မောင်လေးကို ကယ်ဖို့ တစ်နေ့ ၂ ယွမ်နဲ့ အသက်ဆက်နေရတဲ့ ကျောင်းသူလေးကို ငွေတွေဝိုင်းလှူ

တရုတ်၊ ကျောင်းသူ၊ ဝူဟွာရန် ဓာတ်ပုံ မူပိုင် Feng Video
Image caption နာမကျန်းဖြစ်နေတဲ့ မောင်လေးအတွက် ဆေးကုပေးဖို့ ထမင်းကြမ်းနဲ့ ငရုတ်သီးပဲ စားခဲ့တဲ့ ဝူ ဟွာယန်

မောင်လေးကို ကယ်ဖို့ တစ်နေ့ကို ၂ ယွမ် နဲ့ ၅ နှစ်ကြာ အသက်ဆက်ခဲ့အပြီး ဆေးရုံတင်လိုက်ရတဲ့ တရုတ်ကျောင်းသူလေး တစ်ဦးအတွက် လူတွေက အလှူငွေ ယွမ်တစ်သန်းနီးပါး လှူဒါန်းခဲ့ကြပါတယ်။

၂ယွမ်ဆိုတာ မြန်မာငွေ ၄၅၀ ကျပ် ဝန်းကျင်ပဲ ရှိပါတယ်။

ဝူ ဟွာယန် ရဲ့ အကြောင်း အခုသီတင်းပတ် အစောပိုင်းက သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့အပြီးမှာ တရုတ်လူမျိုးတွေအကြား အကြီးအကျယ် အံ့သြတုန်လှုပ်သွားခဲ့ကြပါတယ်။

နာမကျန်းဖြစ်နေတဲ့ မောင်ငယ်ကို တဖက်ကပြုစုရင်း ပညာသင်ကြားနေတဲ့ အသက် ၂၄ နှစ်အရွယ် ဝူ ဟွာယန် ဟာ အတော်လေးကို အာဟာရ ချို့တဲ့နေပါတယ်။

ဂွီယန်းမြို့က ကောလိပ်ကျောင်းသူ ဝူဟွာယန်ရဲ့ အကြောင်း ပေါ်ထွက်လာခဲ့အပြီးမှာ အာဏာပိုင်တွေအနေနဲ့ သူရင်ဆိုင်ရတဲ့ အခက်အခဲတွေကို မသိရကောင်းလား၊ ကလေးမလေးကို ဟိုးအစောကြီးကတည်းက အကူအညီပေးဖို့ ကောင်းတယ် ဆိုပြီး လူတွေက ဒေါသအမျက် ထွက်ခဲ့ကြပါတယ်။

သူ့အကြောင်း သတင်း ထွက်ပေါ်လာခဲ့အပြီး သနားကရုဏာ သက်ခဲ့ကြတဲ့ လူတွေက ဝူ ဟွာယန်အတွက် ငွေတွေ ပုံအော လှူခဲ့ကြရာမှာ စုစုပေါင်းယွမ် ၈ သိန်းလောက် ရှိတယ်လို့ သိရပါတယ်။

ဝူ ဟွာယန်ရဲ့ ဘဝဇာတ်လမ်း

အခုလ အစောပိုင်းတုန်းက အမျိုးသမီးငယ်တစ်ဦး အသက်ရှူကြပ်တဲ့ ဝေဒနာကြောင့် ဆေးရုံ ရောက်လာခဲ့တယ်လို့ တရုတ် သတင်းမီဒီယာတွေက ဆိုပါတယ်။

သူဟာ အရပ် ၄ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ၄၃ ပေါင်သာသာပဲ ရှိပါတယ်။

အဲဒီ အမျိုးသမီးငယ်ဟာ အစာစားတယ် ဆိုရုံလောက် မဆိုစလောက် အစာကို ၅ နှစ်ကြာ စားခဲ့တဲ့အတွက် နှလုံးနဲ့ ကျောက်ကပ် ဝေဒနာ ခံစားနေရတာကို ဆရာဝန်တွေ စမ်းသပ် တွေ့ခဲ့ပါတယ်။

ဝူ ဟွာယန်ဟာ အသက် ၄ နှစ် အရွယ်မှာ မိခင် ဆုံးပါးခဲ့ပြီး သူကျောင်းစတက်တဲ့အရွယ်မှာ ဖခင်ပါ ထပ်ဆုံးပါးသွားခဲ့ပါတယ်။

