အနက်ဖက်ရှင်နဲ့ ရိုးရာယဉ်ကျေးမှုကို စိန်ခေါ်ခဲ့တဲ့ အမျိုးသမီးတွေ

အနက်ရောင် အနုအရင့် ၁၈ မျိုး၊ အိန္ဒိယ၊ အမျိုးသမီး ဓာတ်ပုံ မူပိုင် Midhun Divakar
Image caption "အနက်ရောင် အနုအရင့် ၁၈ မျိုး "လှုပ်ရှားမှုမှာ ပါတဲ့ စာရေးဆရာမ၊ ကဗျာဆရာမ ဆိုမြာ ရာဒါ ဗီဒီယက်ဒါ

ကမ္ဘာ့ဖက်ရှင်လောကမှာ ဆယ်စုနှစ်ပေါင်းများစွာ ရေပန်းစားခဲ့တဲ့ အနက်ရောင်ကို အိန္ဒိယ ရိုးရာ အဝတ်အစားမှာတော့ သုံးလေ့ သိပ်မရှိကြပါဘူး။ ဒါပေမဲ့ အခုတော့ အိန္ဒိယ ဖက်ရှင် ဒီဇိုင်နာ ရှာမီလာ နိုင်ယာ က နိုင်ငံရေးနဲ့ အမျိုးသမီးရေး အခိုင်အမာ တောင်းဆို တင်ပြနိုင်ဖို့ ဒီအနက်ရောင်ကို အသုံးပြုခဲ့ပါတယ်။ ဒီအကြောင်း ဒေလီမြို့က ဘီဘီစီ သတင်းထောက် Geeta Pandey က တင်ပြထားပါတယ်။

"အနက်ရောင် အနုအရင့် ၁၈ မျိုး" လို့ အမည်ပေးထားတဲ့ မစ်စ် နိုင်ယာ ရဲ့ လှုပ်ရှားမှုမှာ သူဒီဇိုင်း ဆွဲထားတဲ့ အနက်ရောင် ဆာရီ လှလှလေးတွေ ဝတ်ထားကြတဲ့ အမျိုးသမီး ၁၈ ဦးက သူတို့ရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ ကျားမ ခွဲခြားမှုတွေ အကြောင်း ပြောပြကြတာ တွေ့ရမှာပါ။

ကန့်သတ်မှုတွေ နေ့စဉ်ကြုံနေရတဲ့ အမျိုးသမီးတွေအနေနဲ့ သူတို့မသိစိတ်က ဒီကန့်သတ်မှုတွေကို သူတို့ကိုယ်တိုင် ပြန်လုပ်မိနေကြပြီး ဒီလှုပ်ရှားမှုမှာပါတဲ့ အမျိုးသမီးတွေကတော့ ကန့်သတ်မှုတွေ၊ ခွဲခြားမှုတွေ မရှိတဲ့ ပုံမှန် ခံစားမှုမျိုး ခံစားရတယ်လို့ မစ်စ် နိုင်ယာက ပြောပါတယ်။

မနှစ်က နိုင်ငံတောင်ပိုင်း ကာရဲလားပြည်နယ်မှာ ဓမ္မတာ လာနေတဲ့ အမျိုးသမီးတွေကို ဟိန္ဒူတွေ အထွတ်အမြတ်ထားရာ ဆာဘာရီမာလာ ဘုရားကျောင်းထဲ ဝင်ခွင့် ပိတ်ပင်ထားတာကို တရားရုံးချုပ်က ပယ်ဖျက်လိုက် အပြီး ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့တာကို အကြောင်းပြုပြီး ဒီ "အနက်ရောင် အနုအရင့် ၁၈ မျိုး" လှုပ်ရှားမှုကို လုပ်ခဲ့တာလို့ မစ်စ် နိုင်ယာ က ဘီဘီစီကို ပြောပြပါတယ်။

