Stalkerware - ချစ်သူကို တိတ်တဆိတ် စုံစမ်းထောက်လှမ်းတဲ့ ဆော့ဖ်ဝဲ

စာတွေ၊ အီးမေးလ်တွေဖတ်လို့ရမယ့်အပြင် ကင်မရာသုံးပြီးလည်းစောင့်ကြည့်နေနိုင် ဓာတ်ပုံ မူပိုင် Getty Images
Image caption စာတွေ၊ အီးမေးလ်တွေဖတ်လို့ရမယ့်အပြင် ကင်မရာသုံးပြီးလည်းစောင့်ကြည့်နေနိုင်

သူနဲ့ သူသူငယ်ချင်းတွေ နှစ်ကိုယ်ကြား ပြောတဲ့ စကားတွေ အသေးစိတ်ကို သူ့ယောက်ျားက သိနေခဲ့တာက ဒီဇာတ်လမ်းစခဲ့တယ်လို့ အေမီက ပြောတယ်။

"သူက စကားထဲကို တစ်ခုခု ထည့်ပြောလိုက်တယ်။ ဥပမာ - ဆယ်ရာ့ ကလေး အကြောင်းလိုမျိုးပေါ့။ ဒါက သူဘယ်လိုမှ မသိနိုင်တဲ့ အချင်းချင်းပဲ ပြောတဲ့ ကိစ္စမျိုး၊ ကျွန်မက သူ့ကို မေးလိုက်ရင် ကျွန်မသူ့ကို ပြောဖူးတယ်လေ၊ မေ့နေပြန်ပြီ ဆိုတဲ့ ပုံစံမျိုး ပြန်ပြောတယ်"

အေမီ - နာမည်အရင်းမဟုတ်- က သူဘယ်မှာ ရှိနေတာဆိုတာ အမြဲတမ်း သူ့ယောက်ျား ဘယ်လို သိနေလဲလို့ တဖြည်းဖြည်း အံ့သြလာတယ်။

"တစ်ခါတလေကျရင် ကျွန်မသူငယ်ချင်းတွေနဲ့ ကော်ဖီဆိုင်မှာထိုင်နေတာ တွေ့တယ်ဆိုတာမျိုး သူကပြောတယ်။ အဲဒီနားကို ဖြတ်သွားရင်း တွေ့တာလို့ ပြောတယ်။ ကျွန်မလည်း အဲဒီမှာ စပြီး ဒါတွေ ဘယ်လိုဖြစ်လို့ သိနေတာလဲ ဆိုတာ သိချင်လာတယ်။ ဘယ်သူ့ကိုမှလည်း မယုံတော့ဘူး။ သူငယ်ချင်းတွေကိုတောင် မယုံတော့ဘူး" လို့ သူက ပြောတယ်။

တဖြည်းဖြည်းကြာလာတော့ အဲဒါတွေမျိုးတွေက ပိုများလာတယ်။

ဒီလိုနဲ့ သူတို့ မိသားစု ဟော်လိုးဝင်း ခရီးတစ်ခု သွားရင်း သူတို့ရဲ့ ကြောက်စရာ အိမ်ထောင်ရေးအကြောင်းကို သိလိုက်ရတယ်။

"ရှားရှားပါး ပိတ်ရက်ကလေးမှာ မိသားစု ရွှေဖရုံသီးခင်းထဲကို သွားတာပေါ့။ သားလေးက အသက်ခြောက်နှစ်၊ သူက အရမ်းပျော်ပြီး ဆော့နေတယ်" လို့ သူက ပြောတယ်။

"အဲဒီမှာ ကျွန်မ ယောက်ျားက စိုက်ခင်းထဲမှာ သူဖုန်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံ ကျွန်မကို ပြတယ်။ အဲဒီအချိန်မှာပဲ သူ့ဖုန်း ပေါ်မှာ စာသား ပေါ်လာတယ်။ 'အေမီ့ Mac ကွန်ပျူတာအတွက် နေ့စဉ် သတင်းတင်ပြချက် ကြည့်လို့ရပါပြီ' တဲ့"

