ထရမ့်ကို စွပ်စွဲပြစ်တင်အရေးယူနိုင်မယ့် အလားအလာ

၂၀၁၇ ဖေဖေါ်ဝါရီက တွေ့ရတဲ့ ဒေါ်နယ်ထရမ့် ဓာတ်ပုံ မူပိုင် Reuters
Image caption အတိုက်အခံ ဒီမိုကရက်တွေကတော့ ထရမ့်အစိုးရဟာ ဥပဒေမဲ့ လုပ်ရပ်တွေမကြုံစဖူး လုပ်လာနေတယ်လို့ ပြောပါတယ်။

ရုပ်ရှင်တွေ ဇာတ်လမ်းတွေမှာတွေ့ခဲ့ဖူးတာတွေကို မေ့ထားလိုက်ပါ။ တကယ့် လက်တွေ့မှာတော့ သမ္မတတစ်ဦးကို ကွန်ဂရက်လွှတ်တော်က စွပ်စွဲပြစ်တင် အရေးယူပြီး ရာထူးက ဖယ်လိုက်တာမျိုးဟာ တွေ့မြင်နေကျ မြင်ကွင်းမျိုး မဟုတ်တော သေချာပါတယ်။

အဆုံးသတ် ဘယ်လို ဖြစ်လာမယ်ဆိုတာ မသေချာသေးရင်တောင် သမ္မတထရမ့်ကို အရေးယူဖို့ စုံစမ်းစစ်ဆေးမှု ကြားနားပွဲကို နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင်တော့မှာမို့ စိတ်ဝင်စားသူတွေ စောင့်ကြည့်ကြဖို့ ကောင်းပါတယ်။ နိုင်ငံရေးဆိုတာ အကွေ့အကောက် အတက်အဆင်းတွေများလှတာမို့ အသေအချာမပြောနိုင်ပေမယ့် ဒီကြားနာပွဲ၊ ဒီအရေးယူဖို့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ဒီမှာ ဝေမျှပေးသွားပါမယ်။

အင်္ဂလိပ်လိုတော့ impeachment လို့ခေါ်တဲ့ စွပ်စွဲပြစ်တင်အရေးယူတယ်ဆိုတာ ဘယ်လိုဟာမျိုးပါလဲ

ဒါက လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သမ္မတတစ်ဦးကို ကွန်ဂရက်လွှတ်တော်က စုံစမ်းစစ်ဆေးပြီး အပြစ်ရှိရင် ရာထူးက ဖယ်ရှားနိုင်တဲ့ လုပ်ငန်းစဉ်ပါ။ စုံစမ်းစစ်ဆေးမှုပြီးတာနဲ့ သမ္မတကို ချက်ခြင်းရာထူးက ဖယ်ရှားလိုက်မှာ ဖြစ်တယ်လို့ တချို့က ယူဆတာရှိပါတယ်။ တကယ်တမ်းကတော့ ဒီလုပ်ငန်းစဉ်ဟာ ကွန်ဂရက်လွှတ်တော်ထဲက အထက်နဲ့ အောက် လွှတ်တော်နှစ်ရပ်မှာ ဆက်လုပ်ရတဲ့ အဆင့်နှစ်ဆင့်အတွက် အစပဲ ဖြစ်ပါသေးတယ်။

ဓာတ်ပုံ မူပိုင် Empics
Image caption သမ္မတကို ဆီးနိတ်မှာ စစ်ဆေးစီရင်ဖို့ သင့်မသင့် အောက်လွှတ်တော်က အရင်ဆုံးဖြတ်မယ်။

ပထမအဆင့်မှာ ဟောက်စ်လို့ခေါ်တဲ့ အောက်လွှတ်တော်အမတ်တွေက သူတို့ဆီမှာ ရရှိထားတဲ့၊ တင်ပြလာတဲ့ သက်သေ အထောက်အထားတွေကို ကြည့်ပြီး သမ္မတကို စွဲချက်တင်လိုခြင်း ရှိမရှိ ဆုံးဖြတ်ကြပါတယ်။

တကယ်တမ်းမှာတော့ အဲဒီလို စွဲချက်တင်လာရင် တရားစီရင်မှုကို အထက်လွှတ်တော် ဆီးနိတ်က လုပ်ရတာဖြစ်ပါတယ်။ သမ္မတမှာ အပြစ်ရှိကြောင်း ထင်ရှားတွေ့ရရင်တော့ သူ့ကို ရာထူးက ဖယ်ရှားပြီး သူ့နေရာမှာ ဒုတိယသမ္မတက သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုလို့ ရာထူး ရယူရပါတယ်။

