တာ့ဂျ်မဟာ ထက်တောင် ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ အိန္ဒိယက ကျူးကျော်ရပ်ကွက်

အိန္ဒိယ၊ တာ့ဂျ်မဟာ၊ ကျူးကျော်ရပ်ကွက် ဓာတ်ပုံ မူပိုင် Getty Images
Image caption နာမည်ကြီး တာ့ဂျ်မဟာဗိမာန် ထက်တောင် ဒါရာဗီ ကျူးကျော်ရပ်ကွက်ကို ကမ္ဘာလှည့်ခရီးသွားတွေ ပိုအသွားများ

"သွားခဲ့ရကျိုးနပ်တဲ့ နေရာပဲ" လို့ အိန္ဒိယနိုင်ငံ မန်ဘိုင်းမြို့မှာ ရှိတဲ့ ဒါရာဗီ ကျူးကျော်ရပ်ကွက် ကို သွားကြည့်ခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည် တစ်ယောက်က ပြောပါတယ်။ အဲဒီမှာ လူတိုင်းက ဖော်ရွေကြပြီး တောင်းစားတဲ့သူ တစ်ယောက်မှ မရှိဘူးလို့ ဆိုပါတယ်။

အဲဒီခရီးသည်ဟာ အာရှဒေသရဲ့ အကြီးဆုံး ကျူးကျော်ရပ်ကွက်ရဲ့ လမ်းကြိုလမ်းကြားတွေထဲ လျှောက်သွားကြည့်ခဲ့ကြတဲ့ ကမ္ဘာလှည့်ခရီးသည် ထောင်ပေါင်းများစွာထဲက တစ်ဦး ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကို အပန်းဖြေခရီး လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လုပ်လေ့ ရှိတဲ့ ခရီးစဉ်ထဲမှာ အဲဒီကျူးကျော်ရပ်ကွက်မှာ နေတဲ့ ဆင်းရဲသားတွေရဲ့ တကယ့်ဘဝ ဘယ်လို ရှိသလဲ ဆိုတာကို ကိုယ်တိုင် သွားကြည့်တဲ့ အစီအစဉ်က ထိပ်ဆုံးက ပါပါတယ်။

အိန္ဒိယနိုင်ငံကို လာလည်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေအကြား ရေပန်းအစားဆုံး ခရီးစဉ်လို့ သတ်မှတ်ထားပြီး တာ့ဂျ်မဟာ ထက်တောင် အသွား ပိုများတဲ့ အဲဒီ ဒါရာဗီ ကျူးကျော်ရပ်ကွက် ခရီးစဉ်ကို TripAdvisor ခရီးသွားဝက်ဆိုက်က "ခရီးသွားတွေရဲ့ အကြိုက်ဆုံးဆု" ချီးမြှင့်ခဲ့ပါတယ်။

အဲဒီကို လာကြည့်ကြတဲ့ ခရီးသွား အများစုဟာ အမေရိကန်၊ ယူကေ၊ သြစတြေးလျ နိုင်ငံတွေက ဖြစ်တယ်လို့ ကျူးကျော်ရပ်ကွက်ခရီးစဉ် စီစဉ်ပေးတဲ့ Reality Tours and Travel ကုမ္ပဏီကို ၂၀၀၅ ခုနှစ်က ပူးတွဲ တည်ထောင်သူ ခရစ်ရှ်နာ ပူဂျာရီ က ပြောပါတယ်။

အဲဒီကုမ္ပဏီဟာ ဒါရာဗီ ကျူးကျော်ရပ်ကွက် တစ်ခုတည်းကိုပဲ အဓိကထားပြီး ခရီးစဉ်တွေ စီစဉ်ပေးတဲ့ ကနဦးကုမ္ပဏီတွေထဲက တစ်ခု ဖြစ်ပါတယ်။

"ဒီကုမ္ပဏီကို ပူးတွဲထောင်ခဲ့တဲ့ ဗြိတိသျှလူမျိုး ခရစ်စ် ဝေး က ဒီကျူးကျော်ရပ်ကွက် ခရီးစဉ် စစီစဉ်ရအောင်လို့ စ အကြံပေးတုန်းက ကျွန်တော် သိပ်နားမလည်မိခဲ့ဘူး။ ဆင်းရဲသားရပ်ကွက်လို နေရာမျိုးကို ဘယ်သူက သွားချင်မှာလဲပေါ့။ ဒါပေမဲ့ အဲဒီနေရာမှာ ကြည့်စရာတွေ၊ သင်ခန်းစာ ယူစရာတွေ အများကြီး ရှိတယ် ဆိုတာကို ကျွန်တော် သဘောပေါက်ခဲ့တယ်" လို့ သူက ပြန်ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒါရာဗီ ကျူးကျော်ရပ်ကွက်ဟာ အာရှမှာ အကြီးဆုံးနဲ့ လူနေ အထူထပ်ဆုံး ကျူးကျော်ရပ်ကွက်ဖြစ်

