မကွယ်လွန်ခင် လပိုင်းအထိ ပညာဖြန့်ဝေပေးတဲ့ ယောဂဖွားဖွား

Image caption Padma Shri ဘွဲ့ ရခဲ့ဖူးတဲ့ ယောဂဖွားဖွား

အိန္ဒိယမှာ အသက်အကြီးဆုံး လည်းဖြစ် အကျွမ်းအကျင်ဆုံးလည်း ဖြစ်တဲ့ ယောဂ ဆရာမ ဗီ နာနမ်မားလ် ဟာ နိုင်ငံတောင်ပိုင်း တမီလ် နာဒူ ပြည်နယ် Coimbatore က သူ့နေအိမ်မှာ မနေ့က ကွယ်လွန်သွားပါတယ်။

အသက် ၉၉နှစ်ရှိပြီ ဖြစ်တဲ့ နာနမ်မားလ် ဟာ တနေ့ကို သင်တန်းသား ရာနဲ့ချီပြီး ယောဂ သင်ပေးလျက် ရှိပြီး သူမကွယ်လွန်ခင် လပိုင်း အထိ သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။

လယ်သမား မျိုးရိုးက ပေါက်ဖွားလာတဲ့ နာနမ်မားလ် ဟာ သူ့ဖခင် ဆီကနေ ယောဂ ပညာကို ဆည်းပူး ရရှိခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပန်းရောင်စာရီ အမြဲ၀တ်လေ့ရှိတဲ့ ယောဂဖွားဖွား

ယောဂ ကျင့်စဉ် ကိုယ်ဟန်အနေအထား အမျိုးပေါင်း ၅၀ကျော်ကို ဆရာဖြစ် အဆင့် အထိ ကျွမ်းကျင် ပိုင်နိုင်စွာ သိရှိထားတဲ့ နာနမ်မားလ် ဟာ သင်တန်းသား တသန်းကျော် လေ့ကျင့် သင်ကြားပေးခဲ့ပြီး အဲဒီ အထဲက ရာနဲ့ချီ ရှိတဲ့ သင်တန်းသားတွေက အခုအခါ ကမ္ဘာတလွှားမှာ ယောဂ ဆရာ အဖြစ် ပြန်လည် သင်ကြားပေးနေကြပါပြီ။

ယောဂ ဖွားဖွားလို့ လူသိများတဲ့ နာနမ်မားလ် ဟာ အိန္ဒိယမှာ အရပ်သား ပြည်သူတွေကို ပေးတဲ့ အမြင့်ဆုံးဘွဲ့ ဖြစ်တဲ့ ပါဒစာရီ Padma Shri ကို လက်ခံ ရရှိခဲ့သူ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းတပတ်လောက်တုန်းက အိပ်ယာထဲက အထမှာ လဲကျခဲ့ရာက စပြီး နေထိုင်မကောင်းဖြစ်ခဲ့တာလို့ သူ့မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက အိန္ဒိယက ပီတီအိုင် သတင်းဌာနကို ပြောပါတယ်။

Image caption ယောဂလုပ်ရင်း ကိုယ်လည်းကျန်းမာ စိတ်လည်း ချမ်းသာ

နာနမ်မားလ် ဟာ ၂၀၁၇ တုန်းက ဘီဘီစီ နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ သူဟာ နေ့စဉ် ယောဂ ကျင့်စဉ်တွေ လုပ်ပြီးကျန်းမာလျက် ရှိတယ်လို့ ဆိုခဲ့ပါတယ်။

ကျန်းမာရေးဆိုတာ လူတယောက်ရဲ့ ဦးစားပေး ရမယ့် ကိစ္စဖြစ်ပြီး အရာအားလုံးဟာ ကြိုးစားရင် ရနိုင်ပါတယ်လို့ သူက ပြောခဲ့ဖူးပါတယ်။