မွတ်ဆလင်- ဟိန္ဒူ ဘာသာရေးနေရာအငြင်းပွားမှု ဟိန္ဒူဘက်ကို အိန္ဒိယ တရားရုံးချုပ် အနိုင်ပေး

India's Supreme Court in Delhi ဓာတ်ပုံ မူပိုင် MANSI THAPLIYAL
Image caption ၁၉၄၉ ခုနှစ်မှာ အဲဒီ ဗလီဝင်း အတွင်းမှာ ရာမမင်းသားရုပ်တုကို ဟိန္ဒူတွေက လာစိုက်ခဲ့

အိန္ဒိယနိုင်ငံ အွတ်တာ ပရာဒေ့ရှ်ပြည်နယ် အယုဒ္ဓယမြို့က ဘာသာရေး အထွတ်အမြတ် နေရာ တခု အတွက် မွတ်ဆလင် ဟိန္ဒူ အငြင်းပွားမှုမှာ အိန္ဒိယ တရားရုံးချုပ်က ဟိန္ဒူတွေဘက်ကို အနိုင်ပေးတဲ့ အနေနဲ့ ဘုရားကျောင်း ဆောက်ခွင့်ပေးလိုက်ပါတယ်။

အဲဒီ နေရာဟာ ၁၉၉၂ ခုနှစ်က ဟိန္ဒူ အစွန်းရောက်တွေ ဖျက်ဆီးခဲ့တဲ့ ၁၆ ရာစု လက်ရာ ဘာဘရီ ဗလီ ရဲ့ နေရာဖြစ်ပါတယ်။

ဟိန္ဒူတွေကတော့ အဲဒီ ဗလီရှိတဲ့ နေရာဟာ သူတို့ အထွတ်အမြတ် အထားဆုံး နတ်ဘုရားတွေထဲက တဆူ အဖြစ် သတ်မှတ်ထားတဲ့ ရာမာယန ဇာတ်တော်ထဲက ရာမ မင်းသား မွေးဖွားရာ နေရာ အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အဲဒီနေရာမှာ အဖျက်ခံရတဲ့ ဗလီထက် ရှေးကျတဲ့ ဟိန္ဒူအထောက်အထားတွေ ရှိတယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ပြီး ဟိန္ဒူတွေကို အခုလို ဘုရားကျောင်း ဆောက်ခွင့် ပေးလိုက်ရာမှာ မွတ်ဆလင်တွေကိုလည်း ဗလီပြန်ဆောက်ဖို့ သီးခြား မြေနေရာ ပေးမယ်လို့ ဆိုပါတယ်။

၁၉၉၂ ဘာဘရီ ဗလီ ဖျက်ချမှု ဖြစ်ခဲ့တဲ့ အချိန်မှာ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၂၀ဝ၀ နီးပါး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဗလီ ဖျက်ချမှုကတော့ တရားဥပဒေ စိုးမိုးမှုနဲ့ ဆန့်ကျင်ဘက် ဖြစ်ခဲ့တယ်လို့လည်း တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟိန္ဒူတွေကတော့ အဲဒီ ဗလီရှိတဲ့ နေရာဟာ ရာမာယန ဇတ်တော်ထဲက ရာမ မင်းသား မွေးဖွားရာ နေရာ အဖြစ် သတ်မှတ်ထား

တရားရုံးချုပ် ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်မှုများ

တရားရုံးချုပ် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရက်ဂျ်နက် ဆင်းဂ်က သမိုင်းဝင် ဆုံးဖြတ်ချက်ကို လူတိုင်း လက်ခံဖို့နဲ့ ဘာသာရေး အစွဲ မထားတဲ့ လူမှု စည်းလုံးရေးအတွက် ငြိမ်းချမ်းရေးကို လိုလားတဲ့ ပြည်သူတွေက သဘောထားကြီးကြီး လက်ခံကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဟိန္ဒူတွေဘက်က ကိုယ်စားပြုတဲ့ ရှေ့နေတဦးကတော့ ဒါဟာ မျှတတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး အိန္ဒိယ ပြည်သူတွေ အတွက် အောင်ပွဲပဲလို့ သတင်းသမားတွေကို ပြောဆိုခဲ့ပါတယ်။

အခုလို ဆုံးဖြတ်ချက် ထွက်မလာခင်မှာ အဓိကရုဏ်းတွေ ဖြစ်လာမှာကို အစိုးရက စိုးရိမ်တဲ့ အနေနဲ့ အမှုဖြစ်တဲ့ ပြည်နယ် အပြင် တခြားပြည်နယ် တချို့မှာလည်း လုံခြုံရေး တင်းကြပ်ထားခဲ့ပါတယ်။