အရင်က သမ္မတဘယ်နှစ်ယောက် အခုလို စွပ်စွဲပြစ်တင်မှုနဲ့ ရင်ဆိုင်ခဲ့ရဖူးပါသလဲ

အရင်က နှစ်ယောက်ပဲ ရှိပါတယ်။ ၁၈၆၈ မှာ အင်ဒရူးဂျွန်ဆင်နဲ့ ၁၉၉၈ မှာ ဘီလ်ကလင်တန်ပါ။ သူတို့ နှစ်ယောက်စလုံးကို အောက်လွှတ်တော် ဟောက်စ်က စွပ်စွဲပြစ်တင်ခဲ့ပေမယ့် အထက်လွှတ်တော် ဆီးနိတ်မှာတော့ နှစ်ယောက်စလုံး အပြစ်က လွတ်ခဲ့ပါတယ်။

၁၉၇၄ ခုနှစ်တုန်းကလည်း သမ္မတ ရစ်ချတ်နစ်ဆင်ဟာ သူ့ပြိုင်ဘက်အပေါ် သူလျှိုလွှတ်ထောက်လှမ်းစေခဲ့တယ်ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဝါးတားဂိတ်လို့ နာမည်ကျော်တဲ့ အမှုပါ။ ဒီအမှုပေါ်လာတော့ လွှတ်တော် နှစ်ရပ်စလုံးက သူ့ကို စွပ်စွဲပြစ်တင် အရေးယူဖို့ သေချာလာချိန်မှာ သမ္မတနစ်ဆင်က အဲဒါကို မစောင့်တော့ဘဲ နုတ်ထွက်သွားခဲ့ပါတယ်။

အခုရော သမ္မတထရမ့်က ဘာတွေ ကျူးလွန်ခဲ့လို့ စွပ်စွဲခံနေရတာပါလဲ

သမ္မတဒေါ်နယ်ထရမ့်ဟာ သူ့ရာထူးအရှိန်အဝါကို အလွဲသုံးပြီး လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အခွင့်အလမ်းပိုများအောင် မသမာတဲ့ နည်းလမ်းတွေ သုံးခဲ့တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ထရမ့်က သူ့ပြိုင်ဘက်ကို စုံစမ်းထောက်လှမ်းပေးဖို့၊ မပေးရင် စစ်ရေးအကူအညီမပေးဘူးလို့ ယူကရိန်းကို ပြောခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရ

မစ္စတာထရမ့်က ၂၀၂၀ ရွေးကောက်ပွဲမှာ သူ့အတွက် အဓိက ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်ရဲ့ မိသားစုနဲ့ ပတ်သက်ပြီး ထိခိုက်စေနိုင်တဲ့ အချက်အလက်တွေ ရှာဖွေဖော်ထုတ်ပေးဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လင်းစကီးကို ဖိအားပေးခဲ့တယ်လို့ စွပ်စွဲခံနေရတာပါ။

ထရမ့်က ဥပဒေချိုးဖောက်ခဲ့တာ ရှိပါသလား

မစ္စတာထရမ့်ကတော့ သူ ဘာမှ အမှားမလုပ်ခဲ့ဘူးလို့ပြောပြီး သူ့ကို စွပ်စွဲပြစ်တင်အရေးယူဖို့ ကြိုးစားတာဟာ "ရူးသွပ် ပေါ့သွမ်း ဖျက်ဆီးလိုသူတွေရဲ့ အလွန်အမင်း ဘက်လိုက်တဲ့ လုပ်ရပ်တစ်ခု" လို့ ပြောပါတယ်။ သမ္မတရဲ့ အိမ်ဖြူတော်ရုံးကလည်း ဒီ လုပ်ငန်းစဉ်မှာ သူတို့ ဘာမှ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ထရမ့်က ဇူလိုင် ၂၅ ရက်နေ့က သမ္မတဇယ်လင်းစကီးကို ဖုန်းဆက်ခဲ့တဲ့အကြောင်း သတင်းပေးသူတစ်ယောက်က ဖော်ထုတ်လိုက်ချိန်ကစလို့ သမ္မတထရမ့်လည်း အရှုပ်တော်ပုံထဲ ဝေဖန်ချက်တွေနဲ့ ဆက်တိုက် ရင်ဆိုင်လာခဲ့ ရပါတယ်။