ဟိန္ဒူဘာသာ ထုံးစံအရ ဓမ္မတာ လာနေတဲ့ အမျိုးသမီးတွေကို မသန့်ရှင်းသူတွေအဖြစ် သတ်မှတ်ထားတဲ့အတွက် သူတို့ကို ဘုရားကျောင်းထဲ ဝင်ခွင့် သမိုင်းအစဉ်အဆက် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီပိတ်ပင်မှုကို တရားရုံးချုပ်က ပယ်ဖျက်လိုက်တာအပေါ် ကန့်ကွက် ဆန္ဒပြသူတွေထဲမှာ အမျိုးသမီးတွေ အများအပြား ပါနေတဲ့အတွက် အကြီးအကျယ် တုန်လှုပ်သွားခဲ့ရတယ်လို့ မစ်စ် နိုင်ယာ က ပြောပါတယ်။

ဒါ့ကြောင့် ဒီ "အနက်ရောင် အနုအရင့် ၁၈ မျိုး" လှုပ်ရှားမှုကို လုပ်ခဲ့တာလို့ ဆိုပါတယ်။ ၁၈ က ဆာဘာရီမာလာ ဘုရားကျောင်းရဲ့ လှေကားထစ် ၁၈ ထစ်ကို ကိုယ်စားပြုတာ ဖြစ်ပြီး အနက်ရောင်ကတော့ ဘုရားပူဇော်အားထုတ်သူတွေ ဝတ်လေ့ရှိတဲ့ အရောင်ကို ကိုယ်စားပြုတာလို့ မစ်စ် နိုင်ယာက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Midhun Divakar
Image caption အမျိုးသမီး တစ်ဦးတည်းကို အသားရောင် အမျိုးမျိုးနဲ့ ပုံဖော်ပြခဲ့

"ဓမ္မတာ လာနေချိန်မှာ ကျွန်မတို့ အမျိုးသမီးတွေ မသန့်ရှင်းဘူးလို့ ပြောထားတာက ကျွန်မတို့ ခေါင်းထဲမှာ ဝင်နေတယ်။ အခုတောင် ဓမ္မတာ လာနေရင် ဘုရားကျောင်း မသွားတဲ့၊ ဘာသာရေးပွဲတွေမှာ ဝင်မပါတဲ့ သူငယ်ချင်းတွေ ကျွန်မမှာ ရှိနေတယ်" လို့ မစ်စ် နိုင်ယာ က ပြောပြပါတယ်။

"ဒီတော့ ဘုရားဖူးခွင့်အတွက် အမျိုးသမီး အတော်များများက တောင်းဆိုနိုင်သေးရင် အမျိုးသမီး အခွင့်အရေးအတွက် ဘာလို့ မတောင်းဆိုနိုင်ရမှာလဲလို့ ကျွန်မ တွေးမိပါတယ်။ အမျိုးသမီးတွေ အများကြီး ပူးပေါင်း တောင်းဆိုရင် အပြောင်းအလဲတွေ ဖြစ်လာနိုင်မယ်လို့ ကျွန်မ တွေးမိပါတယ်"

အသိစိတ်ကို မသိမသာ ချုပ်ချယ်ခံရတာမျိုးကို ဟိုးငယ်စဉ် ကလေးဘဝက စကြုံခဲ့ရတယ်လို့ သူက ပြောပါတယ်။

ယောက်ျားလေးနဲ့ မိန်းကလေး မတူဘူး။ မိန်းကလေးတွေ စကားကျယ်ကျယ် မပြောရဘူး။ အကျယ်ကြီး မရယ်ရဘူး ဆိုပြီး ကလေးဘဝကတည်းက သင်ထားတယ်လို့ ဆိုပါတယ်။ ကျေးရွာတွေမှာဆိုရင် မိန်းကလေးတွေကို ဆေးပညာ၊ အင်ဂျင်နီယာပညာမျိုးထက် အနုပညာနွှယ်တဲ့ ဘာသာရပ်မျိုးတွေပဲ သင်ယူ ဆည်းပူးဖို့ ခုချိန်ထိ တိုက်တွန်းတာမျိုး ရှိနေတုန်းပဲလို့ မစ်စ် နိုင်ယာ က ပြောပါတယ်။

