ထိုင်းတောင်ပိုင်းမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးဆုံး တိုက်ခိုက်မှုကြီး ဖြစ်ခဲ့ပြီး လူ၁၅ ဦး သေဆုံး

ထိုင်း၊ တောင်ပိုင်း၊ မွတ်ဆလင် ခွဲထွက်ရေးသူပုန်၊ ဓာတ်ပုံ မူပိုင် TUWAEDANIYA MERINGING
Image caption ထိုင်းနိုင်ငံ တောင်ပိုင်းမှာ အာဏာပိုင်တွေနဲ့ သူပုန်တွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားနေတာ ဆယ်စုနှစ် တစ်ခုကျော် ရှိနေပြီဖြစ်

ထိုင်းနိုင်ငံတောင်ပိုင်းမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး တိုက်ခိုက်မှုကြီး တစ်ခု ဖြစ်ခဲ့ပြီး ခွဲထွက်ရေး သူပုန်တွေလို့ ယူဆရသူတွေရဲ့ လက်ချက်နဲ့ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် လူ ၄ ဦးလည်း ဒဏ်ရာ ရခဲ့ပါတယ်။

ယာလပြည်နယ်က စစ်ဆေးရေးဂိတ်တစ်ခုကို လက်နက်ကိုင်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့စဉ်အတွင်း သေဆုံးသွားသူတွေထဲမှာ ရဲအရာရှိတွေလည်း ပါဝင်ပါတယ်။

လက်နက်ကိုင်တွေက ဖောက်ခွဲရေး ပစ္စည်းတွေ အသုံးပြု တိုက်ခိုက်ခဲ့ပြီး သူတို့နောက် လိုက်မလာနိုင်အောင် လမ်းတွေပေါ်မှာ သံတိုသံစတွေ ဖြန့်ကြဲ ချထားခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ၂၀၀၄ ခုနှစ်က ခွဲထွက်ရေး သူပုန်တွေ စပုန်ကန် ထကြွခဲ့ကြကတည်းက လူ ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြပြီး ဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း ဘာတွေ ဖြစ်ခဲ့သလဲ

အကြမ်းဖက် တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်လေ့ ရှိတဲ့ ပြည်နယ် ၃ ခုအနက် တစ်ခု ဖြစ်တဲ့ ယာလပြည်နယ်မှာ နိုဝင်ဘာ ၅ ရက် အင်္ဂါနေ့ညက ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

စစ်ဆေးရေးစခန်း တစ်ခုကို ခွဲထွက်ရေး သူပုန်တွေလို့ ယူဆရတဲ့ လက်နက်ကိုင်တွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာမှာ ရဲအရာရှိတစ်ဦးနဲ့ အရပ်သား ကျေးရွာ လုံခြုံရေးတွေ အပါအဝင် လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီ ကျေးရွာ လုံခြုံရေးတွေဟာ အရပ်သားတွေ ဖြစ်ကြပြီး သူတို့ကျေးရွာတွေကို ကာကွယ်ဖို့အတွက် လက်နက်တွေ ဘယ်လို အသုံးပြုရသလဲ ဆိုတာ လေ့ကျင့် သင်တန်းပေးထားသူတွေ ဖြစ်ပါတယ်။

ဒဏ်ရာ ရသူတချို့ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဘီဘီစီ ထိုင်းဌာနက ပြောပါတယ်။

တိုက်ခိုက်မှုကို ဘယ်သူက ကြိုးကိုင် စီစဉ်ခဲ့တာလဲ ဆိုတာ အထောက်အထား အသေအချာ မတွေ့ရသေးပေမဲ့ သူပုန်တွေရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ပရာမို့ ပရွမ် အင် က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

"အခု လတ်တလောနှစ်တွေအတွင်း ဒါဟာ အကြီးမားဆုံး တိုက်ခိုက်မှုကြီး တစ်ခု ဖြစ်တယ်"လို့ သူက ပြောပါတယ်။

ဒီခွဲထွက်ရေး အဖွဲ့က ဘယ်သူတွေလဲ

ဒီခွဲထွက်ရေး သူပုန်တွေဟာ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပုံစံတစ်ခု တောင်းဆိုနေတဲ့ လက်နက်ကိုင်တွေ ဖြစ်ပါတယ်။

