ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ဗြိတိန်အမတ်တွေ ထောက်ခံမဲပေးခဲ့ကြ

ဘရက်ဇစ်၊ ဘောရစ် ဂျွန်ဆင် ဓာတ်ပုံ မူပိုင် AFP
Image caption ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် အဆိုတင်

ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ အဆိုကို အောက်လွှတ်တော် အမတ်တွေက ထောက်ခံမဲ ၄၃၈ မဲ ၊ ကန့်ကွက်မဲ ၂၀ နဲ့ မဲပေးခဲ့ကြတဲ့အတွက် ၁၉၂၃ ခုနှစ်ကတည်းက ဗြိတိန်နိုင်ငံမှာ ပထမဆုံးအကြိမ် အဖြစ် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လမ်းပွင့်လာပြီ ဖြစ်ပါတယ်။

ဒီအဆိုကို အထက်လွှတ်တော်က အတည်ပြုဖို့ လိုဦးမှာ ဖြစ်ပေမဲ့ အခုသီတင်းပတ်ကုန် မတိုင်ခင် ဥပဒေ အတည်ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

တကယ်လို့ ဒီဥပဒေ အတည်ဖြစ်မယ် ဆိုရင်တော့ ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ် ကာလ သီတင်း ၅ ပတ် ရမှာ ဖြစ်ပါတယ်။

အီးယူကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးနဲ့ နိုင်ငံရဲ့ အနာဂတ်အတွက် လူထုကို ရွေးချယ်ခွင့် ပေးသင့်တယ်လို့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပြောထားပါတယ်။

ဒီကြားဖြတ် ရွေးကောက်ပွဲ ဟာ အီးယူကနေ ဗြိတိန် နုတ်ထွက်ရေးဆိုင်ရာ သူ့ရဲ့ ညှိနှိုင်းမှုတွေအတွက် လုပ်ပိုင်ခွင့် အာဏာသစ်တစ်ခု သူရလာနိုင်မယ်လို့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က မျှော်လင့်နေပြီး အီးယူကနေ နုတ်ထွက်ဖို့ နေ့ကို ဇန်နဝါရီလ ၃၁ ရက်နေ့ကို နောက်ထပ် ရွှေ့ဆိုင်းလိုက်ရတဲ့ အထိ ဖြစ်ခဲ့ရတဲ့ ပါလီမန်အတွင်း ရှေ့မတိုးနောက်မဆုတ်သာ လက်ရှိ အခြေအနေကနေ ထွက်ပေါက် ရလာလိမ့်မယ်လို့ ယူဆထားပါတယ်။

အခုချိန်ဟာ အီးယူကနေ ဗြိတိန်နုတ်ထွက်ရေးအတွက် အားလုံး စုပေါင်း လုပ်ဆောင် ကြရမယ့် အချိန် ဖြစ်တယ်လို့ မဲခွဲဆုံးဖြတ်အပြီး မိနစ်ပိုင်း အတွင်း ပြုလုပ်ခဲ့တဲ့ ကွန်ဆာဗေးတစ် ပါတီ ကော်မတီ အစည်းအဝေးကနေ ထွက်ခွာသွားစဉ်မှာ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပြောကြားခဲ့ပါတယ်။

တခါ ဥရောပသမဂ္ဂကလည်း အီးယူထဲကနေ ဗြိတိန် နုတ်ထွက်ဖို့ နောက်ဆုံးနေ့ရက်ကို ဇန်နဝါရီလကုန်အထိ ရွှေ့ဆိုင်းခွင့်ပြုလိုက်ကြောင်းနဲ့ တကယ်လို့ သဘောတူချက်တစ်ခု ရနိုင်ခဲ့ရင် ဒါ့ထက် ပိုစောစောထွက်ခွင့်ပြုကြောင်း တရားဝင် အတည်ပြု ပြောကြားလိုက်ပါတယ်။

ဆက်စပ် အကြောင်းအရာများ