ဒါရာဗီ ကျူးကျော်ရပ်ကွက်ဟာ မွန်ဘိုင်း မြို့လယ်ခေါင် အချက်အချာ ကျတဲ့ နေရာမှာ တည်ရှိပါတယ်။

မဆုံးနိုင်တဲ့ လမ်းကြိုလမ်းကြားတွေ၊ ပြွတ်သိပ်နေတဲ့ အိမ်တွေ၊ အလုပ်ရုံတွေနဲ့ ပြည့်နေတဲ့ အဲဒီ ကျူးကျော်ရပ်ကွက်မှာ နေထိုင်နေသူ တစ်သန်း နီးပါး ရှိတယ်လို့ ခန့်မှန်းရပါတယ်။

အဲဒီမှာ အများသုံး အိမ်သာတွေ၊ ရေဘုံဘိုင်တွေ ရှိပေမဲ့ လမ်းကြားတလျှောက် ဟောင်းလောင်းပေါက် မိလ္လာပိုက်တွေ တွေ့ရပြီး အညစ်အကြေးစွန့် စနစ်က ဆိုးဝါး ချို့တဲ့လွန်းပါတယ်။

အဲဒီရပ်ကွက်ထဲ နေထိုင်သူ အတော်များများဟာ ရပ်ကွက်တွင်းက ဇာထိုးပန်းထိုး အဝတ်တွေ၊ ပြည်ပပို့ သားရေပစ္စည်းတွေ၊ အိုးခွက် ပလတ်စတစ်တွေ ထုတ်လုပ်တဲ့ အသေးစား လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ အဲဒီက စီးပွားရေးလုပ်ငန်းတွေက ရတဲ့ နှစ်စဉ်ဝင်ငွေဟာ ဒေါ်လာ သန်း ၆၅၀ ကျော်မယ်လို့ ခန့်မှန်းရပါတယ်။

ဒါပေမဲ့ အဲဒီမှာ အမှိုက်ကောက်သူတွေ၊ တက္ကစီမောင်းသူတွေ၊ အလုပ်ကြမ်းသမားတွေလည်း နေထိုင်ပါတယ်။

သူတို့အားလုံး နားရက်မရှိသလောက် နေ့စဉ် အလုပ်လုပ်ကြရပါတယ်။

ကျူးကျော်ရပ်ကွက် အတွေ့အကြုံခရီးစဉ်

ဒီတော့ ကမ္ဘာလှည့်ခရီးတွေ ဒီနေရာကို မဖြစ်မနေ ဘာ့ကြောင့် လာပြီး ကြည့်ကြတာပါလဲ။

၂၀၁၆ ခုနှစ်တုန်းက ဒါရာဗီ ကျူးကျော်ရပ်ကွက်ကို ၆ နာရီကြာ လှည့်လည် ကြည့်ခဲ့တဲ့ မယ်လစ်ဆာ နစ်စ်ဘက် က "ဟိုးအစကတည်းက ဆင်းရဲသားရပ်ကွက်တွေကို ကျွန်မတို့ သွားကြည့်ခဲ့ပါတယ်။ ပထမတော့ အပျော်သဘော သွားခဲ့တာပါ။ နောက်တော့ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ရည်ရွယ်ချက်နဲ့ သွားခဲ့တာပါ " လို့ ပြောပြပါတယ်။

အခုအခါ ဒါရာဗီ ကျူးကျော်ရပ်ကွက်ထဲမှာတင် ဝန်ဆောင်ခ ပုတ်ပြတ်နှုန်းနဲ့ ခရီးစဉ် အစအဆုံး တာဝန်ယူ စီစဉ်ပေးတဲ့ ကုမ္ပဏီတွေ ရှိနေပါပြီ။ သူက အဲဒီထဲက အကောင်းဆုံး စီစဉ်ပေးတဲ့ ကုမ္ပဏီတစ်ခုကို ရွေးခဲ့ပါတယ်။