ထရမ့်က ယူကရိန်းကို ပေးဖို့ရှိတဲ့ စစ်ရေးအကူအညီ ဒေါ်လာသန်းပေါင်းများစွာကို ပိတ်ဆို့ထားခဲ့ပါတယ်။ ယူကရိန်းအနေနဲ့ ထရမ့်ရဲ့ ပြိုင်ဘက်ကို စုံစမ်းထောက်လှမ်းပေးတာမျိုး မလုပ်ရင် အဲဒီငွေတွေကို ထုတ်မပေးဘူးလို့ ရှင်းရှင်း ပြောခဲ့တယ်လို့လည်း အမေရိကန် အရာရှိကြီး လေးယောက်က ပြောထားပါတယ်။ အဲဒီလို ပြောအပြီးမှာ ယူကရိန်းက ထရမ့်ရဲ့ ပြိုင်ဘက်ကို စုံစမ်းထောက်လှမ်းမှုတွေ စလုပ်ခဲ့ပါတယ်။ အိမ်ဖြူတော်ကတော့ ထရမ့် အဲဒီလို ပြောခဲ့တယ်ဆိုတာကို ငြင်းပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတထရမ့်ကို စုံစစမ်းစစ်ဆေးဖို့ ကော်မီတီ ၆ ခုဖွဲ့ပြီး လုပ်သွားမယ်လို့ ဒီမိုကရက်ခေါင်းဆောင် နန်စီပလိုစီက ကြေညာ

နောက် ဘာဆက်ဖြစ်ဖို့ရှိပါသလဲ

ထရမ့်ဘာလုပ်ခဲ့သလဲဆိုတာကို လွှတ်တော်တွင်းက အမတ်တွေက ကော်မတီလေးတွေဖွဲ့ပြီး စုံစမ်းစစ်ဆေးသွားမှာပါ။ ကော်မတီ တစ်ခုစီက အခု ကိစ္စနဲ့ ဆက်စပ်မှုရှိနိုင်တဲ့ အကြောင်းအရာ တစ်ခုချင်းစီကို အထူးပြု စစ်ဆေးကြမှာ ဖြစ်ပါတယ်။ ဥပမာ နိုင်ငံခြားရေး၊ ငွေကြေးဆိုင်ရာ လွှဲပြောင်းပေးအပ်တဲ့ လုပ်ငန်းနဲ့ တရားဥပဒေရေးရာတို့ ဖြစ်ပါတယ်။ လူအများရှေ့မှာ သက်သေခံထွက်ဆိုဖို့ လိုအပ်တဲ့ လူတွေကိုလည်း ခေါ်ယူ စစ်ဆေးမှာ ဖြစ်ပါတယ်။

သမ္မတရဲ့ ရှေ့နေတွေလည်း ဒီစစ်ဆေးမှုတွေမှာ ပါဝင်တက်ရောက်နိုင်ပါတယ်။ ကော်မတီတွေက သမ္မတကို စွဲချက်တင်ဖို့ ဆုံးဖြတ်ခဲ့ရင်တော့ အောက်လွှတ်တော်အမတ်တွေ အားလုံးက ဒါကို မဲခွဲဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

စွပ်စွဲပြစ်တင်မှု အထမြောက်ဖို့ အလားအလာဘယ်လောက်ရှိပါသလဲ

အခု အဆင့်မှာတော့ မဲခွဲတဲ့အခါ မဲအသာရရုံနဲ့ သမ္မတကို စွဲဆိုနိုင်ပါတယ်။ အခုလက်ရှိ အောက်လွှတ်တော်မှာက အတိုက်အခံ ဒီမိုကရက်တွေက အများစုဖြစ်နေတော့ ထရမ့်ကို စွပ်စွဲပြစ်တင်မှုက အထမြောက်နိုင်ပါတယ်။ ဒီမိုကရက်ပါတီက ထိပ်တန်းခေါင်းဆောင်တွေကတော့ မဲခွဲမှုကို ဒီနှစ် မကုန်ခင် ဖြစ်အောင်လုပ်ချင်တယ်လို့ ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အင်ဒရူးဂျွန်ဆင် (ဝဲ) နဲ့ ဘီလ်ကလင်တန် (ယာ)တို့ ဟာ စွပ်စွဲပြစ်တင်ခံခဲ့ရပြီး နစ်ဆင် (လယ်)ကတော့ စွဲဆိုမခံရခင် နုတ်ထွက်သွားပါတယ်။