သူနဲ့ သူ့မောင်လေးကို အဖွားဖြစ်သူက ကြည့်ရှု စောင့်ရှောက်ခဲ့ပြီး နောက်ပိုင်းမှာ ဦးလေးနဲ့ အဒေါ်က သူတို့ကို တစ်လ ယွမ် ၃၀၀ ထောက်ပံ့ခဲ့ပါတယ်။

အဲဒီငွေထဲက အကုန်လုံးနီးပါးလောက်ကို စိတ်ဝေဒနာ ခံစားနေရတဲ့ မောင်ငယ်ရဲ့ ဆေးဖိုးအတွက် သုံးခဲ့ရပါတယ်။

ကျန်တဲ့ငွေက တစ်နေ့ကို ၂ ယွမ် လောက်ပဲ ရှိတော့တာမို့ ဝူ ဟွာယန် ဟာ ထမင်းကြမ်းနဲ့ ငရုတ်သီးစားပြီး အသက်ဆက်ခဲ့ပါတယ်။

သူတို့ မောင်နှစ်မဟာ တရုတ်နိုင်ငံမှာ အဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်တဲ့ ဂွေဂျုံးပြည်နယ်က ဖြစ်ပါတယ်။

လူတွေက ဘယ်လို တုံ့ပြန်ကြသလဲ

ဝူ ဟွာယန် ရဲ့ သတင်းကြောင့် လူတွေ စိုးရိမ် ကရုဏာသက်ခဲ့ကြသလို အာဏာပိုင်တွေအပေါ်မှာလည်း ဒေါသအမျက်တွေ ထွက်ခဲ့ကြပါတယ်။

သူ့အတွက် ငွေလှူချင်တယ် ဆိုပြီး အတော်များများက လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေးခဲ့ကြသလို့ တချို့ကလည်း သူ့ကောလိပ်ကျောင်းက အကူအညီပေးတာမျိုး မရှိတာကို ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။

သူ့အခြေအနေဟာ အာဖဂန်နစ္စတန်နိုင်ငံက ဒုက္ခသည်တွေထက်တောင် ဆိုးတယ်လို့ တစ်ယောက်က ရေးထားသလို နောက်တယောက်ကလည်း တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်တဲ့ နှစ် ၇၀ ပြည့်အခမ်းအနားအတွက် ငွေတွေ ပုံအောသုံးခဲ့မယ့်အစား ဒီလိုနေရာမျိုးမှာ သုံးသင့်တယ်လို့ ဝေဖန် ရေးထားပါတယ်။

ကိုယ့်မောင်ငယ်လေးအတွက် အနစ်နာခံရင်း တဖက်ကလည်း ကောလိပ်ကျောင်းမှာ ပညာဆည်းပူးနေတဲ့ ဝူ ဟွာယန် ကို လေးစားမိတယ်လို့ တချို့က ဆိုပါတယ်။

အခုလို လူတွေ ဝိုင်းလှူတဲ့ငွေတွေအပြင် သူ့ဆရာ၊ဆရာမတွေနဲ့ အတန်းဖော်တွေက ယွမ် ၄ သောင်း လှူခဲ့သလို ဒေသခံရွာသားတွေ ကလည်း သူ့အတွက် အလှူငွေတွေ လိုက်ကောက်တာ ယွမ် ၃ သောင်း ရခဲ့ပါတယ်။

အခုအခါ ဝူ ဟွာယန် ကို အစိုးရက အနည်းဆုံး လစဉ်ထောက်ပံ့ကြေး ပေးအပ်ထားပြီး ဖြစ်တယ်လို့ အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ထောက်ပံ့ကြေးက တစ်လကို ယွမ် ၃၀၀ နဲ့ ၇၀၀ ကြား ရှိမယ်လို့ ယူဆရပါတယ်။ နောက်ထပ်လည်း အရေးပေါ် ရန်ပုံငွေ ယွမ် ၂ သောင်း ထပ်ရမယ်လို့ ဆိုပါတယ်။

"စိတ်ဓာတ်ခိုင်မာပြီး ကြင်နာစိတ် ရှိတဲ့ ဒီမိန်းကလေးရဲ့ ဘဝအကြောင်းကို ကျွန်တော်တို့ မပြတ် ဆက်စောင့်ကြည့်သွားပါမယ်"လို့ တွန်ဂရန် မြို့ အရပ်ဘက်ရေးရာ ဗြူရိုအဖွဲ့က ပြောပါတယ်။

