ဟောင်ကောင်မှာ မျက်နှာဖုံးစွပ် ဆန္ဒပြမှု ပိတ်ပင်ချက်ကြောင့် နောက်ထပ် လူထု ဆန္ဒပြပွဲကြီး ထပ်ပေါ်ပေါက်

ဟောင်ကောင်၊ မျက်နှာဖုံးစွပ်၊ ဆန္ဒပြ ဓာတ်ပုံ မူပိုင် Reuters
Image caption မျက်နှာဖုံးစွပ်တာဟာ ဟောင်ကောင် ဆန္ဒပြမှုတွေရဲ့ သင်္ကေတသစ်တစ်ခု ဖြစ်လာ

ဟောင်ကောင်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားက အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ အစိုးရက ပိတ်ပင်ထားပေမဲ့ မျက်နှာဖုံးစွပ် ဆန္ဒပြခဲ့ကြပါတယ်။

အထက်တရားရုံးက အတည်ပြုခဲ့တဲ့ မျက်နှာဖုံးစွပ် ဆန္ဒပြမှု ပိတ်ပင်တဲ့ အမိန့်ကို ပူးပေါင်း ဖီဆန် တုံ့ပြန်တဲ့အနေနဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဆန္ဒပြသူတွေဟာ မျက်နှာဖုံးတွေ စွပ်ပြီး စုရပ်နေရာ အတော်များများကနေ ထွက်ခွာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

သောကြာနေ့တုန်းက ဆူပူဆန္ဒပြသူတွေရဲ့ တိုက်ခိုက်ဖျက်ဆီးတာကို ခံခဲ့ရတဲ့ မက်ထရို ရထားတွေကို တချို့နေရာတွေမှာ ပြန်လည် ပြေးဆွဲနေပြီဖြစ်ပါတယ်။

လနဲ့ချီ ကြာနေပြီ ဖြစ်တဲ့ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုတွေအတွင်း မျက်နှာဖုံးစွပ် ဆန္ဒပြတာက အခုအခါ လူတွေရဲ့ အာရုံစိုက်စရာ ဖြစ်လာနေပါတယ်။

အခုသီတင်းပတ်အတွင်းမှာ ဆန္ဒပြသူတွေကို ရဲတွေက ကျည်ဆံ အစစ်တွေ သုံးပြီး လူစုခွဲခဲ့ရာမှာ လူနှစ်ဦး ဒဏ်ရာ ရခဲ့အပြီး ဆူပူအုံကြွမှုတွေ ပိုဖြစ်လာအောင် မီးထိုးပေးသလို ဖြစ်ခဲ့ပါတယ်။

ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ် က ဗြိတိသျှ ကိုလိုနီခေတ်က ပြဌာန်းခဲ့တဲ့ အခွင့်အာဏာကို သုံးပြီး ဒီပိတ်ပင်ချက်ကို ထုတ်ပြန်ခဲ့တာပါ။

တရုတ်အစိုးရ လက်အောက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်း ပေးထားတဲ့ ဟောင်ကောင်မှာ ဒီမိုကရေစီ အခွင့်အရေးတွေ တဖြည်းဖြည်း လျော့ပါးလာနေတယ်လို့ ဆန္ဒပြသူတွေက ပြောနေပါတယ်။

အခုဆန္ဒပြမှုသစ်တွေက ဘယ်လောက် ကြီးသလဲ

သောကြာနေ့ ဆူပူအုံကြွမှုတွေ ဖြစ်ပွားခဲ့အပြီး စနေနေ့တုန်းက ဆန္ဒပြမှုတစ်ခုအတွင်း လူအတော်များများ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

ကော့စ်ဝေးဘေး ရပ်ကွက်မှာ တန်ဖိုးကြီး စတိုးဆိုင်ကြီးတွေ လုံးဝ ပိတ်ထားပြီး သာမန်စျေးဆိုင်တွေလည်း စောစော ပိတ်သိမ်းကုန်ကြတာ တွေ့ရပါတယ်။

သောကြာနေ့တုန်းက ဆူပူ အုံကြွသူတွေက စျေးဆိုင်တွေ၊ မီးရထား ဘူတာရုံတွေကို တိုက်ခိုက် ဖျက်ဆီးခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption အစိုးရ အသစ်ပြဌာန်းလိုက်တဲ့ ပိတ်ပင်ချက် ဥပဒေကို ဖီဆန်ပြီး ဆန္ဒပြသူအတော်များများက မျက်နှာဖုံးစွပ်တွေဝတ် ဆန္ဒပြခဲ့ကြ

"လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ဖို့ နောက်ထပ် အခွင့်အရေး ဘယ်လောက်ရမလဲ ဆိုတာ မသေချာပါဘူး။ ဒီဆန္ဒပြမှုကြောင့် အစိုးရရဲ့ သဘောထားအပေါ် ကြီးကြီးမားမား ရိုက်ခတ်မှု ရှိလာမှာ မဟုတ်ပေမဲ့ ဒီလို ဆိုးဝါးတဲ့ ဥပဒေမျိုးကို ကျွန်မတို့ လက်သင့်ခံမှာ မဟုတ်ဘူးဆိုတာကို ကမ္ဘာက အာရုံစိုက်လာမယ်လို့ မျှော်လင့်ပါတယ်" လို့ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးစွပ် ဝတ်ဆင်ထားသူ အသက် ၁၈ နှစ်အရွယ် ဟေဇယ်လ် ချန်းက ဘီဘီစီကို ပြောပါတယ်။

နောက်ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် ရိုင်လီ ဖန်း ကလည်း "လူတွေ သန်းနဲ့ချီ ထွက်ဆန္ဒပြခဲ့ကြတုန်းကတောင် ကျွန်မတို့ရဲ့ တောင်းဆိုချက်တွေကို အစိုးရက လစ်လျူရှုခဲ့သေးတာ၊ အခု ဒီဆန္ဒပြမှုလေးလောက်ကို ဂရုစိုက်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်" လို့ ပြောပါတယ်။

ဒါပေမဲ့ ဆန္ဒ ထုတ်ဖော်ပြတဲ့ အနေနဲ့ ဆန္ဒပြမှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေက ဘယ်လို တုံ့ပြန်ဆောင်ရွက်နေသလဲ

ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီ လမ် က "ကျွန်မတို့ ချစ်မြတ်နိုးတဲ့ ဟောင်ကောင်ကို ထိခိုက်ပျက်စီးအောင် ခိုးဆိုးလုယက်သူတွေကို နောက်ထပ်လုပ်ခွင့် မပြုနိုင်တော့ပါဘူး" လို့ ဆိုရင်း အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် တားဆီးမယ်လို့ စနေနေ့တုန်းက ကတိပြု ပြောသွားခဲ့ပါတယ်။

ဆန္ဒပြသူတွေရဲ့ ဆိုးဝါးပြင်းထန်တဲ့ အကြမ်းဖက်မှုတွေဟာ ဟောင်ကောင် လူထုရဲ့ လုံခြုံရေးကို အန္တရာယ်ပြုလာနေတဲ့အတွက် အခုလို မျက်နှာဖုံးစွပ် ဆန္ဒပြတာကို တားမြစ်ပိတ်ပင်တဲ့ ဥပဒေ ထုတ်ပြန်ခဲ့ရတာလို့ သူက ပြောပါတယ်။

ဒီဥပဒေကို အတိုက်အခံ ဥပဒေပြုရေးဆွဲသူတွေက ဥပဒေကြောင်းအရ ဒုတိယအကြိမ် ကန့်ကွက်လျှောက်ထားခဲ့ပေမဲ့ အထက်တရားရုံးက ပယ်ချခဲ့ပါတယ်။

ဒီဥပဒေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်တွေကို ပိတ်ပင်ထားတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ အတိုက်အခံ ဥပဒေပြုရေးဆွဲသူတွေက ကန့်ကွက်ခဲ့ကြတာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စနေနေ့တုန်းက မျက်နှာဖုံးစွပ် ဆန္ဒပြခဲ့ကြသူနှစ်ဦး

အခြေအနေက ဘယ်လောက် အန္တရာယ် ရှိနေသလဲ

ပြီးခဲ့တဲ့ လတွေအတွင်း ဟောင်ကောင်ရဲတွေနဲ့ ဆန္ဒပြလှုပ်ရှားသူတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေက တဖြည်းဖြည်း အကြမ်းဖက်မှုအသွင် ဆောင်လာခဲ့ပါတယ်။

အင်္ဂါနေ့တုန်းက ရဲတွေက ဆန္ဒပြသူတစ်ဦးကို ပထမဆုံးအကြိမ် အဖြစ် ကျည်အစစ် သုံးပြီး ပစ်ခဲ့ရာမှာ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။ အဲဒီလူငယ်ဟာ ရဲအရာရှိတစ်ဦးကို တိုက်ခိုက်ခဲ့တယ်လို့ ရဲတွေဘက်က စွပ်စွဲခဲ့ပါတယ်။

သောကြာနေ့တုန်းကလည်း ဟောင်ကောင် အနောက်ပိုင်း ယွန်လောင်းမြို့မှာ အသက် ၁၄ နှစ်အရွယ် လူငယ်လေးတစ်ဦး ပေါင်ကို သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။

အဲဒီနောက် အဲဒီနေရာမှာ အရပ်ဝတ် ရဲအရာရှိတစ်ဦး စီးလာတဲ့ အမှတ်အသားမပါတဲ့ ရဲကားတစီးကို ဆူပူ ဆန္ဒပြသူတွေက မီးတင်ရှို့ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါဟာ လူငယ်လေး သေနတ် ပစ်ခံရတဲ့ ကိစ္စနဲ့ မဆိုင်ဘူးလို့ အာဏာပိုင်တွေက ပြောကြောင်း South China Morning Post သတင်းစာထဲမှာ ဖော်ပြထားပါတယ်။