အိန္ဒိယမြို့ကြီးတွေ ဘာကြောင့် ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံး ဖြစ်နေတာလဲ

အိန္ဒိယ၊ လေထုညစ်ညမ်းမှု ဓာတ်ပုံ မူပိုင် AFP
Image caption ဒေလီမြို့ထဲနဲ့ အနီးတဝိုက်မှာ လေထုညစ်ညမ်းမှု ပမာဏက စံချိန်တင်ခဲ့

အိန္ဒိယနိုင်ငံရဲ့ မြို့တော် ဒေလီမြို့မှာ ကျန်းမာရေး အရေးပေါ် ကြေညာချက် ထုတ်ပြန်ထားရပြီး စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။ လူတွေကို အိမ်တွေထဲမှာပဲ နေကြဖို့ တိုက်တွန်းထားပြီး အသက်ရှူကြပ်တဲ့ ဝေဒနာကြောင့် လူထောင်ပေါင်းများစွာကို ဆေးကုသပေးနေရတယ်လို့ ဆေးရုံတွေက ပြောပါတယ်။

ဒါတွေအားလုံးဟာ ကမ္ဘာ့ အဆိုးဝါးဆုံး လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ လူသန်းပေါင်းများစွာ နေထိုင်နေတဲ့ ဒေလီမြို့ကို အဆိပ်ငွေ့ခန်းကြီးလို့ အများက ဖော်ညွှန်းပြောဆိုနေကြပေမဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ လေထုညစ်ညမ်းမှုဒဏ်ကို ရင်ဆိုင်နေရတာ ဒေလီမြို့ တစ်မြို့တည်း မဟုတ်ပါဘူး။

ကမ္ဘာပေါ်မှာ လေထု အညစ်ညမ်းဆုံးမြို့ ၆ မြို့ထဲက ၅ မြို့ဖြစ်တဲ့ ဂူရူဂရမ်၊ ဂါဇီယာဘာ့ဒ်၊ ဖာရီဒါဘာ့ဒ်၊ ဘီဝါဒီ နဲ့ နိုအီဒါ မြို့တွေဟာ လက်ရှိမှာ ကမ္ဘာ့လေထု အညစ်ညမ်းဆုံး ဖြစ်တဲ့ ဒေလီမြို့ရဲ့ ကီလိုမီတာ ၈၀ ဝန်းကျင်အတွင်းမှာ ရှိနေပါတယ်။

Greenpeace အဖွဲ့ရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာ အရ ကမ္ဘာ့ လေထု အညစ်ညမ်းဆုံး မြို့ ၃၀ ထဲက ၂၂ မြို့ဟာ အိန္ဒိယနိုင်ငံမှာ ရှိပါတယ်။

အဲဒီမြို့တွေရဲ့ လေထုထဲမှာ PM2.5 လို့ခေါ်တဲ့ အန္တရာယ်ရှိတဲ့ အဆိပ်မြူမှုန် ပမာဏဟာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ ပမာဏထက် အများကြီး ပိုများနေတယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒေလီမြို့က အိန္ဒိယဂိတ်မှာ မီးခိုးမြူတွေ ဖုံးလွှမ်းနေ

ကမ္ဘာတဝန်းမှာ လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်ကို လူ ၇ သန်းနီးပါး အရွယ်မတိုင်ခင် သေဆုံးနေကြတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ခန့်မှန်းထားပါတယ်။ လောလောဆယ် ဒေလီမြို့မှာ ဖြစ်ပေါ်နေတဲ့ မီးခိုးမြူမျိုးဟာ လေဖြတ်၊ နှလုံးဖောက်၊ ဆီးချို၊ အဆုတ်ကင်ဆာ၊ အဆုတ်ရောဂါ စတာတွေ ပိုအဖြစ်များစေပါတယ်။

