ကားဂိတ်မှူးနဲ့ကျောက်သမားတွေပါဝင်နေတဲ့ မန္တလေးမှာဖမ်းမိတဲ့ အေအေ အဖွဲ့

မန္တလေးမှာဖမ်းမိခဲ့တဲ့ အေအေ အဖွဲ့ဝင်တွေ ကိုရုံးထုတ် ဓာတ်ပုံ မူပိုင် Yan Moe Naing
Image caption မန္တလေးမှာ ဖမ်းမိခဲ့တဲ့ အေအေ အဖွဲ့ဝင်တွေ ကို ပထမဆုံးရုံးထုတ်

ဖောက်ခွဲရေးပစ္စည်းတွေနဲ့ မန္တလေး မှာ ဖမ်းမိခဲ့တဲ့ အေအေ အဖွဲ့ဝင်တွေကို အောက်တိုဘာလ၈ ရက်နေ့က တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ရုံးထုတ်တဲ့ အေအေ အဖွဲ့ဝင်တွေမှာ ဒုအရာခံဗိုလ်တစ်ဦး၊ တပ်ကြပ် နှစ်ဦးအပါအဝင် ခြောက်ယောက်ဖြစ်ပြီးတော့ မန္တလေးခရိုင်တရားရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ် တရားစွဲတင် စစ်ဆေးတာလည်း ဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး သုံး ယောက်ကတော့ ထွက်ပြေးနေတယ်လို့ တရားရုံးပြန်ကြားရေးအရာရှိ ဒေါ်မာလာထွဋ်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီနေ့ရုံးထုတ်မှာ မန္တလေးနဲ့ စစ်တွေပြေးတဲ့ ကားဂိတ်က ကားဂိတ်မှူးနဲ့ မန္တလေးက ကျောက်သမားတွေ ပါဝင်နေတယ်လို့ မန္တလေးဒေသခံတွေကနေ တစ်ဆင့် သိရပါတယ်။

ဓာတ်ပုံ မူပိုင် Yan Moe naing
Image caption နောက်ထပ်သုံးဦးကတော့ ဖမ်းဆီးရမိခြင်းမရှိသေးတဲ့အတွက် တရားခံပြေးမှုအဖြစ် ဝရမ်းထုတ်

"ဒီအမှုမှာ စွပ်စွဲထားသူတွေကို ၂၀၁၄ ခုနှစ် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(ဂ) ရယ်၊ ၅၂(က) နဲ့ စွဲတင်ပါတယ်။ ဒီနေ့မှာ ဖမ်းဆီးရမိထားသူ ၆ ဦးကို တရားစွဲတင်ပြီးတော့ နောက်ထပ်သုံးဦးကတော့ ဖမ်းဆီးရမိခြင်း မရှိသေးတဲ့အတွက် တရားခံပြေးမှုအဖြစ် ရာဇဝတ် အထွေထွေမှု ဆောင်ရွက်ပါတယ်"ဟု မန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဒေါ်မာလာထွဋ်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၊ မြို့သစ်(၅)ရပ်ကွက်၊ လမ်း ၇၀က နေအိမ် တစ်လုံးကို ဝင်ရောက်ရှာဖွေရာ မှာ ဦးအောင်လင်းထက်၊ ဦးမြတ်ခိုင်၊ ဦးချမ်းငြိမ်း၊ ဦးဖိုးကျော်၊ ဦးဝင်းသိန်းနဲ့ ဦးကျော်ကျော်ဖြိုးတို့ကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ တွေ့ရှိ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုမှာ ဦးအောင်လင်းထက်ဟာ အေအေ လက်နက်ကိုင်တပ်ဖွဲ့ဝင် ဒုအရာခံဗိုလ်၊ ဦးငြိမ်းချမ်းနဲ့ ဦးမြတ်ခိုင်တို့က ဒုတပ်ကြပ်တွေဖြစ်တယ်လို့ တရားရုံးက စွဲချက်တင်ထားတယ်လို့ သိရပါတယ်။

ဦးဖိုးကျော်နဲ့ ဦးဝင်းသိန်း တို့က ကျောက်အရောင်းအဝယ်လုပ်ငန်းနဲ့ ဦးကျော်ကျော်ဖြိုးဟာ မန္တလေးနဲ့ စစ်တွေ ပြေးတဲ့ ရွှေပြည်သစ်ကားဂိတ်မှူးလည်းဖြစ်တယ်လို့ လည်း မန္တလေးဒေသခံသတင်းထောက်တွေကပြောပါတယ်။

တရားရုံးက သိရတဲ့သတင်းအရ ဖမ်းမိတဲ့ ပစ္စည်းတွေက တော့ ဂြိုဟ်တု ဖုန်း အလုံး ၄၀၊ ရုရှားနိုင်ငံလုပ် မှန်ပြောင်း ၃၀ နဲ့ ၊ဖောက်ခွဲရေးနဲ့ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေ ပါဝင်နေတယ်လို့လည်း သိရပါတယ်။

မန္တလေးမှာ ဖောက်ခွဲရေးသုံးပစ္စည်းတွေ နဲ့အတူ အမျိုးသားငါးဦးကို ဖမ်းမိပြီးတဲ့နောက် နောက်ဆက် တွဲ စုံစမ်း စစ်ဆေး မှုတွေကို ပြုလုပ်နေတယ်လို့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောထားပါတယ်။

လွတ်နေသူ သုံးဦးကတော့ ဦးဖြိုးဝေ၊ ဦးမောင်မောင်စိုးနှင့် မခင်ဦးသန်းတို့ဖြစ်ပါတယ် ။

သူတို့ကို တရားရုံးက ဖမ်းဝရမ်းဒီနေ့ထုတ်ပေးပြီးတော့ လာမယ့်အောက်တိုဘာလ ၂၂ ရက်နေ့ ကို ဝရမ်းပြန်သွင်းဖို့ ချိန်းပါတယ် ။

မန္တလေး မှာ အေအေတပ်ဖွဲ့ဝင်တွေ တွေ့ရတာဟာ လုံခြုံရေးအရ စိုးရိမ်စရာဖြစ် ပြီး မန္တလေး မှာ နေ ထိုင်နေကြတဲ့ ရခိုင်တွေအတွက်လည်း စိုးရိမ်စိတ် တွေဖြစ်စေတယ်လို့မန္တလေး ဒေသခံတွေကပြောပါတယ်။