တရားရုံး ဆုံးဖြတ်ချက် ထွက်လာတဲ့ အချိန်မှာ အောင်ပွဲခံတာတွေ မလုပ်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပေမယ့် အောင်ပွဲခံလိုက်တဲ့ အော်သံတွေ ထွက်လာတာကို ကြားခဲ့ရတယ်လို့ ဒေသခံ ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။

ဗလီ ပြန်ဆောက်ဖို့ တောင်းဆိုမှု ရှုံးနိမ့်ခဲ့တဲ့ မွတ်ဆလင်တွေဘက်ကတော့ ဆုံးဖြတ်ချက်ကို မကျေနပ်ပေမယ့် လေးစားလိုက်နာပြီး အယူခံ မဝင်တော့ဘူးလို့ ဆိုပါတယ်။

အခုလို ဆုံးဖြတ်ချက် ထွက်မလာခင် တရက်အလိုမှာတော့ အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့ အနေနဲ့ ရာနဲ့ချီတဲ့သူတွေကို အယုဒ္ဓယမြို့ အာဏာပိုင်တွေက ဖမ်းဆီးထားခဲ့ပြီး ထောင်နဲ့ချီတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ချထားတဲ့အပြင် ဈေးဆိုင်တွေနဲ့ ကျောင်းတွေကိုပါ ပိတ်ထားခဲ့ပါတယ်။

ဒါ့အပြင် ဘာဘရီ ဗလီ အဖျက်ခံရချိန်က ဓါတ်ပုံတွေ ဖော်ထုတ် ဖြန့်ချိတာကိုလည်း အာဏာပိုင်တွေက တားမြစ်ခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်က လှုံ့ဆော်ပြောဆိုမှုတွေကိုလည်း ရဲတွေက ပြန်ဖျက်ခိုင်းတာတွေ လုပ်ခဲ့ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် တဖက်ဖက်က ဆုံးရှုံးတယ်ဆိုတဲ့ အမြင်မရှိသင့်ကြောင်း တွစ်တာမှာ ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တားမြစ်ထားတဲ့ကြားက အောင်ပွဲခံလိုက်တဲ့ အော်သံတွေ ထွက်လာတာကို ကြားခဲ့ရတယ်လို့ ဒေသခံ ဘီဘီစီ သတင်းထောက်တွေက ပြော

အငြင်းပွားမှုတွေရဲ့ နောက်ကြောင်း

၁၅၂၈ ခုနှစ်မှာ မွတ်ဆလင် ကျူးကျော်သူတွေက ဟိန္ဒူဘုရားကျောင်းပျက်တခု ရှိတဲ့ အဲဒီနေရာမှာ ဘာဘရီ မက်စ်ဂျစ် ဗလီ ဆောက်ခဲ့တာလို့ ဟိန္ဒူ အများစုက ယူဆထားတာ ဖြစ်ပါတယ်။

၁၉၄၉ ခုနှစ်မှာတော့ အဲဒီ ဗလီဝင်း အတွင်းမှာ ရာမမင်းသားရုပ်တုကို ဟိန္ဒူတွေက လာစိုက်လိုက်တဲ့အတွက် မွတ်ဆလင်တွေဘက်က ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး အပြန်အလှန် တရားစွဲခဲ့ကြရာမှာ အဲဒီ နေရာတဝိုက်ကို အငြင်းပွား မြေနေရာအဖြစ် အစိုးရက ခြံခတ် သော့ပိတ်ထားခဲ့ပါတယ်။

၁၉၈၆ ခုနှစ် အရောက်မှာတော့ အခုလို သော့ပိတ်ထားတဲ့ ဗလီနဲ့ မြေနေရာကို ဟိန္ဒူတွေ အတွက် ဖွင့်ပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တဲ့အတွက် နှစ်ဖက် အငြင်းပွားမှုတွေ ပိုဆိုးလာခဲ့ပြီး ၁၉၉၀ မှာ ဟိန္ဒူတချို့က ဗလီကို တစိတ်တပိုင်း ဖျက်စီးခဲ့ပါတယ်။

အဲဒီအချိန်က အိန္ဒိယ ဝန်ကြီးချုပ် ချန်ဒရာ ရှက်ကာ က တနှစ်ကြာ ကြားဝင် စေ့စပ်ပေးခဲ့ပေမယ့် ပြေလည်မှု မရခဲ့ပါဘူး။

၁၉၉၂ ခုနှစ်အရောက်မှာတော့ လက်ရှိ အာဏာရ ပါတီဖြစ်တဲ့ ဘီဂျေပီ ပါတီ အပါအဝင် ဟိန္ဒူ နိုင်ငံရေး ပါတီ သုံးခုကို ထောက်ခံသူတွေ စုဝေးပြီး ဗလီကို လုံးဝ ဖျက်ဆီးလိုက်တဲ့အတွက် နိုင်ငံတဝန်း ဟိန္ဒူ- မွတ်ဆလင် အဓိကရုဏ်းတွေ ဖြစ်ပြီး လူပေါင်း ၂၀ဝ၀ ကျော် သေဆုံးခဲ့ပါတယ်။