"အိမ်ထောင်ပြုတာ၊ ကလေးယူတာမျိုးလို ကိစ္စတွေမှာလည်း သိသိသာသာ ချုပ်ချယ်မှုတွေ ရှိနေပါတယ်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံက နေရာအတော်များများမှာ မိန်းကလေးတွေ အသက် ၁၈ နှစ် ပြည့်ပြီ ဆိုတာနဲ့ ယောက်ျားပေးစားဖို့ စလုပ်ပါတော့တယ်။ ယောက်ျား ရသွားပြီ ဆိုရင် ဘယ်တော့ ကလေးယူမလဲဆိုတဲ့ မေးခွန်းကို မေးလာကြပါတော့တယ်။ ကလေးတစ်ယောက် ရပြီ ဆိုရင် နောက်တစ်ယောက် ဘယ်တော့ ယူမလဲလို့ မေးကြပြန်ပါတယ်"

"ဒီတော့ ဒီကန့်သတ်ချုပ်ချယ်မှုတွေကို ကျွန်မတို့ စိတ်ထဲမှာ နှလုံးသွင်း ခံယူတတ်လာကြပါတယ်။ အမျိုးသမီးတွေ လုပ်ပိုင်ခွင့် ရဖို့ အကြောင်းတွေ ကျွန်မတို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်မတို့ နေ့စဉ်ဘဝမှာ ဒီကန့်သတ်ချုပ်ချယ်မှုတွေကို မေးခွန်းမထုတ်ပဲ လက်ခံနေကြပါတယ်" လို့ မစ်စ် နိုင်ယာက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Midhun Divakar
Image caption ကားမောင်းတဲ့ အမျိုးသမီးတွေကို အမြင်တစ်မျိုးနဲ့ ဆက်ဆံကြပုံကို အိမ်တွင်းအလှဆင် ဒီဇိုင်းနာ ဆမစ်သာ နိုင်ခ် ပြောပြ။
ဓာတ်ပုံ မူပိုင် Midhun Divakar
Image caption ရုပ်ရှင်မင်းသမီး ကချေသည် အနူမိုလ် က မိသားစုကို ဆန့်ကျင်ပြီး အကပညာနဲ့ သက်မွေးဝမ်းကျောင်းဖို့ လုပ်ခဲ့တယ်လို့ ပြော

ဒီလှုပ်ရှားမှုမှာ ဘာသာရေး ထုံးစံကို စိန်ခေါ်ဖို့ ဖက်ရှင်ကို အသုံးပြုခဲ့ပြီး အမျိုးသားတွေ နက်နက်ရှိုင်းရှိုင်း ကြီးစိုးနေတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ခေတ်နောက်ကျနေတဲ့ ယုံကြည်မှု၊ အတွေးအခေါ်တွေကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုမှာ ပါဝင်ဖို့ အမျိုးသမီးတွေကို ရှာဖွေရတာ သိပ်တော့ မလွယ်ခဲ့ဘူးလို့ မစ်စ် နိုင်ယာ က ပြောပါတယ်။

"အမျိုးသမီး ၈၀ နဲ့ ၉၀ ကြားလောက် စကားပြောခဲ့ရပြီး အတော်လေး စိတ်ဝင်စားစရာ ကောင်းတဲ့ ဘဝဇာတ်လမ်းတွေ ကြားခဲ့ရပါတယ်။ ဒါပေမဲ့ အများစုက အသံဖမ်း မှတ်တမ်းတင်မယ်ဆိုရင် မလုပ်ချင်ကြတော့ဘူး။ ဆာဘာရီမာလာ ဘုရားကျောင်းအပေါ် အချေအတင် အငြင်းပွားနေကြတဲ့ ကိစ္စကြောင့် သူတို့ စိုးရိမ် ကြောက်လန့်နေကြပါတယ်။ သူတို့ပြောတာတွေကို ဘယ်လို ပြန်ပုံဖော်မလဲ၊ လူ့အသိုင်းအဝိုင်းက ဒါကို ဘယ်လို တုံ့ပြန်ကြမလဲ ဆိုတာကို စိုးရိမ်တယ်လို့ သူတို့က ပြောပါတယ်"