ဒေလီမြို့ထဲနဲ့ အနီးတဝိုက်မှာ နေထိုင်နေတဲ့ လူ သန်း ၃၀ ဟာ စံချိန်တင်ရလောက်တဲ့ မီးခိုးမြူတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ အခုအခါ သီတင်း တစ်ပတ်ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာဟာ ဒေလီတစ်မြို့တည်းမှာ ဖြစ်တာ မဟုတ်ပါဘူး။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အထူးသဖြင့် ဂင်္ဂါမြစ် လွင်ပြင်မှာလည်း လေထု ညစ်ညမ်းမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရပြီး အိန္ဒိယနိုင်ငံဘက်က တိုက်ခတ်လာတဲ့ အနောက်လေကြောင့် ဖုန်မှုန့်တွေနဲ့ မီးခိုးတွေကြောင့် အိန္ဒိယနိုင်ငံနဲ့ ကပ်ရက် နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာလည်း လေထုညစ်ညမ်းမှု အန္တရာယ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

Image caption အိန္ဒိယနိုင်ငံထဲနဲ့ အနီးတဝိုက်က လေထုညစ်ညမ်းမှု မြေပုံ

ဒီတော့ အိန္ဒိယနိုင်ငံက လေထုအရည်အသွေးက အထူးသဖြင့် အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ ဘာ့ကြောင့် ဒီလောက် ဆိုးဝါးနေတာပါလဲ။

ယာခင်း မီးရှို့ရှင်းလင်းမှု

ယာခင်း မီးရှို့ရှင်းလင်းတာဟာ ဒေလီမြို့တဝိုက်နဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်းက လေထု ညစ်ညမ်းမှုရဲ့ အဓိက အကြောင်းရင်း ဖြစ်တယ်လို့ ယူဆရပါတယ်။

အခုချိန်ဟာ လယ်ယာ ခုတ်ထွင်ရှင်းလင်းတဲ့ အချိန် ဖြစ်ပြီး လယ်သမားတွေက လက်ကျန် ယာခင်းတွေကို မီးရှို့ ရှင်းလင်းလေ့ ရှိကြပါတယ်။ ဒါဟာ နောက်ရာသီအတွက် လယ်ယာ ပြင်ဆင်ဖို့ အလွယ်ဆုံးနဲ့ စရိတ်အနည်းဆုံး နည်းဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အိန္ဒိယနိုင်ငံရဲ့ စိုက်ပျိုးရေး စနစ်မှာ ယာခင်း မီးရှို့ ရှင်းလင်းတဲ့ နည်းကို ကျင့်သုံးလာတာ ကာလကြာရှည်နေပါပြီ။

ယာခင်း မီးရှို့ရာက ထွက်လာတဲ့ မီးခိုးတွေဟာ အနောက်လေတွေနဲ့အတူ ဒေလီမြို့ဆီ ရောက်လာပြီး နှစ်စဉ် နှစ်တိုင်း လေထု ညစ်ညမ်းမှု ပမာဏကို ဆိုးဝါးစေခဲ့တာပါ။

ဒီလို ယာခင်း မီးရှို့တဲ့ စနစ်ကို စည်းမျဉ်းကန့်သတ်ဖို့ အစိုးရရဲ့ ကြိုးပမ်းမှုတွေကို လူတွေ မလိုက်နာကြတဲ့အတွက်ကြောင့်ရော၊ တခြားရွေးဖို့ နည်းမရှိတာကြောင့်ရယ်ပါ မအောင်မမြင် ဖြစ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ အဓိကအားဖြင့် စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းတဲ့ နိုင်ငံဖြစ်ပြီး ယာခင်း မီးရှို့ ရှင်းလင်းတာကို နေရာ အများအပြားမှာ အကြီးအကျယ် လုပ်လေ့ ရှိပြီး အထူးသဖြင့် ဒေလီမြို့အပြင် လေထုညစ်ညမ်းမှု အများဆုံး မြို့တွေ တည်ရှိရာ အူတာပရာဒက်ရှ်နဲ့ ဟာယာနာ ပြည်နယ်တွေမှာ ယာခင်းမီးရှို့ ရှင်းလင်းတာတွေကို အကြီးအကျယ် တွေ့ရပါတယ်။