"အရမ်းလန့်သွားတယ်။ တစ်မိနစ်လောက် အသက်တောင် မရှုနိုင်ဘူး။ အဲဒါနဲ့ အိမ်သာသွားမယ်ဆိုပြီး ခဏ ထွက်လာလိုက်ရတယ်။ သားလေးလည်း ရှိနေတော့ ရုပ်မပျက် အဲဒီမှာ ရှိဖို့လိုတယ်။ ဘာမှာ မမြင်သလို နေလိုက်ရတယ်"

"နောက် ဒါကို အဖြေရှာဖို့ အခွင့်အရေး ရရချင်း စာကြည့်တိုက်ကိုသွား ကွန်ပျူတာကိုဖွင့်ပြီး သူသုံးတဲ့ ထောက်လှမ်းရေး ဆော့ဖ်ဝဲကို ကြည့်လိုက်တယ်။ ဒီတော့မှ သူဘာတွေ လုပ်နေတယ်ဆိုတာ အကုန်သိလိုက်ရတယ်။ ကျွန်မ အရမ်းကို သွေးပျက်သွားတယ်"

Stalkerware ဒါမှမဟုတ် spouseware ဆိုတာ အွန်လိုင်းမှာ ပေါ်ပေါ်တင်တင် ရောင်းနေတဲ့ ထောက်လှမ်းရေး ဆော့ဖ်ဝဲတွေ။

ဒီဆော့ဖ်ဝဲ စက်ထဲရောက်လာပြီဆိုတာနဲ့ မက်ဆေ့ချ်တွေ အကုန်ဖတ်လို့ရတယ်။ ဖုန်းစခရင်မှာ ကိုယ်ကြည့်တာ၊ သုံးနေတာတွေကို မှတ်တမ်းတင်ထားတယ်၊ သွားတဲ့နေရာတွေကို GPS နဲ့ ခြေရာခံတယ်၊ ကိုယ်လုပ်နေတာတွေကို ကင်မရာတွေက စပိုင်လုပ်တယ်။

နာမည်ကျော် ဆိုင်ဘာလုံခြုံရေး ကုမ္ပဏီကြီး ကပ်စ်ပါစကီး Kaspersky ရဲ့ အဆိုအရ ဒီလို စပိုင် ဆော့ဖ်ဝဲသုံးနေတာတွေ သူတို့နည်းပညာအကာအကွယ်ရှိတဲ့ ပစ္စည်းတွေရဲ့ ၃၅ ရာခိုင်နှုန်းလောက်မှာ မနှစ်က တွေ့ခဲ့တယ်လို့ သိရတယ်။

သုတေသနသမားတွေက သူတို့ရဲ့ လုံခြုံရေး နည်းပညာတွေက တဆင့် ဒီလို stalkerware တွေ စက်အလုံး သုံးသောင်းကျော်၊ လေးသောင်းနီးပါးမှာ တွေ့ခဲ့တယ်လို့ ပြောတယ်။

ဒါက တကယ်ဖြစ်နေတာထက်စာရင် သူတို့သိတဲ့ အပ်ဖျားတစ်ထောက်စာလောက်ပဲ ရှိတယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောတယ်။

"လူအများစုက ကွန်ပျူတာတွေ၊ လက်ပ်တော့တွေကိုတော့ ကာကွယ်ထားတတ်ကြတယ်။ ဒါပေမယ့် အတော်များများက ဖုန်းတွေကိုတော့ မကာကွယ်ထားကြဘူး" လို့ သူက ပြောတယ်။

ဒီအချက်အလက်က သူတို့ နည်းပညာသုံးတဲ့ ဖုန်းတွေဆီကလောက်ပဲ ရထားသေးတာဆိုတော့ တကယ့် အပြင်မှာ ဘယ်လောက်များများ ဖြစ်နေတယ်ဆိုတာ မသိနိုင်ဘူးလို့ သူက ပြောပါတယ်။

ကပ်စ်ပါစကီးက တွေ့ထားသမျှတော့ ရုရှားက stalkerware အသုံး အများဆုံး နိုင်ငံ ဖြစ်တယ်။ အိန္ဒိယ၊ ဘရာဇီး၊ အမေရိကန်နဲ့ ဂျာမနီကလည်း ထိပ်တန်း ငါးနိုင်ငံထဲမှာပါတယ်။ ယူကေက အဆင့် ရှစ်မှာ ရှိပြီး ဖုန်း အလုံး ၇၃၀ မှာ တွေ့ခဲ့တယ်။

