နေမိသားစုထဲမှာ ဂြိုဟ်ရံလ အများဆုံး ရှိတဲ့ ဂြိုဟ်

စနေဂြိုဟ် ဓာတ်ပုံ မူပိုင် NASA/JPL-Caltech/Space Science Institute
Image caption ကြာသပတေးဂြိုဟ်ကို ကျော်ပြီး ဂြိုဟ်ရံလ အများဆုံးဖြစ်လာတဲ့ စနေဂြိုဟ်

နေမိသားစုထဲမှာ ဂြိုဟ်ရံလ အများဆုံး ရှိတဲ့ ဂြိုဟ်ဟာ ဘယ်ဂြိုဟ်လို့ ထင်ပါသလဲ။ အကြီးဆုံး ဖြစ်တဲ့ ဂျူပီတာ ခေါ် ကြာသပတေးဂြိုဟ်လို့ ထင်မိကြမှာပါ။ တကယ်တော့လည်း ဒီအဆိုဟာ မကြာသေးခင် ရက်ပိုင်း အထိတော့ အမှန်ဖြစ်ပါတယ်။ ဂျူပီတာမှာ ဂြိုဟ်ရံလ အကြီးအသေး စုစုပေါင်း ၇၉ လုံး ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အခုတော့ ဂျူပီတာကို သူ့ထက် တဆင့်ငယ်တဲ့ နေမိသားစုရဲ့ ဒုတိယ အကြီးဆုံး ဆက်တန်ခေါ် စနေဂြိုဟ်က ကျော်တက် သွားပါပြီ။ အမေရိကန် ပြည်ထောင်စုက သုတေသီတွေက ဆက်တန်မှာ နောက်ထပ် ဂြိုဟ်ရံလပေါင်း ၂၀ ထပ်တွေ့ခဲ့ကြပါတယ်။ အဲဒါကြောင့် အခုဆို ဆက်တန်ဟာ နေမိသားစုမှာ ဂြိုဟ်ရံလပေါင်း ၈၂ စင်းနဲ့ အခြံအရံ အများဆုံး ဂြိုဟ်ကြီး ဖြစ်သွားပါပြီ။

ဒီ လသစ် အစင်း ၂၀ ကို ဟာဝိုင်ယီ ကျွန်းတွေပေါ်က မောင်နာကဲယာ မှာ တည်ဆောက်ထားတဲ့ ဆူဘာရူ တယ်လီစကုပ်ကြီးနဲ့ ရှာဖွေ တွေ့ရှိခဲ့ကြတာပါ။

အသစ်တွေ့ရှိခဲ့တဲ့ လ ၂၀ ဟာ ဆက်တန်ကို ပတ်နေကြတာ ဖြစ်ပြီး အချင်း ၅ ကီလိုမီတာ လောက်ရှိပါတယ်။ အဲဒီထဲက ၁၇ စင်းက တခြား လတွေနဲ့ မတူဘဲ ပြောင်းပြန် ပတ်နေကြပါတယ်။ ကျန် လ ၃ စင်းကတော့ ဆက်တန် ဂြိုဟ် လည်ပတ်နေတဲ့ အတိုင်း အတည့်ပဲ ပတ်နေပါတယ်။ အဲဒီ လ ၃ စင်း ထဲက လ၂ စင်းက ဆက်တန်ကို တပတ်ပတ်ဖို့ အချိန် ၂ နှစ်ကြာပါတယ်။ ကျန် တစင်း နဲ့ ပြောင်းပြန်ပတ်နေတဲ့ အထဲက အဝေးဆုံး က လ တွေဟာ ဆိုရင် ဆက်တန်ကို တပတ်ပတ်ဖို့ အချိန် ၃ နှစ်ကျော် ကြာပါတယ်။

ဘယ်လို ဖြစ်တည်လာကြသလဲ

ဒီ လ တွေကို ရှာဖွေတွေ့ရှိခဲ့ကြတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်က ဝါရှင်တန် ဒီစီ မှာရှိတဲ့ Carnegie Institution for Science က ဒေါက်တာ စကော့ ရှက်ပတ်ဒ်ပါ။ သူက ဒီ လ တွေရဲ့ ဂြိုဟ်ပတ်လမ်းတွေကို လေ့လာခြင်းကနေ တဆင့် သူတို့ ဘယ်လို ဖြစ်တည်လာတယ် ဆိုတာကို သိနိုင်မယ့်အပြင် ဆက်တန်ဂြိုဟ် ဖြစ်တည်ကာစ က ပတ်ဝန်းကျင် အခြေအနေတွေ ဘယ်လို ရှိခဲ့မယ် ဆိုတာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကိုတောင် သိလာနိုင်မယ်လို့ ဆိုပါတယ်။