ယာခင်း မီးရှို့ ရှင်းလင်းတာကို အခုသီတင်းပတ် အစပိုင်းမှာ ပိတ်ပင်ထားပြီး လေထု ညစ်ညမ်းမှု အတိုင်းအတာကို လျှော့ချဖို့ ဆောင်ရွက်ရာမှာ အာဏာပိုင်တွေအနေနဲ့ ခိုင်ခိုင်မာမာ လုပ်ဆောင်ရမယ့်အစား စတန့်ထွင်တာမျိုးကိုပဲ စိတ်ဝင်စားနေကြတယ်လို့ အိန္ဒိယနိုင်ငံရဲ့ အထက်တရားရုံးက ပြောပါတယ်။

မော်တော်ယာဉ်တွေက ထွက်တဲ့ မီးခိုးတွေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒေလီမြို့က လမ်းတွေပေါ်မှာ တနေ့ကို ပုံမှန် မော်တော်ယာဉ် ၃ သန်းလောက် အသုံးပြုနေ

ဒီမီးခိုးမြူတွေကြောင့် အိန္ဒိယ အစိုးရက လူထုကို ကျန်းမာရေး အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရပြီး မော်တော်ယာဉ်တွေက ထွက်တဲ့ မီးခိုး အဆိပ်ငွေ့တွေ ရှင်းလင်း တိုက်ဖျက်ရေးကို ပထမဆုံး လုပ်ဆောင်ခဲ့ပုံ တွေ့ရပါတယ်။

ဒေလီမြို့က လမ်းတွေမှာ တစ်နေ့ကို မော်တော်ယာဉ် ၃ သန်းလောက် အသုံးပြုနေပြီး အခုအခါ မော်တော်ယာဉ်တွေကို နေ့အလိုက် အချိုးကျ မောင်းနှင်တဲ့ အစီအစဉ်ကို စတင် ကျင့်သုံးနေပြီလို့ ဒေလီမြို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီအစီအစဉ်အရ ကိုယ်ပိုင်ကားတွေကို ကားနံပတ် စုံ၊မ အလိုက် ရက်ခြား မောင်းနှင်ခိုင်းထားပါတယ်။

အဲဒီအတွက် ကားအရေအတွက် တစ်သန်းခွဲလောက် လျော့ကျသွားတယ်လို့ အစိုးရက ပြောပါတယ်။

ဒါပေမဲ့ တခြား ကိန်းဂဏန်းတွေကို ကြည့်မယ် ဆိုရင် ၂၀၁၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံက လမ်းတွေပေါ်မှာ မော်တော်ယာဉ် သန်း ၂၀၀ ကျော် အသုံးပြုခဲ့တာ တွေ့ရပြီး အခုအခါ ဒီအရေအတွက်က ဒါ့ထက် ပိုများလာမှာ ဖြစ်တဲ့အတွက် မော်တော်ယာဉ်တွေက ထုတ်လွှတ်တဲ့ မီးခိုးတွေဟာလည်း ယာခင်း မီးရှို့ ရှင်းလင်းသလိုပဲ လေထုညစ်ညမ်းမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

Image caption ဒေလီမြို့နားက မြို့တွေရဲ့ လေထုညစ်ညမ်းမှု နှိုင်းယှဉ်မှု

ဒီဇယ်ကို အသုံးများတာကလည်း အိန္ဒိယနိုင်ငံ အတွက် ပြဿနာတစ်ခု ဖြစ်ပါတယ်။ လျှစ်စစ်ကားတွေ သုံးကြဖို့ အစိုးရက နှိုးဆော် ဆောင်ရွက်နေတာကလည်း မအောင်မြင်ပါဘူး။ ဓာတ်ဆီတို့ သဘာဝပတ်ဝန်းကျင် မထိခိုက်စေတဲ့ သဘာဝဓာတ်ငွေ့တို့ထက် ဒီဇယ်ကားတွေက ပိုများနေပါတယ်။

၂၀၁၅ မှာ အိန္ဒိယမှာ အင်ဂျင်ကြီးတဲ့ စွမ်းအင်အသုံးများတဲ့ ထရပ်ကား၊ ဘတ်စ်ကားတွေ ၁၀ သန်းကျော် ရှိတယ်လို့ အစိုးရ မှတ်တမ်းတွေအရ သိရပါတယ်။ ဒါ့အပြင် ဒီဇယ် တက္ကစီတွေ၊ ကိုယ်ပိုင်ကားတွေ သန်းပေါင်းများစွာ ရှိနေပါတယ်။

ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းစေတဲ့ အမှုန်အမွှားတွေ ဖြစ်စေတဲ့ နိုက်ထရိုဂျင် အောက်ဆိုက် ဓာတ်ငွေ့ထုတ်လုပ်မှုရဲ့ ၂၀ ရာခိုင်နှုန်းက ဒီဇယ်သုံး စက်ပစ္စည်းတွေက ထွက်တာလို့ Nature သိပ္ပံဂျာနယ်က ဖော်ပြပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတွေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိန္ဒိယနိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု

ဒေလီမှာ အဆိပ်သင့် လေထုဖြစ်ပြီး အခိုးအငွေ့တွေ ဖုံးအုပ်လာတိုင်း အစိုးရနဲ့ တရားရုံးတွေက ဒေလီနဲ့ အနီးတဝိုက်က ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ထားဆိုပြီး တားမြစ်လေ့ရှိပါတယ်။

အဲဒီလိုက် ရပ်ခိုင်းပြီဆိုရင် လူနေတိုက်ခန်းတွေ၊ အစိုးရ အဆောက်အအုံတွေ၊ လမ်းတွေ၊ ဈေးဝယ်စင်တာကြီးတွေနဲ့ မိုးပျံလမ်းတွေစတဲ့ ဆောက်လက်စ လုပ်ငန်းတွေ ထောင်ချီပြီး ရပ်ထားလိုက်ရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေက ထွက်လာတတ်တဲ့ အမှုန်အမွှားတွေ နဲ့ အပျက်အစီး အပိုင်းအစတွေ ပြဿနာ တစ်ခု ဖြစ်နေလို့ပါ။

ဒီအမှုန်တွေဟာ အများအားဖြင့် ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒါတွေကို လေကသယ်သွားလို့ လူတွေ အသက်ရှုရခက်တာနဲ့ အဆုတ်ရောဂါတွေ ဖြစ်စေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိန္ဒိယနိုင်ငံမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရေပန်းစားနေ

စီးပွားရေး မြန်မြန်ဆန်ဆန် တိုးတက်လာတဲ့ အိန္ဒိယက သူတို့ထက် စီးပွားရေး ပိုဖွံ့ဖြိုး ပိုတိုးတက်တဲ့ အိမ်နီးချင်း တရုတ်ကို အသည်းအသန် အမီလိုက်နေပါတယ်။ အဲဒီမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးရေးကလည်း အဓိကကျတဲ့ နေရာမှာ ပါဝင်ပါတယ်။

ဒီလုပ်ငန်းက ၂၀၂၂ အရောက်မှာ ဒေါ်လာ ၇၃၈ ဘီလျံကျော် ရှိမယ်လို့ အစိုးရ ကိန်းဂဏန်းတွေအရ ခန့်မှန်းရပါတယ်။ ဒါ့အပြင် အိန္ဒိယဟာ စတီး၊ သုတ်ဆေးနဲ့ မှန် လုပ်ငန်းတွေမှာလည်း အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

အခုလောလောဆယ်တော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဘယ်လောက်တည်ဆောက်နေတယ်ဆိုတာတော့ တိတိကျကျ ခန့်မှန်းထားတာ မရှိပါဘူး။

ဒါပေမဲ့ ဒေလီထက် ပိုသေးတဲ့ မြို့တွေ အများစုမှာတော့ လူနေအိမ်တွေ၊ စီးပွားရေး အဆောက်အအုံတွေ၊ အခြေခံ အဆောက်အဦ လုပ်ငန်းတွေ အများအပြား ဆောက်လုပ်နေပါတယ်။ ဒါတွေက အိန္ဒိယမြို့ကြီးတွေကို ကမ္ဘာပေါ်မှာ အညစ်ညမ်းဆုံးဖြစ်စေတဲ့ တတိယမြောက် အဓိက အရေးပါတဲ့ အချက်ဖြစ်စေပါတယ်။