ကိုယ်ပိုက်ဆံ ဘယ်လောက် သုံးချင်သလဲ ဆိုတာပေါ် မူတည်ပြီး ကုမ္ပဏီတွေက လေအေးစက် တပ်ထားတဲ့ သယ်ယူပို့ဆောင်ရေးလို ကိုယ့်အကြိုက် ဝန်ဆောင်မှုတွေ ပေးပါတယ်။

ဓာတ်ပုံ မူပိုင် Reality Tour & Travel
Image caption ဒီခရီးစဉ်တွေကြောင့် ကျူးကျော်ရပ်ကွက်တွေအကြောင်း ပိုသိနားလည်လာစေတယ်လို့ Reality Tour & Travel ခရီးသွားကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ခရစ်ရှနာ ပူဂျာရီ က ပြောပါတယ်။

ဒါ့အပြင် Inside Mumbai လို့ အမည်ပေးထားတဲ့ မွန်ဘိုင်းမြို့တွင်းခရီးစဉ် လို အစီအစဉ်တွေလည်း ရှိပါသေးတယ်။ အဲဒီ ခရီးစဉ်တွေမှာတော့ ယဉ်ကျေးမှု ဖလှယ်တဲ့ အနေနဲ့ ကျူးကျော်ရပ်ကွက်တွင်းက အိမ်တစ်ခုထဲမှာ နေ့လည်စာ စားရတဲ့ အတွေ့အကြုံလည်း ယူနိုင်ပါတယ်။

ဒီကျူးကျော်ရပ်ကွက် ခရီးစဉ်ဟာ ကမ္ဘာတဘက်ခြမ်းကလူတွေ နောက်ကမ္ဘာတဘက်ခြမ်းကို သွားပြီး အဲဒီက ဆင်းရဲသား လူမှုအသိုင်းအဝိုင်း အကြောင်း စူးစမ်းလေ့လာတဲ့ ခရီးစဉ်လို့ မယ်လစ်ဆာက ယူဆပါတယ်။

တကယ်တန်းမှာတော့ အိန္ဒိယနိုင်ငံဟာ ဘရာဇီး၊ တောင်အာဖရိက စတဲ့ နိုင်ငံတွေနဲ့ ယှဉ်ရင် ဒီ ကျူးကျော်ရပ်ကွက် ခရီးစဉ်တွေ စလုပ်တာ သိပ်မကြာသေးဘူးလို့ ပြောရမှာပါ။ အဲဒီနိုင်ငံတွေမှာ ဒီလို ကျူးကျော်ရပ်ကွက်တွေကို သွားရောက်ကြည့်ရှုတဲ့ ခရီးစဉ်တွေ လုပ်နေတာ အခုဆို အတော်လေး ကြာနေပါပြီ။

"ဒါရာဗီ ကျူးကျော်ရပ်ကွက်တွေကို သွားကြည့်ခဲ့တုန်းက ကျွန်မလိုပဲ တခြား ကမ္ဘာလှည့် ခရီးသည်တွေလည်း ကျူးကျော်ရပ်ကွက်က ဆင်းရဲသားတွေရဲ့ တကယ့် လက်တွေ့ဘဝကို ပိုသိနားလည်ချင်လို့ သွားကြတာလို့ ထင်ခဲ့မိပါတယ်"လို့ မယ်လစ်ဆာ က ပြောပါတယ်။

ဒါပေမဲ့ သူတွေ့ရ၊ ကြားရတာတွေကြောင့် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

ဆင်းရဲမွဲတေမှုကို အမွှန်းတင်နေကြသလား

လူတွေက ကျူးကျော်ရပ်ကွက်တွေကို ပြဿနာတစ်ရပ်အနေနဲ့ ရှေ့တန်းမတင်ကြတော့ပါဘူး။ ဆင်းရဲမွဲတေမှုကို သာမန် ပုံမှန်လိုပဲ သဘောထားပြီး တချို့နေရာတွေမှာ အမွှန်းတင် ပြောတာတွေ လုပ်လာကြပါတယ် လို့ မယ်လစ်ဆာက ပြောပါတယ်။

"ကျူးကျော်ရပ်ကွက်က လူတွေနဲ့ ကျွန်မတို့ကို စကားအပြောအဆို မလုပ်ခိုင်းတဲ့အတွက် သူတို့ရဲ့ စိတ်ခံစားချက်တွေကို တိုင်းတာဖို့ ခက်ပါတယ်။ အဲဒီလူတွေက သူတို့ နိစ္စဓူဝ ပုံမှန် သွားလာပြုမူနေတဲ့အတိုင်းပဲ လုပ်နေကြပြီး ကျွန်မတို့ကို အရေးထား ဂရုစိုက်တာမျိုး မရှိပါဘူး" လို့ သူက ပြောပါတယ်။