နောက်ပြီး ဒေါက်တာ ရှက်ပတ်ဒ်က ဒုတိယ နေရာကို ရောက်သွားတဲ့ ဂျူပီတာဟာလည်း ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ အနှောင်းပိုင်းကစလို့ လ စင်းရေအများဆုံး ရှိတဲ့ ဂြိုဟ်အဖြစ် ရှိနေခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အခု တွေ့ရှိထားတဲ့ လ အသစ်တွေထဲက အပြင်ဘက် ရောက်နေတဲ့ လ တွေရဲ့ ဂြိုဟ်ကို ဘယ်လို ဘယ်ထောင့်တွေကနေ ပတ်နေတယ် ဆိုတာကို ကြည့်ပြီး အုပ်စု ၃ စု ခွဲနိုင်ပါတယ်။ ပြောင်းပြန်ပတ်နေတဲ့ လ တွေနဲ့ အတည့်ပတ်နေတဲ့ လ တွေဟာ တချိန်က ရှိခဲ့တဲ့ အစိုင်အခဲကြီး ၃ ခု ဆီကနေ ပဲ့ထွက် လာခဲ့ကြတာလို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။ အဲဒီ အစိုင်အခဲ ကြီးတွေဟာ တခုနဲ့ တခု တိုက်မိတာ၊ လ တွေနဲ့ တိုက်မိတာ၊ ဆက်တန် အနီးက ဖြတ်သန်း သွားတဲ့ ဥက္ကာပျံတွေ တခြား အစိုင်အခဲတွေနဲ့ တိုက်မိတာမျိုးတွေကြောင့် အခုလို ကွဲကြေ ပြီး လ ငယ်တွေ ထွက်လာခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီနောက်ပြန်ပတ်နေကြတဲ့ လတွေထဲက အဝေးဆုံးမှာ ရှိနေတာကတော့ ဆက်တန်နီယန် ပဲ ဖြစ်ပါတယ်။

ဒေါက်တာ ရှက်ပတ်ဒ်က ဒီ လ တွေဟာ ဆက်တန်ကို တော်တော် လှမ်းလှမ်းကနေ ပတ်နေကြတာ ဆိုတော့ ဆက်တန် စတင် ဖြစ်တည် လာတဲ့ အချိန်ကတည်းက သူတို့လည်း ဖြစ်တည်လာကြမယ်လို့ ယူဆလို့ မရကြောင်း၊ နောက်ပိုင်းမှာ ဂြိုဟ်ရဲ့ ဆွဲအားက ဖမ်းဆွဲ ထားတာမျိုး ဖြစ်နိုင်ကြောင်း ပြောပါတယ်။ ဆက်လက်ပြီး ဂြိုဟ်အနီးကနေ ဖြတ်သန်း သွားတဲ့ ဥက္ကာပျံတွေ ဂြိုဟ်စိုင်ခဲတွေကျ သူတို့ ရဲ့ စွမ်းအင် ကို ခြေဖျက်လို့ မရနိုင်တာကြောင့် ဂြိုဟ်ကနေ ဖမ်းဆွဲလို့ မရနိုင်ကြောင်း ပြောပါတယ်။

ဒီလို ဆိုပေမယ့် နေမိသားစု သက်တမ်း နုနုပဲ ရှိသေးတဲ့ အချိန်၊ ဆက်တန် လည်း ဖြစ်တည်နေကာစမှာတုန်းက ဂြိုဟ်ကို ဖုန်နဲ့ ဓာတ်ငွေ့တွေ ဝန်းပတ်ပြီး ဓာတ်ပြားကြီးသဖွယ် ရှိနေ ခဲ့တာကြောင့် အဲဒီ အနားက ဖြတ်သမျှ အရာတွေရဲ့ စွမ်းအင် တွေကို လျှော့ချ ခြေဖျက် ပစ်နိုင်ခဲ့ ဖူးပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ဖမ်းယူနိုင်ခဲ့တဲ့ အရာတော်တော်များများကလည်း လွင့်လာပြီး ဂြိုဟ်ပေါ်ကို ကျလို့ နောက်ဆုံး ဂြိုဟ်ရဲ့ အစိတ်အပိုင်း တွေသာ ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် SPL
Image caption ဆူဘာရု တယ်လီစကုပ်ကနေ ရတဲ့အချက်အလက်တွေကနေ သုံးသပ်အဖြေထုတ်ခဲ့

