များများကို သူလိုက်ဖူးတယ်၊ အခုအကြိမ်ကတော့ ကြောက်စရာ အကောင်းဆုံးပဲလို့ ပြောပါတယ်။

သူ့သမီးဟာ ခံနိုင်ရည်အတော်ကောင်းသူ ဖြစ်ပေမယ့် အခုတစ်ကြိမ်မှာ ဗိုက်အောင့်တာ တော်တော်ခံနေခဲ့ရတယ်လို့လည်း သူက ပြန်ပြောပြပါတယ်။

မစ္စသောမတ်စ်ဟာ မနှစ်က ရင်သားကင်ဆာ ဝေဒနာအတွက် ဆေးကုသမှု ခံယူခဲ့ရပြီး သူက ရေကူးတာကို အဲဒီကုသမှုတွေကို ခံနိုင်ရည်ရှိအောင် ပြင်ဆင် လေ့ကျင့်တာမျိုးအတွက် သုံးခဲ့တယ်လို့ သူ့ကို ကူညီပေးနေတဲ့ အဖွဲ့သားတွေက ပြောပါတယ်။

မာရသွန်ရေကူးတာကို ဘာကြောင့် လုပ်နေတာလဲ

မစ္စသောမတ်စ်ဟာ စီးနေတဲ့ ရေပြင်မှာ ခရီးရှည် ကူးခတ်ခြင်းနဲ့ အတွေ့အကြုံ အများကြီး ရှိသူပါ။ သူ ပထမဆုံး ရေပြင်ကျယ်မှာ ကူးခတ်တာကို ၂၀၀၇ မှာ စ လုပ်ခဲ့ပါတယ်။ အင်္ဂ်လိပ်ရေလက်ကြားကိုလည်း ၂၀၁၂ မှာ တစ်ကြိမ်၊ ၂၀၁၆ မှာ တစ်ကြိမ် ဖြတ်ကူးခဲ့ပါတယ်။

ဒါပေမယ့် အဲဒီလောက်နဲ့ သူ ကျေနပ်ခဲ့ပုံမရပါဘူး။

သူ့အကြောင်းမှတ်တမ်းကားရိုက်ကူသူ ဒါရိုက်တာ ဂျွန်ဝပ်ရှာကို မစ္စသောမတ်စ်က အခုလို ပြောခဲ့ဖူးပါတယ်။

"ကျွန်မ မိုင် ၂၀ ခရီးတွေ ကူးနေရင်းနဲ့ ကျွန်မစိတ်ထဲမှာ အတွေးပေါ်လာတယ်၊ အခုထက် ကျွန်မ ပို ကူးနိုင်လိမ့်ဦးမယ်၊ အဲဒီ ပိုတယ်ဆိုတာ ဘယ်လောက် ပိုတာဖြစ်မလဲဆိုတာလည်း သိချင်လာတယ်။"

၂၀၁၇ သြဂုတ်လမှာ မစ္စသောမတ်စ်ဟာ အမေရိကန်နဲ့ ကနေဒါနယ်စပ်က ချမ်ပလိန်ကန်ကြီးထဲမှာ ၁၀၄.၆မိုင် ခရီး ကူးခတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့မှာ ရင်သားကင်ဆာ ရှိနေပြီဆိုတာ သိလာရတာပါ။ သူ့ ကင်ဆာကုသမှု ခံယူတာက ၂၀၁၈ နွေရာသီမှာ ပြီးဆုံးခဲ့ပါတယ်။ အခုနောက်ဆုံး သူ့ရဲ့ ရေလက်ကြားဖြတ် ခရီးရှည် စံချိန်တင် အောင်မြင်မှုကိုတော့ သူ့လိုပဲ ကင်ဆာရောဂါကို အောင်မြင်ကျော်လွှားနိုင်ခဲ့သူတွေကို ရည်ညွှန်း ဂုဏ်ပြုခဲ့ပါတယ်။

Image caption ဆာရာသောမတ်စ်ကူးခဲ့တြ့ လမ်းကြောင်း

ခရီးမိုင် ဘယ်လောက် သူ ကူးခဲ့တာလဲ

မစ္စသောမတ်စ်ဟာ အင်္ဂလန်ကနေ ပြင်သစ်ကို အသွားအပြန်နှစ်ခေါက် စုစုပေါင်းလေးခေါက်၊ မိုင်အားဖြင့် ၅၄ မိုင်ကျော် ကူးခတ်ခဲ့တာပါ။ ခရီးအစအဆုံးဟာ တကယ်တမ်းဆိုရင် မိုင် ၈၀ လောက်ပဲ ရှိရမှာ ဖြစ်ပေမယ့် ရေလက်ကြားထဲမှာ ဒီရေလှိုင်းတက်တာတွေ ကြမ်းတော့ ကူးလိုက်ရတာ မိုင်ပေါင်း ၁၃၀ နီးပါး ဖြစ်သွားပါတယ်။