ဘာ့ကြောင့်လဲ ဆိုတာ သိချင်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က သမိုင်းကို ပြန်ပြောင်းကြည့်ဖို့ လိုပါလိမ့်မယ်။

တောင်ပိုင်းဒေသဟာ ပတ္တနီ လို့ အများသိကြတဲ့ ဆူလ်တန်ဘုရင် အုပ်ချုပ်တဲ့ နယ်မြေတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ နေထိုင်သူ အများစုဟာ မလေးနွယ်ဖွား မွတ်ဆလင်တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ၂၀ ရာစုနှစ် အစပိုင်းမှာ ပတ္တနီ ဒေသဟာ ထိုင်းနိုင်ငံရဲ့ တစိတ်တပိုင်း ဖြစ်လာခဲ့ပါတယ်။

"မလေးနွယ်ဖွား မွတ်ဆလင်တွေဟာ ထိုင်းနိုင်ငံရဲ့ ကျန်တဲ့ ဒေသတွေက လူအများစုနဲ့ ယဉ်ကျေးမှုအရရော၊ လူမျိုးနွယ်စုအရရော၊ ဘာသာရေးအရရော မတူ ကွဲပြားခြားနားနေတယ်"လို့ သြစတြေးလျ အခြေစိုက် သီးခြားလွတ်လပ်တဲ့ သုံးသပ်သူ ပညာရှင် ရမ်ဂရာဝီ ချာလာမ်ဆရီပင်ညိုရတ်က ဘီဘီစီကို ပြောပါတယ်။

ဒီမလေးနွယ်ဖွား မွတ်ဆလင်တွေဟာ သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုအပေါ် ကြီးစိုးချုပ်ကိုင်တာကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ကြရာမှာ အစိုးရရဲ့ ပြင်းထန်တဲ့ ဖိနှိပ်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

အခုချိန်ထိ သူတို့ ပုန်ကန်နေကြတုန်းလား

တကယ်တမ်းမှာ ဒီမလေးနွယ်ဖွား မွတ်ဆလင်တွေဟာ ဆန့်ကျင်ပုန်ကန်နေမှုတွေကို ဘယ်တုန်းကမှ မရပ်ခဲ့ကြပါဘူး။ ဒါပေမဲ့ ၂၀၀၄ ခုနှစ်အထိ နိုင်ငံတောင်ပိုင်းမှာ အကြမ်းဖက်မှုတွေ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ အထိုက်အလျောက် အေးငြိမ်းနေခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာ သေနတ်သမားတွေက စစ်စခန်းတစ်ခုကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း အစောင့် ၄ ဦး သေဆုံးခဲ့ပြီး ရိုင်ဖယ်သေနတ် ၄၀၀ လောက် လုယူသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ခဲ့ပြီး ဒါဟာ မလေးနွယ်ဖွား မွတ်ဆလင် ခွဲထွက်ရေး လက်နက်ကိုင်တွေရဲ့ လက်ချက် လို့ အစိုးရက စွပ်စွဲခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မွတ်ဆလင်ခွဲထွက်ရေး သူပုန်တွေလို့ ယူဆရတဲ့ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုအတွင်း လုံခြုံရေး စေတနာ့ဝန်ထမ်းတွေ အများအပြား သေဆုံး

အဲဒီအချိန်ကတည်းကစလို့ တိုက်ခိုက်မှုတွေ ငြိမ်သွားလိုက် အကြီးအကျယ် ဖြစ်လိုက်နဲ့ ရပ်သွားတယ်လို့တော့ မရှိခဲ့ပါဘူး။

အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ ထိခိုက်သေဆုံးမှု စာရင်းအရ ပြောရင် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုကြီးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုကို ဘယ်သူက ဘာ့ကြောင့် လုပ်တာလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ဒီတိုက်ခိုက်မှုဟာ ဒေသတွင်း အဓိက ခွဲထွက်ရေး အဖွဲ့ကြီး ၃ ခုထဲက တစ်ခု ဖြစ်တဲ့ Barisan Revolusi Nasional (BRN) အဖွဲ့ရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ မစ္စ ရမ်ဂရာဝီ ချာလာမ်ဆရီပင်ညိုရတ် က ပြောပါတယ်။