ဒေါက်တာ ရှက်ပတ်ဒ်ကလည်း ဒီ လ တွေဟာ တချိန်က အနီးက ဖြတ်သန်းသွားတဲ့ ကြယ်တံခွန်တွေနဲ့ တခြား ဂြိုဟ်စိုင်ခဲတွေ ဖြစ်နိုင်ပြီး စနေဂြိုဟ်ကို ပတ်ခြုံထားတဲ့ ဖုန်တွေ၊ ဓာတ်ငွေ့တွေနဲ့ ထိတွေ့ မိခဲ့ကြလိမ့်မယ်လို့ ဆိုပါတယ်။

ဂြိုဟ်က ဖမ်းဆွဲ ထားတဲ့ အရာ တော်တော်များများက ဂြိုဟ်ပေါ်ကို ပြုတ်ကျပြီး ဂြိုဟ်နဲ့ တသားတည်း ဖြစ်သွားတာ များပေမယ့် ဒီ အရာတွေကျတော့ ဂြိုဟ်ကို ခြုံထားတဲ့ ဓာတ်ငွေနဲ့ ဖုန်တွေ စပြီး လျော့ကျသွားချိန်မှာ ဖမ်းမိခဲ့တာ ဖြစ်လို့ ဂြိုဟ်ပေါ်မကျဘဲ ပတ်လမ်းထဲပဲ ရောက်သွားခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး ဒီ လ တွေဟာ ဆက်တန် ဖြစ်တည်မှုရဲ့ နောက်ဆုံး အဆင့်က အပိုင်းအစ တချို့ ဖြစ်ရမယ်လို့လည်း ယူဆကြောင်း ပြောပါတယ်။

စက်အသစ်နဲ့ တွက်ချက်ခဲ့ကြ

ဒီ တွေ့ရှိမှုတွေကိုတော့ ပြီးခဲ့တဲ့ ၂၀၀၄ နဲ့ ၂၀၀၇ အကြားမှာ ဆူဘာရု တယ်လီစကုပ်ကနေ ရရှိထားတဲ့ ဒေတာတွေကို အဲလ်ဂိုရစ်သမ် ပုံစံ အသစ်နဲ့ တွက်ချက်ကြည့်ရာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲလ်ဂိုရစ်သမ် တွေကြောင့် အရင် ရထားတဲ့ ဒေတာ အဟောင်းတွေက လ ဖြစ်နိုင်တယ်လို့ ထောက်ပြထားတဲ့ အရာတွေကို ပတ်လမ်းတွေထဲ ထည့်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကွန်ပျူတာ အသစ်နဲ့ ဆိုတော့ အရင် တွေ့ထားတဲ့ လ ဖြစ်မယ်လို့ ယူဆ ထားတဲ့ အရာဝတ္တု ၂၀ အတွက် ပတ်လမ်းတွေပါ ရှာဖွေ ပေးနိုင်ခဲ့ပါတယ်။

ကနဦး လေ့လာ ခဲ့ကြသူတွေ ကတော့ ဒေါက်တာ ရှက်ပတ်ဒ် နဲ့ University of California, Los Angeles (UCLA) က ဒေးဗစ် ဂျူးဝစ် နောက် University of Hawaii က ယန် ကလေညာ တို့ပဲ ဖြစ်ပါတယ်။ ဒေါက်တာ ရှက်ပတ်ဒ်ကတော့ ဆက်တန် အနီး တဝိုက်မှာ နောက်ထပ် လ တွေ ထပ်ပြီး တွေ့လာနိုင်လိမ့်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် နက္ခတ်တာရာ လေ့လာသူတွေအတွက် လက်ရှိ သုံးနေတဲ့ တယ်လီစကုပ်တွေထက် ပိုကြီးမားပြီး ပိုအားကောင်းတဲ့ တယ်လီစကုပ်ကြီးတွေလည်း ရှိဖို့ လိုမှာဖြစ်ပါတယ်။ ဒီလို တယ်လီစကုပ်တွေဟာ လာမယ့် ဆယ်စုနှစ် တွေအတွင်းမှာ ပေါ်လာ နိုင်ဖွယ် ရှိပြီး ၁ ကီလိုမီတာ အချင်းလောက်ပဲ ရှိတဲ့ ဂြိုဟ်ရံလ တွေကိုတောင် ရှာတွေ့နိုင်တော့မှာ ဖြစ်ပါတယ်။ အခုတော့ အသစ် တွေ့ထားတဲ့ လ တွေကို နာမည်တွေ ပေးဖို့ အတွက် စီစဉ်နေကြပါပြီ။ အရင်ဆုံးတော့ ၃ စု ခွဲထားတဲ့ အတွက် Norse, Gallic နဲ့ Inuit ဒဏ္ဍာရီတွေထဲက နာမည်တွေကိုပဲ ယူသုံးကြဖို့ စဉ်းစားထားကြပါတယ်။