ဒါပေမဲ့ ဒီအမျိုးသမီး ၁၈ ယောက်ကတော့ သူတို့ ရင်ဆိုင်ရတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ အကြောင်းနဲ့ ဒါတွေကို သူတို့ ဘယ်လို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြသလဲ ဆိုတာကို ပြောပြမယ်လို့ ဆိုလာကြပါတယ်။

ဒီလှုပ်ရှားမှုမှာ ပါတဲ့ မော်ဒယ် အမျိုးသမီးတွေထဲမှာ ရှေ့နေ၊ ရုပ်ရှင်မင်းသမီး၊ ကဗျာဆရာမ၊ စိတ်ပညာရှင်၊ နည်းပညာရှင်၊ စာရေးဆရာမ၊ အိမ်ရှင်မနဲ့ ရုံးဝန်ထမ်း အမျိုးသမီးတွေ ပါဝင်ပါတယ်။

ဓာတ်ပုံ မူပိုင် Midhun Divakar
Image caption အမျိုးသမီးတွေ အမြဲ ကောင်းကောင်းမွန်မွန် ကျင့်ကြံနေထိုင်ဖို့ အမျိုးသမီးတွေအပေါ် လူမှုအသိုင်းအဝိုင်းက အကြီးအကျယ် ဖိအားပေးလေ့ ရှိတယ်လို့ စာရေးဆရာမ လက်ခ်ရှမီး ရာဂျိဗ် က ဆို

လူမှုကွန်ရက်တွေပေါ်မှာ မစ်စ် နိုင်ယာ တင်ခဲ့တဲ့ ဗီဒီယိုတွေထဲမှာ စိတ်နှလုံး ထိရှစေတဲ့ ဘဝဇာတ်လမ်းတွေကို နားဆင်ခဲ့ရပါတယ်။

မိခင်တစ်ဦးဘဝကို မဖြစ်မနေ ယူကို ယူရမယ်ဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ ကြီးပြင်းလာခဲ့တယ် ဆိုတဲ့ ဆက်သွယ်မှု ဖွံ့ဖြိုးရေး အထူးပညာရှင် စာရေးဆရာမ ရမ်ယာ ဆာဆီးဒရန် က သူဟာ ကလေးယူချင်စိတ် မရှိတဲ့အတွက် သူ့ကိုယ်သူ တစ်ခုခု မှားနေသလားဆိုတဲ့ အတွေးမျိုး ဝင်ခဲ့တယ်လို့ ဆိုပါတယ်။

"ဒါပေမဲ့ ကျွန်မကြီးလာတဲ့အခါကျတော့ ဒီမျှော်မှန်းချက် အတော်များများဟာ ပြင်ပက ဖိအားပေး ချမှတ်ထားတာတွေသာ ဖြစ်တယ်၊ ပြီးတော့ မိခင်ဘဝ ဆိုတာ အမျိုးသမီး တဦးရဲ့ ဘဝကို ကိုယ်စားပြု ပုံဖော်တာမျိုး လုံးဝ မဟုတ်ဘူး ဆိုတာကို သဘောပေါက်လာခဲ့ပါတယ်" လို့ သူက ပြောပါတယ်။

စိတ်ပညာရှင် ဆွာတီ ဂျက်ဂါဒီးရှ် ကလည်း သူ့မိခင်နဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ပုံ၊ မိခင်ကို ရင်းရင်းနှီးနှီး ရင်ဖွင့်တာမျိုး မလုပ်နိုင်ခဲ့ပုံတွေကို ပြန်ပြောပြခဲ့ပါတယ်။