သက်သေ အထောက်အထား အခိုင်အမာ မရှိပေမဲ့ တိုက်ခိုက်တဲ့ ပုံစံနဲ့ ပစ်မှတ်ထားမှုကို ကြည့်ရင် အရင်တုန်းက BRN အသုံးပြုခဲ့တဲ့ တိုက်ခိုက်ပုံတွေနဲ့ တူနေတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဒါဟာ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ၂၀၀၄ ခုနှစ်တုန်းက အတိုင်းအတာလို ပြန်ဖြစ်လာတော့မယ့် လက္ခဏာလို့ ယူဆရသလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ မစ္စ ရမ်ဂရာဝီ ချာလာမ်ဆရီပင်ညိုရတ် က "လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့ စစ်ရေး တိုက်ပွဲပုံစံမျိုး ပြန်ဖြစ်မယ့် လက္ခဏာ လို့တော့ မတွေ့ရပါဘူး၊ ဒီအဖွဲ့က သူတို့ ရှိနေဆဲ ဆိုတာရယ်၊ သူတို့မှာ အင်အားတောင့်တယ် ဆိုတာရယ်ကို လူတွေကို သတိပေးတဲ့ အနေနဲ့ လုပ်ခဲ့တဲ့ သာမန် စစ်ရေးလှုပ်ရှားမှု တစ်ခုသာ ဖြစ်နိုင်ပါတယ်"လို့ သုံးသပ်ပါတယ်။

ဒီတိုက်ခိုက်မှုက ဘာ့ကြောင့် အရေးကြီးသလဲ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ခွဲထွက်ရေး သူပုန်တွေနဲ့ အာဏာပိုင်တွေအကြား ပဋိပက္ခတွေ ၂၀၀၄ ခုနှစ်က တကျော့ပြန် စခဲ့ကတည်းက လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ထိုင်းတောင်ပိုင်းက အကြမ်းဖက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Deep South Watch အဖွဲ့က ပြောပါတယ်။

ဒီပဋိပက္ခကို နိုင်ငံတကာက သိပ် အာရုံမစိုက်ကြပေမဲ့ အရှေ့တောင်အာရှ ဒေသမှာတော့ ဒါဟာ လူအသေအပျောက် အများဆုံး ပဋိပက္ခကြီးတစ်ခု ဖြစ်တယ်လို့ ပြောရင် လွန်မယ် မထင်ပါဘူး လို့ မစ္စ ရမ်ဂရာဝီ ချာလာမ်ဆရီပင်ညိုရတ် က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ နှစ်အတွင်း ယာလပြည်နယ်မှာ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ခဲ့

ဒါပေမဲ့ ဒီပဋိပက္ခအပေါ် စိုးရိမ်မကင်း ဖြစ်နေတာ ထိုင်းနိုင်ငံတစ်ခုတည်း မဟုတ်ပါဘူး။ ထိုင်းနဲ့ ကပ်ရက် အိမ်နီးချင်း မလေးရှားနိုင်ငံကလည်း အဲဒီပဋိပက္ခကနေ ရိုက်ခတ်မှုတွေ ပျံ့နှံ့လာမှာနဲ့ ဒီပဋိပက္ခကြောင့် ဂျီဟာ့ဒ် အုပ်စုတွေ အသွင်ပြောင်းပြီး ထိုးဖောက် ဝင်ရောက်လာမှာကို စိုးရိမ်နေပါတယ် လို့ မစ္စ ရမ်ဂရာဝီ ချာလာမ်ဆရီပင်ညိုရတ် က ပြောပါတယ်။

တခြားနေရာတွေက ခွဲထွက်ရေး ပဋိပက္ခတွေကို ကြည့်မယ် ဆိုရင် ပဋိပက္ခ ရှည်ကြာလေလေ အခြေအနေတွေ ပိုရှုပ်ထွေးလာလေလေ ဖြစ်တာကို တွေ့ရလေ့ရှိတယ်၊ ဒီပဋိပက္ခကနေ မလိုလားအပ်တဲ့ အုပ်စုအဖွဲ့တွေ ပေါက်ဖွားရာ နေရာ ဖြစ်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။