ကျူးကျော်ရပ်ကွက်က အပြန်မှာ မယ်လစ်ဆာ က တခြား ကမ္ဘာလှည့်ခရီးသည်တွေရဲ့ အတွေ့အကြုံတွေကို သိရအောင် TripAdvisor ခရီးသွား ဝက်ဆိုက်ပေါ်က မှတ်ချက် ရာပေါင်းများစွာကို ဖတ်ရှုလေ့လာခဲ့ပါတယ်။

အဲဒီအခါမှာတော့ အဲဒီကို သွားခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည် အများစုဟာ အစပိုင်းမှာ ဆင်းရဲမွဲတေမှုအကြောင်း စိုးရိမ်မကင်း ဖြစ်မှုတွေ ရှိခဲ့ပေမဲ့ အဲဒီကနေ ထွက်လာတဲ့အခါမှာတော့ ဆင်းရဲမွဲတေမှု ပြဿနာ ဘာမှ မရှိဘူးလို့ ယူဆခဲ့ကြတယ် ဆိုတာကို ဖတ်ရှုတွေ့ရှိခဲ့ပါတယ်။

"ကျူးကျော်ရပ်ကွက်ကို သွားကြည့်ပြီး ပြန်လာတဲ့သူတွေက အဲဒီလိုသာ ယူဆနေကြတယ် ဆိုရင် တခုခုတော့ မှားနေပြီလို့ ကျွန်မ ထင်လိုက်မိပါတယ်"

"ဒီကျူးကျော်ရပ်ကွက် ခရီးစဉ်က ရည်ရွယ်ချက်ကောင်းကောင်းနဲ့ လုပ်ခဲ့ပြီး ဝင်ငွေလမ်း ရှာပေးနိုင်တဲ့ နေရာတစ်ခုအဖြစ် ကျူးကျော်ရပ်ကွက်ကို ပုံဖော်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ နေထိုင်နေတဲ့ လူအများစုဟာ ဇာတ်နိမ့် ဇာတ်မြင့်စနစ်ကြောင့် ခွဲခြား ဆက်ဆံ ခံနေရတာ၊ သူတို့မှာ လျှပ်စစ်မီး၊ သောက်ရေသန့် နဲ့ တခြား အခြေခံပစ္စည်း အတော်များများ မရကြတာ စတဲ့ ကိစ္စတွေကိုတော့ ချန်လှပ်ထားခဲ့ကြပါတယ်"လို့ မယ်လစ်ဆာ က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆင်းရဲသားတွေရဲ့ ဘဝအကြောင်း တစေ့တစောင်းကို ကျူးကျော်ရပ်ကွက် ခရီးစဉ်အတွင်း ကမ္ဘာလှည့်ခရီးသည်တွေ တွေ့ခွင့်ရခဲ့

တခြားခရီးသွားကုမ္ပဏီတွေက ခရီးသည်တွေကို အဲဒီမှာ ဓာတ်ပုံရိုက်ခွင့် ပြုတာကို တွေ့ခဲ့ရပြီး ဒီလိုလုပ်တာဟာ ရပ်ကွက်သားတွေကို အနေရ ကျပ်စေနိုင်တယ်လို့ သူယူဆမိကြောင်း မယ်လီဆာ က ပြောပါတယ်။

ဆင်းရဲသားတွေရဲ့ ဘဝကို လေ့လာခဲ့သူလည်း ဖြစ် Observer Research Foundation ရဲ့ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်တဲ့ အဒစ်တီ ရာသို ကလည်း ရပ်ကွက်သူ ရပ်ကွက်သားတွေအနေနဲ့ သူတို့ဘဝကို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် အများအပြား စိတ်ဝင်တစား ရှိကြတာအပေါ် အံ့သြမိကြမှာ အမှန်ပါပဲ လို့ ပြောပါတယ်။