ဒါဆို ထရမ့် သမ္မတအဖြစ်က ပြုတ်သွားနိုင်မယ့် အလားအလာကရော

သူကတော့ အထုပ်ပြင် ဖျာလိပ်နေတဲ့ အနေအထားမရှိသေးပါဘူး။ သူ့ရဲ့ ရီပတ်ဘလီကန်ပါတီက ဆီးနိတ် အထက်လွှတ်တော်မှာ အမတ် ၁၀၀ ထဲမှာ ၅၃ နေရာ ရထားပါတယ်။ သမ္မတကို ရာထူးက ဖယ်ဖို့ ဆိုရင် အထက်လွှတ်တော်အမတ် ၃ ပုံ ၂ ပုံက ထောက်ခံမဲပေးဖို့ လိုပါတယ်။ ဒါကြောင့် သူ့ပါတီထဲကပဲ အမတ် ၂၀ လောက်က သူ့ကို ဆန့်ကျင်တာမျိုး မလုပ်ရင် သူ နေရာမှာ နေမြဲနေနိုင်ပါသေးတယ်။ အခုအထိတော့ ရီပတ်ဘလီကန်တွေက သူတို့ သမ္မတကို ထောက်ခံနေကြဆဲ ဖြစ်ပါတယ်။

ဒါဆိုအခုစွပ်စွဲပြစ်တင်ဖို့လုပ်တာက နိုင်ငံရေးစတန့်တစ်ခု သက်သက်လား

ထရမ့်ကို ထောက်ခံသူတွေကတော့ အခုလုပ်ရပ်ဟာ အတိုက်အခံတွေက သမ္မတကို နောက်ရွေးကောက်ပွဲမှာ မနိုင်အောင် အင်အားချည့်နဲ့အောင် ကြိုးပမ်းချက်လို့ မှတ်ယူကြပါတယ်။ အခုလို စွပ်စွဲ ပြစ်တင်ကြတယ်၊ ဒါကို ခံရတယ်ဆိုကတည်းက သမ္မတရဲ့ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေခဲ့ပါပြီ။

ဓာတ်ပုံ မူပိုင် EPA
Image caption အခု စုံစမ်းစစ်ဆေးမှုတွေရဲ့ အကျိုးဆက်တွေကတော့ ၂၀၂၀ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုတွေရှိမှာ ဖြစ်ပါတယ်။

တစ်ခါ ဒီမိုကရက်တစ်ပါတီရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ ရဲ့ ပြောစကားကလည်း မှတ်သားစရာပါ။ သူက "ဥပဒေမဲ့လုပ်ရပ်တွေကို စိုးရိမ်စရာကောင်းလောက်အောင်" လုပ်လာတဲ့ ထရမ့်ရဲ့ အစိုးရကို ထိန်းချုပ်ဖို့ လိုနေပြီလို့ ဆိုပါတယ်။

ဘီလျံနာ သူဌေးကြီး ဘဝကနေ နိုင်ငံရေးလောကထဲ ဝင်လာတဲ့ မစ္စတာထရမ့်ဟာ ဥပေဒရေးရာပိုင်းမှာ အငြင်းပွားစရာ ကိစ္စတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ ရုရှားတွေ ဝင်စွက်ဖက်ခဲ့တယ်ဆိုတဲ့ ကိစ္စ၊ သူ့ရဲ့ အခွန်ထမ်းဆောင်မှု မှတ်တမ်းအထောက်အထားတွေကို ထုတ်ပြန်ဖို့ ငြင်းဆိုခဲ့တဲ့ ကိစ္စနဲ့၊ သူနဲ့ ရှုပ်ခဲ့၊ ဖြစ်ခဲ့တယ်ဆိုတဲ့ အမျိုးသမီးကို ငွေတွေပေးပြီး နှုတ်ပိတ်နေခိုင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရင်ဆိုင်ခဲ့ရသူပါ။

သူ ထင်ရာလုပ်ခဲ့တဲ့ ကိစ္စတွေ တသီကြီးထဲမှာ အခု ယူကရိန်း- ဘိုင်ဒန်အရေးအခင်းက အခုလို သူ့ကို စွပ်စွဲပြစ်တင်ဖို့ အထိ အခြအနေ ဖန်တီးလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခုတော့ မှတ်သားထားဖို့ လိုပါလိမ့်မယ်။ အခုလို လက်ရှိသမ္မတကို စွပ်စွဲပြစ်တင်အရေးယူဖို့ လုပ်တဲ့ ကိစ္စဟာ အတိုက်အခံအတွက်လည်း အန္တရာယ် မကင်းတဲ့ လုပ်ရပ်ပါ။ အခု စုံစမ်းမှုတွေ ဘယ်မှ မရောက်ခဲ့ရင် သူတို့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ တန်ပြန်သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ မဲဆန္ဒနယ်တွေမှာ ဒီမိုကရက်တွေအတွက် ရလဒ်မကောင်းပဲ ဖြစ်သွားနိုင်တာကိုလည်း သတိထားစရာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