ဗြိတိန် က ကုန်တင်ကားထဲက လူ ၃၉ ယောက် သေဆုံးမှု အတွက် ကားမောင်းသူကို စတင် စစ်ဆေး

မော်ရီး ရော်ဘင်ဆင် ဓာတ်ပုံ မူပိုင် Facebook
Image caption လူ ၃၉ ယောက် သေဆုံးမှု နဲ့ ကားသမား မော်ရီး ရော်ဘင်ဆင် ကို ဖမ်းဆီး

ဗြိတိန် နိုင်ငံ၊ အက်ဆက် ဒေသက လော်ရီကားထဲ မှာ သေဆုံး သွားသူ ၃၉ ဦး အမှု နဲ့ ပတ်သက်လို့ ကားမောင်းသူ ကို တရားရုံးမှာ စစ်ဆေး မှု တွေကို ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ စတင် လုပ်ဆောင် ခဲ့ပါတယ်။

အကျဉ်းထောင်ထဲ မှာ ထိန်းသိမ်း ထားတဲ့ အသက် ၂၅ နှစ် အရွယ် မော်ရီး ရော်ဘင်ဆင် ကို ဗီဒီယို ကနေ တဆင့် တရားရုံး တာဝန်ရှိသူတွေက စစ်ဆေးမှု တွေ လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။

သူ့ကို လော်ရီကားထဲမှာ လိုက်ပါ လာတဲ့ လူ ၃၉ ဦးကို သေဆုံး စေခဲ့မှု၊ လူကုန်ကူးမှု၊ ငွေကြေး ခဝါချမှု တွေ နဲ့ တရားစွဲဆို ထားတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် PA Media
Image caption ကွန်တိန်နာထဲ က အလောင်းတွေကို အောက်တိုဘာလ ၂၃ ရက်နေ့မှာ ရဲတွေက တွေ့ရှိခဲ့

အောက်တိုဘာလ ၂၃ ရက်နေ့မှာ သေဆုံးသွားတဲ့ ဗီယက်နမ်ကနေ ဗြိတိန် ကို လာရောက်ကြသူ ၃၉ ဦးကို တင်ဆောင်လာတဲ့ ကုန်တင်ကားကို ဗြိတိန် အက်ဆက်ဒေသထဲက ဂရေး စက်မှုဇုန် ထဲမှာ ရှာဖွေ တွေ့ ရှိခဲ့ရတာပါ။

နောက်ပြီး သေဆုံးသူတွေ ဘယ်သူဘယ်ဝါ တွေ ဆိုတာ သိနိုင်ဖို့ အတွက် ဗီယက်နမ် နိုင်ငံမှာ ဒီအန်အေ အချက်အလက် ကောက်ယူမှုတွေလည်း လုပ်ဆောင် နေပါတယ်။

ဗြိတိန် ရေလက်ကြား ကို မဖြတ် ခင် အလုံပိတ် ကွန်တိန်နာ ကို မောင်းလာတဲ့ နောက်ထပ် ယာဉ်မောင်း တစ်ဦး ဖြစ်သူ ကို လည်း အိုင်ယာလန် နိုင်ငံ ထဲမှာ ဖမ်းဆီး ထားတယ်လို့ ဘယ်လ်ဂျီယံ တာဝန်ရှိသူ တွေက ပြောပါတယ်။

ဒါ့အပြင် ဒီလူ ၃၉ ဦး သေဆုံးမှု နဲ့ ဆက်စပ် တဲ့ ဗြိတိန် ထဲ က နောက်ထပ် လူ ၃ ဦးကို လည်း ဖမ်းဆီး စစ်ဆေး နေပါတယ်။

Image caption ဖန်သီထရာမိုင် နဲ့ ဒင်လောင် တို့ဟာလည်း သေဆုံးသူ ၃၉ ဉီးထဲမှာ ပါဝင်တယ်လို့ မိသားစုဝင်တွေက ယူဆ

ကနဦးတုန်း ကတော့ အဲဒီ ကုန်ကားပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသား ၃၁ ဦး နဲ့ အမျိုးသမီး ၈ ဦး စုစုပေါင်း လူ ၃၉ ဦးဟာ တရုတ် နိုင်ငံကနေ ဗြိတိန် ထဲ ကို ဝင်ရောက်ဖို့ ကြိုးစား သူတွေလို့ ရဲတွေက သတင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်း ကျမှ အဲဒီလူတွေ အားလုံး ဟာ ဗီယက်နမ် က လာရောက် သူတွေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ပြန်လည် ထုတ်ပြန် ခဲ့တာပါ။

အဲဒီလူတွေဟာ ဗြိတိန် နိုင်ငံထဲ ကို လာရောက်ဖို့ အတွက် လူကုန်ကူးသူတွေကို စတာလင် ပေါင် သောင်း နဲ့ချီ ပြီး ပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