"တချိန်တည်းမှာပဲ ဒီခရီးစဉ်တွေကြောင့် စီးပွားရေး အကျိုးအမြတ် ဒါမှမဟုတ် အလုပ်အကိုင် အခွင့်အရေးတွေ တိုက်ရိုက် ခံစားရတယ်လို့ ရပ်ကွက်သား အနည်းအပါးက ပြောပြကြပါတယ်။ ဘယ်လို အပြုသဘော ရလဒ်ပဲဖြစ်ဖြစ် ဒါတွေက သိပ်ပြီး အခိုင်အမာ မရှိလှပဲ ရေတို အကျိုးရလဒ်တွေပဲ ဖြစ်ပါတယ်"လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ကျူးကျော်ရပ်ကွက် ခရီးစဉ်တွေကို စီစဉ်ပေးနေတဲ့ Reality Tours and Travel ကုမ္ပဏီကို ပူးတွဲ တည်ထောင်သူ ခရစ်ရှ်နာ ပူဂျာရီ ကတော့ ဒီအချက်တွေကို လက်မခံပါဘူး။

ကြံရည်ဖန်ရည် စိတ်ဓာတ်

ကြံရည်ဖန်ရည် စိတ်ဓာတ်ကို ဗန်းပြပြီး သူ့ကုမ္ပဏီအနေနဲ့ ကျူးကျော်ရပ်ကွက်က ဆင်းရဲသားတွေရဲ့ ဘဝအကြောင်း လူတွေရဲ့ ထင်မြင် ယူဆထားမှု တွေကို ပြောင်းလဲသွားအောင်၊ ဘက်စုံအမြင်ရအောင် လုပ်ပေးနိုင်တယ်လို့ သူက ပြောပါတယ်။

"မီးကြိုးသွယ်တာကအစ သုံးပြီးသားပစ္စည်းတွေကို အသစ်ပြန်ထုတ်လုပ်တဲ့ လုပ်ငန်းအထိ ဒီခရီးစဉ်မှာ အမှန်အတိုင်း အပြည့်အဝ ပြခဲ့ပါတယ်။ ဒါပေမဲ့ ကျူးကျော်ရပ်ကွက်ဆိုတာ ဆင်းရဲသားတွေ၊ သူတောင်းစားတွေ၊ ဘေးအန္တရာယ်တွေနဲ့ ပြည့်နေတဲ့ နေရာလို့ လူတွေ ထင်နေတာကို ကျွန်တော်တို့က ပြောင်းလဲပစ်ချင်တာပါ။ အဲဒီကို သွားကြည့်တဲ့ ခရီးသည်တွေအနေနဲ့ အဲဒီမှာ ဘယ်လို အခြေအနေ ရှိသလဲ ဆိုတာ သူတို့ကိုယ်တိုင် ကြည့်နိုင်ပါတယ်"

သူ့ခရီးသွားကုမ္ပဏီက အဲဒီမှာ ခရီးသည်တွေ ဓာတ်ပုံရိုက်တာကို ကန့်သတ်ထားပါတယ်။ ကင်မရာ လုံးဝယူခွင့်မပြုဘူး ဆိုတဲ့ မူချမှတ်ထားပါတယ်လို့ သူက ပြောပါတယ်။

ကျူးကျော်ရပ်ကွက်မှာ နေထိုင်နေတဲ့ ဆင်းရဲသားတွေအတွက် ပညာရေး စီမံကိန်း အတော်များများကို သူ့ကုမ္ပဏီရဲ့ ပရဟိတ အဖွဲ့ခွဲ Reality Gives အဖွဲ့ကနေ တဆင့် ထောက်ပံ့ဆောင်ရွက်နေတယ်လို့ ခရစ်ရှ်နာ ပူဂျာရီက ပြောပြပါတယ်။ ဒီထောက်ပံ့ငွေတွေကို ခရီးစဉ်တွေက ရတဲ့ အမြတ်ငွေတွေကို သုံးပြီး ပေးခဲ့တာလို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ အဲဒီ ကျူးကျော်ရပ်ကွက်မှာ လူ ၆၅ သန်းလောက် နေထိုင်နေတယ်လို့ သိရပါတယ်။ လူတွေ နေထိုင်ဖို့ မသင့်လျော်တဲ့ အိမ်တွေနဲ့ ပြည့်ကျပ်နေတဲ့ လူနေရပ်ကွက်တစ်ခု အဖြစ်လည်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မွန်ဘိုင်းမြို့ ဒါရာဗီ ကျူးကျော်ရပ်ကွက်ထဲမှာ အလုပ်သမားတွေကို မဝရေစာ ပေးပြီး ခိုင်းစားနေတဲ့ အသေးစား လုပ်ငန်းတွေ ပြွတ်သိပ် ရှိနေ

