အိမ်ထောင်ရေး ဖောက်ပြန်တာ တားမြစ်တဲ့ ဥပဒေဆွဲရာမှာပါသူ ဖောက်ပြန်မှုနဲ့ ကြိမ်ဒဏ်ပေးခံရ

အာချေး ပြည်နယ် အစ္စလာမ် ဘာသာရေး ကောင်စီ MPU အဖွဲ့ဝင် မူခလစ်ကို အများပြည်သူရှေ့မှာ ပြစ်ဒဏ်စီရင်စဉ် ဓာတ်ပုံ မူပိုင် AFP
Image caption အာချေး ပြည်နယ် အစ္စလာမ် ဘာသာရေး ကောင်စီ MPU အဖွဲ့ဝင် မူခလစ်ကို အများပြည်သူရှေ့မှာ ပြစ်ဒဏ်စီရင်စဉ်

အင်ဒိုနီးရှားမှာ တင်းကျပ်တဲ့ အိမ်ထောင်ရေး ဥပဒေ ရေးဆွဲ ပြဋ္ဌာန်းရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသား တစ်ယောက် ဖောက်ပြန်တယ်ဆိုပြီး ကြိမ်ဒဏ်ပေးခံရပါတယ်။

သူ့ကို အောက်တိုဘာလ ၃၁ ရက် ကြာသပတေးနေ့မှာ ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။

အဲဒီအမျိုးသားဟာ တင်းကျပ်တဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှု ဥပဒေ ရေးဆွဲရတဲ့ အဖွဲ့အစည်းမှာ ပါဝင်သူ ဖြစ်ပါတယ်။ သူ့ကို အိမ်ထောင်ရှိတဲ့ အမျိုးသမီးနဲ့ ဖောက်ပြန်တာကို တွေ့ရလို့ လူအများကြားမှာ ကြိမ်ဒဏ် စီရင်တယ်လို့ ဆိုပါတယ်။

အာချေး ပြည်နယ် အစ္စလာမ် ဘာသာရေး ပညာရှင် ကောင်စီ အဖွဲ့ဝင် မူခလစ် ဘင် မိုဟာမက် ဟာ ကြိမ်ဒဏ် ၂၈ ချက် အပြစ်ပေး ခံရပါတယ်။ သူနဲ့ ဖောက်ပြန်တယ်ဆိုတဲ့ အမျိုးသမီးကတော့ ကြိမ်ဒဏ် ၂၃ ချက် အပြစ်ပေးခံရပါတယ်။

မူခလစ် ဟာ ရှေးရိုးစွဲ အယူဝါဒ ပြင်းထန်တဲ့ အာချေး ဒေသက ဖြစ်ပါတယ်။ ဒီဒေသဟာ အင်ဒိုနီးရှားမှာ တင်းကျပ်တဲ့ အစ္စလာမ် ရှရီးယား ဥပဒေကို ကျင့်သုံးတဲ့ တစ်ခုတည်းသော နေရာ ဖြစ်ပါတယ်။

လိင်တူချင်းဆက်ဆံတာနဲ့ လောင်းကစားလုပ်တာတွေကိုလည်း လူအများရှေ့မှာ ကြိမ်ဒဏ် စီရင်တဲ့ ဒေသ ဖြစ်ပါတယ်။

"ဒါက ဘုရားရဲ့ ဥပဒေပဲ။ အပြစ်ရှိရင် အဖွဲ့ဝင်ပဲ ဖြစ်ဖြစ် ဘယ်သူ့ကို မဆို ကြိမ်ဒဏ်ပေးရမှာပဲ" လို့ အာချေး ဘက်ဆာ ခရိုင် ဒုအုပ်ချုပ်ရေးမှူး ဟူစိန်နီ ဝါဟက်က ပြောပါတယ်။

သူတို့နှစ်ယောက် ပတ်သက်တယ်ဆိုတာကို အာဏာပိုင်တွေက ခရီးသွားတွေ အလာများတဲ့ ကမ်းခြေတစ်ခုက ကားရပ်နားရာ နေရာတခုမှာ တွေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။

သူဟာ အခုလို အပြစ်ပေးခံရတဲ့ အပြင် မွတ်ဆလင် ဘာသာရေး ပညာရှင် အဖွဲ့ကလည်း အထုတ်ခံရမှာ ဖြစ်ပါတယ်။

အသက် ၄၆ နှစ်အရွယ် မူခလစ်ဟာ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီ ရှရီယာ ဥပဒေကို ၂၀၀၅ ခုနှစ်မှာ စပြဋ္ဌာန်းပြီးကတည်းက သူဟာ ပထမဆုံး လူရှေ့သူရှေ့မှာ အပြစ်ပေးခံရတဲ့ ဘာသာရေး ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

အဲဒီ MPU အဖွဲ့ဟာ ရှရီယာ ဥပဒေကို အာချေးမှာ ကျင့်သုံးနိုင်အောင် ဒေသ အစိုးရနဲ့ လွှတ်တော်မှာ ဥပဒေ ပြုဖို့ မူကြမ်းရေးဆွဲရာမှာ လမ်းညွှန်အကြံပေးခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။

လိင်တူချင်းဆက်ဆံတာကို တားမြစ်တဲ့ ဥပဒေ ၂၀၁၄ ခုနှစ်မှာ လွှတ်တော်မှာ အတည်ပြုပြီး နောက်နှစ်မှာ အသက်ဝင်ခဲ့ပါတယ်။

အိမ်ထောင်ရေး ဖောက်ပြန်တာ၊ လောင်းကစားလုပ်တာ၊ အရက်သောက်သုံး၊ ထုတ်လုပ်၊ ရောင်းချတာတွေကို ရှရီယာ ဥပဒေမှာ တားမြစ်ထားပါတယ်။

၂၀၁၇ ခုနှစ်မှာ အမျိုးသားနှစ်ယောက် လိင်ဆက်ဆံလို့ ဆိုပြီး သူတို့ နှစ်ယောက်ကို ကြိမ်ဒဏ် ၈၃ ချက် စီ အပြစ်ပေးခဲ့ပါတယ်။

အပြစ်စီရင်သူတွေဟာ သူတို့ဘယ်သူဆိုတာ လူတွေမမှတ်မိနိုင်အောင် မျက်လုံးကလွဲပြီးတစ်ကိုယ်လုံးကို ဖုံးအုပ်ထားပါတယ်။

ဒီလို စီရင်တဲ့အခါ လူအများရှေ့ အမိုးအကာ မပါတဲ့ စင်မြင့်တစ်ခုမှာ စီရင်ပါတယ်။ ဒါပေမဲ့ ဒီလိုအပြစ်ပေးတာကို ကလေးတွေ လာကြည့်လို့တော့ မရပါဘူး။

အာချေးမှာ ရှရီယာ ဥပဒေဟာ မွတ်ဆလင်တွေရော မွတ်ဆလင် မဟုတ်သူတွေအပေါ်ပါ သက်ရောက်ပါတယ်။