သူ့အရင်က ရေလက်ကြားကို သုံးကြိမ်အထိ မနားတမ်းကူးနိုင်သူက လေးယောက်ပဲရှိခဲ့ပါတယ်။ မစ္စသောမတ်စ်မတိုင်ခင် လေးကြိမ်ခရီးကို အောင်အောင်မြင်မြင် ဘယ်သူမှ မကူးနိုင်ခဲ့သေးပါဘူး။

မစ္စသောမတ်စ်ဟာ လူသားတစ်ယောက်ရဲ့ ခံနိုင်ရည်စွမ်းအားရဲ့ အတိုင်းအတာကို အစွမ်းကုန် စမ်းသပ်အောင်မြင်ခဲ့တာလို့ ချီးကျုးဂုဏ်ပြုကြပါတယ်။

သူရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ

ဒီရေလှိုင်းတွေက သူ့ကို မူလလမ်းကြောင်းကနေ အဝေးကို ဆွဲခေါ်ခေါ်သွားလို့ အဲဒါကို ရင်ဆိုင်ကျော်လွှားရတာ အရမ်းခက်ခဲခဲ့တယ်လို့ မစ္စသောမတ်စ်က ပြောပါတယ်။ လမ်းမှာ သူ ရေခူကိုက်တာလည်း ခံခဲ့ရပါသေးတယ်။

ဒါပေမယ့် အဆိုးဆုံးကတော့ ဆားငံရေတွေပါပဲလို့ သူက ပြောပါတယ်။ ဆားငံရေတွေက လည်ချောင်း၊ ပါးစပ်နဲ့ လျှာတွေကို နာကျင်စေတယ်လို့ ဆိုပါတယ်။

သူက ကူးခဲ့တဲ့ အခေါက်တိုင်းမှာ တစ်ခုမဟုတ်တစ်ခုကတော့ တော်တော် ခက်တာနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သူက ပြောပြပါတယ်။

"ပြင်သစ်ကနေ အင်္ဂလန်ဘက် ပြန်ကူးလာတဲ့ နောက်ဆုံး အခေါက်ကတော့ တော်တော်လေး ခက်ခဲတယ်လို့ ပြောပါတယ်။ ကမ်းကို ရောက်ကို မရောက်နိုင်ဘူး၊ ဒီလှိုင်းတွေကလည်း အဝေးကို ဆွဲခေါ်ခေါ်သွားပါတယ်" တဲ့။

"ရေခူတစ်ကောင်က မျက်နှာကိုလည်း ကိုက်တာခံခဲ့ရတယ်။ ရေက ကျွန်မထင်ထားသလောက်တော့ မအေးဘူး၊ ဒါပေမယ့် တော်တော်လေးတော့ စိမ့်ပါတယ်။"

သူက ရေလက်ကြားဖြတ်ကူးသူများအဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုလည်း လိုက်နာခဲ့ပါတယ်။ အဲဒီစည်းမျဉ်းအရ ရေကူးစဉ်မှာ ခေါင်းစွပ်တစ်ခု၊ ရေကူးမျက်မှန်နဲ့ ရေကူးဝတ်စုံကိုပဲ ဝတ်ပြီး ကူးခဲ့တာဖြစ်ပါတယ်။

မနားတမ်းကူးနေတယ်ဆိုတော့ ဘယ်လိုအစာစား ရေသောက်လဲ၊ ဘယ်လို မအိပ်ပဲနေခဲ့လဲ။

အာဟာရအတွက်တော့ မစ္စတသောမတ်စ်က ပရိုတိန်းတွေပါပြီး အထူးစီမံထားတဲ့ ဖျော်ရည်ကိုသောက်ပြီး အဲဒီဖျော်ရည်ထဲမှာ အိပ်ချင်စိတ်ဖျောက်ရအောင် ကဖိန်းလည်း နည်းနည်းထည့်ထားတယ်လို့ သိရပါတယ်။

အဲဒီဖျော်ရည်ဘူးကို ကြိုးတစ်ခုနဲ့ချည်ထားပြီး နာရီဝက်တစ်ကြိမ် သူ့ဆီ ပစ်ပေးရတယ်လို့ မစ္စသောမတ်စ်ရဲ့ မိခင်ကပြောပြပါတယ်။

မစ္စသောမတ်စ်ဟာ အခုဆို ကမ္ဘာ့စံချိန်တစ်ခုကို စိုက်ထူလိုက်နိုင်ပါပြီ။ သူ ခရီးစဉ်အောင်မြင်ပြီးဆုံးလို့ ကမ်းပေါ်တက်လာနိုင်ချိန်မှာတော့ ရှမ်ပိန်ဖွင့် ချောကလက်စားပြီး အောင်ပွဲခံခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