တခြား လုံခြုံရေး ကုမ္ပဏီ တစ်ခုကတော့ ကိုယ့်ကို စပိုင် လုပ်တာ ခံနေရပြီလို့ သံသယ ရှိရင် လုပ်လို့ရတဲ့ လက်တွေ့ကျတဲ့ နည်းတွေ ရှိတယ်လို့ ဆိုတယ်။

ကိုယ့်ဖုန်းမှာ ဘယ် app တွေ ရှိတယ်ဆိုတာ အမြဲတမ်း စစ်သင့်တယ်။ ဗိုင်းရပ်စ် ရှင်းတာလည်း လိုအပ်တဲ့ အခါမျိုးမှာ လုပ်ပေါ့။ ကိုယ်မသိဘဲ ဖုန်းထဲရောက်နေတဲ့ app တွေ့ရင် အွန်လိုင်းမှာ အဲဒါဘာလဲလို့ ရှာကြည့် ပြီးရင် အဲဒါတွေကို ဖျက်ပစ်လို့ ပြောပါတယ်။

အရိုးရှင်းဆုံး နည်းလမ်းကတော့ ကိုယ်မသုံးတဲ့ app ဆိုရင် ဖျက်ပစ်လိုက်ပါလို့ ပြောပါတယ်။

အေမီကတော့ သူ့ကွန်ပျူတာမှာ သံသယနဲ့ စောင့်ကြည့်ခံနေပြီဆိုတာ သိလိုက်ရကတည်းက နည်းပညာတွေကို အယုံအကြည် လုံးဝမရှိတော့ဘူး။

ဂျက်ဆီကာကတော့ stalkerware ရဲ့ ခြေရာခံရတဲ့ နောက်ထပ် ဓားစာခံတစ်ယောက်။ သူ့ရဲ့ ခင်ပွန်းဟောင်းက သူ့ဖုန်းရဲ့ မိုက်ကရိုဖုန်းကနေ သူ့ပြောတာတွေ နားထောင်နေခဲ့တာ။ သူနဲ့ သူ့သူငယ်ချင်းတွေ အချင်းချင်း နှစ်ကိုယ်ကြား ပြောတာမျိုးတွေ အကုန်လုံး နားထောင်၊ သူ့ကို အဲဒါတွေ ပြန်ပြောပြီး သူ့ကို စိတ်ချောက်ခြားအောင် လုပ်တာ။

ဒါမျိုး ဖြစ်ခဲ့တာ နှစ်တွေ တော်တော်တောင်ကြာခဲ့ပြီ။ ဒါပေမဲ့ အခုချိန်ထိ သူ သူငယ်ချင်းတွေနဲ့ တွေ့ရင် ဖုန်းကို ကားထဲမှာ ထားပစ်ခဲ့တဲ့အထိ လန့်နေတုန်းပဲ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption နည်းပညာကို လက်နက်လို့ မြင်လာစေတယ်

ဒီလို စပိုင်လုပ်စောင့်ကြည့်ခံရတာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးရှိတာတွေ့ရတယ်လို့ အိမ်တွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေး လူမှုကူညီရေးအဖွဲ့က ဂမ်မာက ပြောတယ်။

"အဲဒါက တစ်ယောက်ယောက်ကို ယုံကြည်မှု လျော့သွားစေတယ်။ ဒီလို လုပ်ခံခဲ့ရသူတွေက ဖုန်းတွေ၊ လက်ပ်တော့တွေကို လက်နက်တွေလို့ မြင်လာစေတယ်" လို့ သူက ပြောတယ်။

"နည်းပညာက သူတို့ ပြေးမလွတ်အောင် ပိုက်ကွန်နဲ့ အုပ်ထားတာလို့ ကြောက်လန့်သွားပြီး တော်တော်များများ အင်တာနက်တောင် မသုံးတော့တဲ့သူတွေတောင် ရှိတယ်" လို့ သူုက ပြောပြပါတယ်။

