ထိုင်းမှာ နောက်ထပ် ဆင်သေ ၅ ကောင် ထပ်တွေ့

ဆင်အုပ်၊ ထိုင်း ဓာတ်ပုံ မူပိုင် Thailand DNP
Image caption ရေတံခွန်တစ်ခုမှာ တွေ့ရတဲ့ ဆင်အုပ်ကြီး

ထိုင်းနိုင်ငံမှာ ရေတံခွန်တစ်ခုထဲ သေဆုံးနေတဲ့ ဆင်အရေအတွက်ဟာ အခုအခါ ၁၁ ကောင်အထိ တိုးလာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ ဆင်အုပ်ကြီးဟာ ရေတံခွန် ကျောက်ဆောင်အစွန်းပေါ်ကနေ ပြုတ်ကျသွားတဲ့ ဆင်ပေါက်လေးကို ကယ်ဖို့ ကြိုးစားခဲ့ကြပုံရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်းက ထိုင်းနိုင်ငံအလယ်ပိုင်း ခေါင်ယိုင် အမျိုးသားဥယျာဉ်ထဲက ရေတံခွန်မှာ ဆင် ၆ ကောင် သေဆုံးနေတာကို တာ၀န်ရှိသူတွေက ကနဦး တွေ့ခဲ့ကြတာပါ။

အဲဒီနောက်မှာ သေမင်းရေတံခွန် လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဲဒီ ဟေနရော့ခ် ရေတံခွန်နားမှာ နောက်ထပ် ဆင် ၅ ကောင် ထပ်သေနေတာကို ဒရုန်းနဲ့ တွေ့ခဲ့ရပါတယ်။

ဆင်သေတွေထဲမှာ ၃ နှစ်သား ဆင်ပေါက်လေး တစ်ကောင်လည်း ပါတယ်လို့ ဥယျာဉ်တာဝန်ရှိသူတွေက ပြောကြောင်း ရိုက်တာစ် သတင်းမှာ ဖော်ပြထားပါတယ်။

"အဲဒီဆင်တွေဟာ မြစ်တဘက်ခြမ်းကို ကူးဖို့ ကြိုးစားခဲ့ကြပုံ ရတယ်" လို့ ဒေသခံ တာဝန်ရှိပုဂ္ဂိုလ် ဘာဒင် ချန်ဆရီခမ် က ရိုက်တာစ်သတင်းဌာနကို ပြောပါတယ်။

"ဆင်ပေါက်တွေထဲက တစ်ကောင် ခြေချော်ကျသွားတာကို ကျန်တဲ့ ဆင်ကြီးတွေက ကယ်ဖို့ ကြိုးစားတုန်း ရေစီးနဲ့ မျောပါသွားကြတာ ထင်တယ်" လို့ သူက ပြောပါတယ်။

ထိုင်းမီဒီယာတွေထဲမှာတော့ အရှိန်အဟုန် ပြင်းတဲ့ ရေစီးထဲ ဆင်တွေ ဘာ့ကြောင့် ပြုတ်ကျခဲ့ကြတာလဲ ဆိုတာ မသိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်းက ဆင် ၆ ကောင် သေဆုံးနေတာကို ပထမ စတွေ့ခဲ့ရပြီး အဲဒီနားက ကျောက်ဆောင်တစ်ခုမှာ အသက်ရှင် ကျန်တဲ့ ဆင် ၂ ကောင်ကို တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Khao Yai National Park
Image caption အသက်ရှင်ကျန်ခဲ့တဲ့ ဆင်တစ်ကောင်က သူ့အဖော်ကို အသက်ကယ်ဖို့ ကြိုးစားနေပုံကို ထိုင်းအာဏာပိုင်တွေက ဖော်ပြခဲ့ပါတယ်။

သောင်တင်နေတဲ့ ဆင်တွေကို အားတွေ ပြန်ဖြည့်နိုင်အောင်နဲ့ တောအုပ်ထဲ ပြန်တက်နိုင်အောင် ဥယျာဉ်ဝန်ထမ်းတွေက အစားသောက်တွေ ချပေးခဲ့ပါတယ်။

ဒါပေမဲ့ ဆင်တွေဟာ သူတို့ကို အကာအကွယ်ပေးဖို့နဲ့ အစားအစာ ရှာဖွေဖို့အတွက် အုပ်စုလိုက် နေထိုင် သွားလာလေ့ ရှိတာကြောင့် ဒီဆင်တွေ ကြာရှည် ရှင်သန်ဖို့ အခက်အခဲ ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် စိတ်ဝေဒနာ ခံစားလာရဖွယ် ရှိပါတယ်။ ဆင်တွေဟာ ဝမ်းနည်းပူဆွေးမှု အရိပ်လက္ခဏာကို ပြတတ်တဲ့ တိရစ္ဆာန်တွေလို့ သိထားကြပါတယ်။

ဝက်ဝံတွေ၊ မျောက်လွှဲကျော်တွေ အပါအဝင် တောရိုင်း တိရစ္ဆာန် အများအပြား နေထိုင် ကျက်စားနေတဲ့ အဲဒီ ဥယျာဉ်ထဲမှာ ဆင်ရိုင်း ၃၀၀ လောက် ရှိနေပြီး ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

ဆင်သေတွေ ပုပ်ပြီး မြစ်ရေတွေ ညစ်ပတ်ကုန်မှာ စိုးတာကြောင့် မြစ်ထဲကနေ ဆင်သေတွေ ဆယ်ထုတ်ဖို့ ဥယျာဉ် ဝန်ထမ်းတွေ ကြိုးစားနေကြ ပါတယ်။

အခုလို နောက်ထပ် ဆင်တွေ ထပ်သေခဲ့တဲ့အတွက် လက်ရှိကာလမှာ ထိုင်းနိုင်ငံရဲ့ ဆင်ကောင်ရေ အများပြားဆုံး ဆုံးရှုံးမှုတစ်ခု ဖြစ်တယ်လို့ ဘန်ကောက် ပို့စ် သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

အလားတူ ဖြစ်ရပ်မျိုးတွေ ဟေနရော့ခ် ရေတံခွန်မှာ အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၉၂ ခုနှစ်တုန်းက အဲဒီ ရေတံခွန်ထဲ ပြုတ်ကျပြီး ဆင် ၈ ကောင်ပါ ဆင်အုပ်တစ်အုပ် သေဆုံးခဲ့ပြီး အဲဒီ ဖြစ်ရပ်ကို နိုင်ငံတဝန်းလုံးက စောင့်ကြည့်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ အာရှဆင် ၇ ထောင်လောက် ရှိနေဆဲ ဖြစ်ပြီး တစ်ဝက်ကျော်လောက်က ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။