မဲပေးသူတွေကို ဖရဲသီးနဲ့ကဏန်း လက်ဆောင်ပေးတဲ့ ဝန်ကြီး ဂျပန်အစိုးရအဖွဲ့က နုတ်ထွက်ရ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ရာထူးက နုတ်ထွက်တဲ့ ကုန်သွယ်ရေးဝန်ကြီး
ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲခံရတဲ့ ဂျပန်နိုင်ငံက ဝန်ကြီးတစ်ယောက် ရာထူးက နုတ်ထွက်သွားပါတယ်။
အစ်ရှု ဆူဂါဝါရာဆိုတဲ့ ကုန်သွယ်ရေး ဝန်ကြီးသစ်ဟာ သူ့မဲဆန္ဒနယ် တိုကျိုက လူတွေကို ဈေးကြီးတဲ့ ဖရဲသီး၊ လိမ္မော်သီး၊ ငါးဥနဲ့ ပျားနို့တွေ ပေးခဲ့တယ်လို့ ဂျပန် မီဒီယာတွေက ဖော်ပြကြပါတယ်။
ဒါ့အပြင် သူ့ကို ထောက်ခံတဲ့ မိသားစု တစ်စုကို နာရေးအတွက် အကူငွေ ဂျပန်ယန်း နှစ်သောင်း (အမေရိကန်ဒေါ်လာ ၁၈၅ ဒေါ်လာ) ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန် ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးသမားတွေ သူတို့ မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကို လှူဒါန်းတာ တားမြစ်ထားပါတယ်။
ဒီသတင်းတွေ စထွက်လာတာက သူ့ရဲ့ အတွင်းရေးမှူးက သူ့မဲဆန္ဒနယ်က ကွယ်လွန်သူတစ်ယောက်ရဲ့ မိသားစုတွေကို ဂျပန်း ယန်း နှစ်သောင်း ကူညီပေးခဲ့တယ်လို့ ရှူကန် ဘန်ရွှန်း အပတ်စဉ် မဂ္ဂဇင်းတစ်ခုမှာ စဖော်ပြခဲ့ပါတယ်။
ဂျပန်မှာ ကွယ်လွန်သူမိသားစုတွေကို အကူငွေပေးတာ ထုံးတမ်းစဉ်လာ ဖြစ်ပါတယ်။
ဂျပန်ဧကရာဇ်သစ် တရားဝင် နန်းတက်ပွဲ
မဂ္ဂဇင်းထဲမှာ သူ့ရုံးက ပေးလိုက်တဲ့ လက်ဆောင် စာရင်းကိုလည်း ဖော်ပြပါတယ်။ ငါးဥ၊ လိမ္မော်သီး စတာတွေသူ ပေးပို့တဲ့ စာရင်းမှာ ပါပြီး လက်ခံရတဲ့သူတွေက ကျေးဇူးတင်ကြောင်း သူ့ဆီပို့လိုက်တဲ့ စာလည်း ပါပါတယ်။
အောက်တိုဘာလ ၂၅ ရက် သောကြာနေ့မှာ မစ္စတာ ဆူဂါဝါရာက သူ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်မှုရှိမရှိ အတည်ပြုနိုင်ဖို့ စိစစ်ဆဲ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမဲ့ ဒီလုပ်နေဆဲမှာပဲ သူရာထူး နုတ်ထွက်လိုက်ပြီလို့လည်း ပြောတယ်လို့ Nikkei Asian Review မှာ ဖော်ပြထားပါတယ်။
သူ့ပြဿနာတွေကြောင့် လွှတ်တော်ကို အလုပ်မရှုပ်စေချင်ဘူးလို့ သူက ပြောပါတယ်။
ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ "သူ့ကို ရာထူး ခန့်အပ်တာ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဂျပန် ပြည်သူတွေကို လေးလေးနက်နက် တောင်းပန်ပါတယ်" လို့ ပြောပါတယ်။