အေမီက အမေရိကန်မှာနေတာ။ အခုတော့ သူ ကွာရှင်းလိုက်ပြီ။ အဲဒီ ယောက်ျားနဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ နေရာမှာ နေနေပါပြီ။

သူ့ကို အဲဒီ အမျိုးသား တိုက်ရိုက်ဆက်သွယ်လို့မရအောင် ဥပဒေ အရလည်း ကာကွယ်ပေးခံထားရပြီ။ သူ့သားလေး နဲ့ ပတ်သက်ပြီး ဆက်သွယ်ဖို့လိုရင်လည်း စာနဲ့ပဲ ဆက်သွယ်ခွင့် ရှိတော့တယ်။

ဒီလိုမျိုး နည်းပညာ အလွဲသုံးတာမျိုး တားမြစ်ဖို့ ဥပဒေတွေ ရှိသင့်ပြီလို့ အေမီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုယ်မသိတဲ့၊ မလိုအပ်တဲ့ app တွေကို ဖျက်ပစ်လိုက်ပါ

လက်တွေ့ စမ်းသပ်သုံးစွဲခြင်း

လူတွေသုံးနေတဲ့ထဲက နာမည် အကြီးဆုံး ဆော့ဖ်ဝဲတစ်ခုကို သုံးလစာ ထောက်လှမ်းရေး လုပ်ပေးဖို့ အမေရိကန် ဒေါ်လာ ၁၈၀ လောက်ပေးပြီး စမ်းသပ်ခဲပါတယ်။

အဲဒါကို အွန်လိုင်းက ဝယ်ပြီး ရုံးက ဖုန်းမှာ စမ်းသပ်ခဲ့ပါတယ်။

စပိုင်ဝဲကုမ္ပဏီတွေက သူတို့ ဆော့ဝဲကို ဝန်ထမ်းစောင့်ကြည့်ခြင်းတို့ မိဘက ထိန်းသိမ်းစောင့်ကြည့်ခြင်း တို့လို နာမည်တွေတပ်ပြီး ကြော်ငြာပါတယ်။

နိုင်ငံတော်တော်များများနဲ့ ယူကေမှာ အိမ်ထောင်ဖက်တွေရဲ့ဖုန်းမှာ သူတို့ မသိဘဲ ထောက်လှမ်းစောင့်ကြည့်တဲ့ ဆော့ဖ်ဝဲတွေ ထည့်ပြီးစောင့်ကြည့်တာ ဥပဒေချိုးဖောက်တာပါ။ ဒါကြောင့် ရောင်းတဲ့ ကုမ္ပဏီတွေက အဲဒါကို သတိတော့ ပေးပါတယ်။

ဒါပေမဲ့ သူတို့ထဲက တချို့ကပဲ မယုံရတဲ့ ဇနီး၊ခင်ပွန်းတွေကို စပိုင်လုပ်ဖို့ အသုံးဝင်တယ်လို့လည်း ညွှန်းပါတယ်။

ဒီဆော့ဖ်ဝဲက စက်မှာ တပ်ပြီးတာနဲ့ သူရှိနေမှန်းမသိစေရဘဲ ကိုယ်ပျောက် အလုပ်လုပ်တယ်လို့ စမ်းသပ်ဝယ်ယူတဲ့ ဆော့ဖ်ဝဲကိုရောင်းတဲ့ ကုမ္ပဏီက သူတို့ ဆော့ဖ်ဝဲ အကြောင်းကို ပြောပါတယ်။

ဒါကို စမ်းသပ်တာနဲ့အတူ နာမည်ကျော် လုံခြုံရေး ဆော့ဖ်ဝဲ ငါးမျိုးကိုလည်း ဒေါင်းလုတ်လုပ်ပြီး အဲဒီ စပိုင်ဝဲ အထည့်ခံထားရတဲ့ ဖုန်းမှာ စမ်းသပ်ပါတယ်။

အဲဒီ လုံခြုံရေး ဆော့ဖ်ဝဲတွေ အကုန်လုံးက အန္တရာယ်ရှိနိုင်တဲ့ ဆော့ဖ်ဝဲရှိနေပြီလို့ သတိပေးတာတွေ ထွက်လာတာကို တွေ့ရပါတယ်။