လူနေမှုအဆင့်အတန်း နိမ့်ကျမှုကြောင့် ဖြစ်လာရတဲ့ ပြဿနာကို ဖြေရှင်းဖို့ သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းပြီး တက်တက်ကြွကြွ ဆောင်ရွက်သွားပါ့မယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ဆင်းရဲမွဲတေမှု အခြေအနေ ဘယ်လောက် ဆိုးနေသလဲ

ဝူ ဟွာယန် ရဲ့ ဇာတ်လမ်းဟာ ၂၀၁၈ ခုနှစ်တုန်းက အအေးဒဏ်ကို အံတုပြီး တစ်ခေါင်းလုံး ရေတွေ ခဲနေပေမယ့် ကျောင်းကို အရောက်လာခဲ့တဲ့ တရုတ်ကျောင်းသားလေးရဲ့ ဇာတ်လမ်းကို ပြန်အမှတ်ရစေပါတယ်။

အဲဒီတုန်းကလည်း "ကလေးငယ် ဝမ်း" လို့ အမည်ပေးထားတဲ့ အဲဒီ ကျောင်းသားလေး အကြောင်း လူတွေအကြား ပျံ့နှံ့သွားခဲ့ရာမှာ အဲဒီကလေးလေးရဲ့ ဆင်းရဲလွန်းတဲ့ ဘဝကို အံ့သြထိတ်လန့်သွားခဲ့ကြသလို သူကလေးရဲ့ မလျှော့တဲ့ ဇွဲကိုလည်း ချီးကျူးခဲ့ကြပြီး နိုင်ငံတကာကပါ ငွေတွေ လှူခဲ့ကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် People's Daily
Image caption ကျောင်းသားလေး ဝမ်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ထိုးတက်သွားခဲ့ပေမဲ့ ဆင်းရဲမွဲတေမှုက ပျောက်ကွယ်မသွားဘဲ ဆင်းရဲ ချမ်းသာ မညီမျှမှုက ပိုကြီးထွားလာခဲ့ပါတယ်။

အဓိက အကြောင်းရင်းတရပ်ကတော့ မြို့ပြနဲ့ ကျေးလက် ဒေသအကြား အကြီးအကျယ် ကွာဟမှု ရှိနေလို့ ဖြစ်ပါတယ်။

ဗျူရိုအဖွဲ့ရဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၇ ခုနှစ်မှာ ဘေဂျင်းမြို့တော်မှာ အိမ်ထောင်တစ်စုရဲ့ ဝင်ငွေဟာ တစ်နှစ်ကို ၅၇၂၂၉ ယွမ် ရှိပါတယ်။

ဝူ ဟွာယန် နေထိုင်နေတဲ့ ကျေးလက် ဂွေဂျုံးပြည်နယ်မှာတော့ အိမ်ထောင်တစ်စုရဲ့ ဝင်ငွေဟာ ၁၆၇၀၃ ပဲ ရှိပါတယ်။

၁၉၉၀ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ဆင်းရဲ ချမ်းသာ မညီမျှမှု အတန်အသင့် ရှိတဲ့နိုင်ငံအဖြစ်ကနေ ကမ္ဘာပေါ်မှာ ဆင်းရဲချမ်းသာ မညီမျှမှု အဖြစ်ဆုံး နိုင်ငံအဖြစ် IMF နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာမှာ သတ်မှတ် ဖော်ပြခံခဲ့ရပါတယ်။

၂၀၁၇ ခုနှစ် တရုတ်နိုင်ငံ စာရင်းဇယားဗျူရိုရဲ့ ကိန်းဂဏန်းတွေအရ ကျေးလက်ဒေသနေ လူ သန်း ၃၀ နီးပါးဟာ ဆင်းရဲမွဲတေမှု အနိမ့်ဆုံး သတ်မှတ်ထားတဲ့ တစ်နေ့ကို ဒေါ်လာ ၁.၉၀ နှုန်း အောက် ဝင်ငွေနဲ့ ဆက်ရှင်သန်နေကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်အစိုးရက ဆင်းရဲမွဲတေမှုကို ၂၀၂၀ မတိုင်ခင် အမြစ်ဖြုတ် တိုက်ဖျက်မယ်လို့ အရင်က ကတိပြုထားပါတယ်။

ဆက်စပ် အကြောင်းအရာများ