"ဒီတော့ ကျွန်မအနေနဲ့ ကျွန်မကလေးကို ကျွန်မအပေါ် ယုံကြည်စိတ် ရှိစေချင်တယ်၊ ဘာမဆို ကျွန်မကို ဖွင့်ပြောနိုင်တဲ့ စိတ်ချမှုမျိုး သူ့မှာ ရှိစေချင်တယ်၊ မိခင် မပီသတဲ့ မိခင်တယောက် ဖြစ်မလာဖို့ ကျွန်မ အမေကို ကြည့်ပြီး သင်ခန်းစာ ယူနိုင်ခဲ့တယ်" လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Midhun Divakar
Image caption ကလေးမယူချင်ခဲ့တဲ့အတွက် သူ့ကိုယ်သူ တစ်ခုခု မှားနေသလား ဆိုတဲ့ အတွေးမျိုးနဲ့ သူ့ဘဝ ကြီးပြင်းခဲ့ရတယ်လို့ ရမ်ယာ ဆာဆီးဒရန် ပြော
ဓာတ်ပုံ မူပိုင် Midhun Divakar
Image caption ခရီးဆောင်သေတ္တာတစ်လုံးနဲ့ အတူ အိမ်ရှင်မတစ်ဦးက အမျိုးသမီးတွေ ခရီးသွားလာတာကို ကန့်သတ်ခံနေရမှုအကြောင်း ထုတ်ဖော်

"အနက်ရောင် အနုအရင့် ၁၈ မျိုး" လှုပ်ရှားမှု ဗီဒီယိုထဲမှာ ပါတဲ့ အိမ်တွင်းအလှဆင် ဒီဇိုင်နာ ဆမီသာ နိုင်ခ် က ပိုကျယ်ကျယ်ပြန့်ပြန့် အရေးပါတဲ့ ကိစ္စမျိုးတွေအကြောင်း ဆွေးနွေးပြောဆိုဖို့ ဒီလှုပ်ရှားမှုမှာ အဝတ်အစားတွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ဗီဒီယိုထဲမှာ မစ်စ် နိုင်ခ်က အမျိုးသမီး ကားမောင်းသူတွေအပေါ် လူတွေ မြင်တဲ့ အမြင်နဲ့ လမ်းတွေပေါ်မှာ အနိုင်ကျင့်ခံရပုံတွေအကြောင်း ကွက်ကွက်ကွင်းကွင်း ပြောပြသွားခဲ့ပါတယ်။ ဒီကိစ္စမျိုးတွေကို အစဉ်မပြတ် ထုတ်ဖော် ပြောဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

လှုပ်ရှားမှု တစ်ခု၊ ဆန္ဒပြမှု တစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ သူက ပြောပါတယ်။

အရေးပါတဲ့ သတင်းစကားတွေကို လူတွေသိအောင် လုပ်ရာမှာ ဖက်ရှင်နဲ့ ဖန်တီးမှု အနုပညာကို ထိထိရောက်ရောက် အသုံးပြုနိုင်တယ်လို့ သူက ပြောပြီး အခု အနက်ရောင် အနုအရင့် ၁၈ မျိုး လှုပ်ရှားမှု ဟာလည်း ဒီလိုမျိုး လုပ်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စည်းမျဉ်းတစ်ခု သတ်မှတ်တယ် ဆိုတာဟာ စည်းမျဉ်း သတ်မှတ်ရုံတင် မက လောကကြီးတစ်ခုလုံးကို ပြောင်းဖို့ လုပ်တာ ဆိုတဲ့ ဆိုရိုးစကား တစ်ခု ရှိခဲ့ပါတယ်။

အနက်ရောင် ဝတ်ခဲ့တဲ့ သဘောဟာ ဆာဘရီမာလာ ဘုရားဖူးတွေလိုပဲ အနက်ရောင် ကလည်း ကျွန်မတို့ရဲ့ အရောင်ဖြစ်တယ် ဆိုတဲ့ သတင်းစကားကို ပါးလိုက်တာပါ။

ဒီအနက်ရောင်ကို ကျွန်မတို့လည်း ဝတ်ခွင့် ရှိတယ်၊ ဒီလူမှုအသိုင်းအဝိုင်းမှာ ကျွန်မတို့လည်း တန်းတူညီမျှ တစိတ်တပိုင်း ပါဝင်နေတယ်၊ အနက်ရောင် ပင်လယ်ပြင်ကြီးထဲမှာ ကျွန်မတို့ အမျိုးသမီးတွေလည်း ပါဝင်တယ် ဆိုတဲ့ သဘောကို ဒီလှုပ်ရှားမှုက ဖော်ပြနေပါတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