Inside Mumbai ခရီးအစီအစဉ်အတွက် ခရီးစဉ်တွေ ဆောင်ရွက်နေတဲ့ မိုဟာမက် က အဲဒီကျူးကျော်ရပ်ကွက်မှာ နေထိုင်နေသူတွေရဲ့ ဇွဲသတ္တိ၊ ဒူပေနာပေ ခံနိုင်မှုတွေကို ကမ္ဘာလှည့်ခရီးသည်တွေ ကိုယ်တိုင် မျက်မြင် တွေ့နိုင်ခွင့် ရကြလိမ့်မယ်လို့ ယူဆပါတယ်။ ဒီလူ့အသိုင်းအဝိုင်းကို လစ်လျူရှုထားပြီး သူတို့မရှိသလို ဟန်ဆောင်နေတာဟာ လူအမြောက်အမြားအပေါ် ကျူးလွန်တဲ့ တကယ့်ရာဇဝတ်မှုကြီး ဖြစ်လာလိမ့်မယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဒီလို ခရီးစဉ်မျိုးက ပုဂ္ဂိုလ်ရေး ချမ်းသာကြွယ်ဝမှုကို ကျော်လွန်ပြီး အခြေခံအဆောက်အအုံပိုင်း ပြောင်းလဲမှုတွေအထိ ဖြစ်လာစေနိုင်မှာပါလား။

"ဒီကြိုးပမ်းဆောင်ရွက်မှုတွေက ရှုပ်ထွေးနက်နဲပြီး ကျယ်ပြန့်တဲ့ ဆင်းရဲမွဲတေမှု ကိစ္စတွေကို လုံလုံလောက်လောက် ဖြေရှင်းနိုင်ဖွယ် မရှိဘူး" လို့ လက်စတာ တက္ကသိုလ်က ကထိကတစ်ဦး ဖြစ်သူ ဖေဘီယန် ဖရန်ဇယ်လ် က ပြောပါတယ်။

အဲဒီအစား ဒီလို ခရီးစဉ်တွေရဲ့ အပြုသဘော အကျိုးရလဒ်တွေကြောင့် ဒီဆင်းရဲသား ရပ်ကွက်တွေကို လူတွေ တွေ့မြင်လာနိုင်ခွင့်ရလာတယ်၊ အရင်းအမြစ်တွေ ပိုခွဲဝေရလာအောင် ဆင်းရဲသားတွေ တောင်းပိုင်ခွင့် ရှိလာတယ်၊ ဒီလိုကျူးကျော်ရပ်ကွက်တွေကနေ နှင်ထုတ်ခံရမယ့် အန္တရာယ်တွေကို ကာကွယ်နိုင်စွမ်း ရှိလာတယ်လို့ သူက ပြောပါတယ်။

နိုင်ငံရေး အလားအလာ

လက်ရှိခရီးစဉ်တွေကနေ ဆင်းရဲသားရပ်ကွက်တွေအကြောင်း ရှုထောင့်တစ်ခုထဲကနေ ပုံဖော်တာမျိုး ရှိလာနိုင်ပေမယ့် ဒီခရီးစဉ်ဟာ နိုင်ငံရေးနဲ့ လူမှုရေး အသိကို ပုံဖော်ဖို့ အခွင့်အလမ်းတစ်ခုအဖြစ် ဖေဘီယန်က ယူဆပါတယ်။

"အိန္ဒိယနိုင်ငံဟာ လကမ္ဘာကိုတောင် ရော့ကက်ဒုံးပျံတွေ ပစ်လွှတ်နေပါပြီ။ ဒါပေမဲ့ လူဦးရေ အများစုက သင့်တင့်လျောက်ပတ်တဲ့ အိမ်၊ အညစ်အကြေး စွန့်စနစ် အပါအဝင် ထိုက်သင့်တဲ့ ဝန်ဆောင်မှုတွေ မရကြပါဘူး"

"ကျူးကျော်ရပ်ကွက် ခရီးသွားလုပ်ငန်းဟာ အိန္ဒိယ ကြေးရတတ်တွေအတွက်တော့ သိက္ခာကျစရာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ ဒီလုပ်ငန်းကြောင့် နိုင်ငံရေး ရွေးချယ်မှုတွေ၊ မတရားမှုတွေကို မီးမောင်းထိုးပြပေးနေတဲ့ နိုင်ငံရေး အလားအလာ ရှိလာနိုင်တယ် ဆိုတာ ထင်ရှားနေပါတယ်" လို့ ပြောပါတယ်။