၂၀ဝ၂ ခုနှစ် အတွင်းမှာ ဟိန္ဒူနိုင်ငံရေး ပါတီတွေဘက်က ဘုရားကျောင်း ဆောက်ဖို့ ဆက်လက် အရှိန်မြှင့် ကြိုးစားလာခဲ့ပြီး အငြင်းပွားမှု ဖြစ်တဲ့ မြေနေရာမှာ ရာချီတဲ့ လုပ်အားပေး စုဝေးတာတွေ လုပ်ခဲ့ပါတယ်။

အဲဒီ ကာလအတွင်းမှာ အယုဒ္ဓယမြို့က ပြန်လာတဲ့ ဟိန္ဒူ တက်ကြွလှုပ်ရှားသူတွေ ပါလာတဲ့ ရထားတစင်း ဂွတ်ထရာ ဒေသမှာ မွတ်စလင်တွေရဲ့ တိုက်ခိုက်ခံရလို့ ၅၈ ဦးသေဆုံးခဲ့ပါတယ်။

အခုလို တိုက်ခိုက်မှုဖြစ်အပြီး ဂူဂျာရတ်ပြည်နယ်မှာ ဆက်ဖြစ်တဲ့ ဟိန္ဒူ မွတ်ဆလင် အဓိကရုဏ်းတွေမှာတော့ မွတ်စလင် အများစု အပါအဝင် လူ တထောင်ကနေ နှစ်ထောင်အကြား သေဆုံးခဲ့ရပါတယ်။

အခုလို ဖြစ်အပြီးမှာတော့ လက်ရှိ ဆုံးဖြတ်ချက် ပေါ်လာစေမယ့် အထက်ရုံး တရားသူကြီးတွေရဲ့ ကြားနာမှု စတင်ခဲ့ပြီး တရားရုံးအမိန့်နဲ့ ဘူမိဗေဒ သက်သေရှာဖွေမှု စခဲ့ပါတယ်။

ဘူမိဗေဒ သက်သေအရ အဖျက်ခံရတဲ့ ဗလီအောက်မှာ ဟိန္ဒူဘုရားကျောင်း ရှိတယ်ဆိုပြီး တွေ့ရှိခဲ့ပါယ်။ ဒါပေမဲ့ ဒီတွေ့ရှိချက်ကို မွတ်ဆလင်တွေဘက်က လက်မခံတဲ့အတွက် အယူခံ အမှုတွေ အတွက် အပြန်အလှန် စစ်ဆေးနေခဲ့ရပြီး ၂၀၁၁ အရောက်မှ တရားရုံးချုပ်က ဒီ အမှုကို စတင် ကိုင်တွယ် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတဝန်း ဘာသာရေး တင်းမာမှု အခြေအနေ

၂၀၁၄ ခုနှစ်မှာ လက်ရှိ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ဦးဆောင်တဲ့ ဘီဂျေပီ ပါတီ အစိုးရ တက်လာပြီး နောက်ပိုင်း လူမှုရေးနဲ့ ဘာသာရေး ကွဲပြားမှုတွေ ပိုပြီး နက်ရှိုင်းလာခဲ့ပါတယ်။

အထူးသဖြင့် အယုဒ္ဓယမြို့က အငြင်းပွားမြေနေရာမှာ ဟိန္ဒူဘုရားကျောင်းဆောက်ဖို့ ဘီဂျေပီ ပါတီဝင် အမတ်တွေ၊ ဝန်ကြီးတွေနဲ့ ခေါင်းဆောင်တွေက စတင် လှုံ့ဆော်လာခဲ့ကြပါတယ်။

အခုလို ဟိန္ဒူဘုရားကျောင်းဆောက်မယ့် မြေနေရာဟာ ရာမ၊လက္ခဏ ဇာတ်တော်ထဲက ရာမ မွေးဖွားရာ နေရာဖြစ်တယ်ဆိုပြီး လက်ရှိ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကပါ ယူဆထားတာ ဖြစ်ပါတယ်။

ဟိန္ဒူတွေ အထွတ်အမြတ်ထားတဲ့ နွားတွေကို ရောင်းချမှုနဲ့ သတ်ဖြတ်မှုတွေကို အစိုးရက တားမြစ်ချက် အသစ်တွေလည်း ထုတ်လာခဲ့ပြီး နောက်ဆက်တွဲ အနေနဲ့ နွားမွေးမြူရေးလုပ်တဲ့ မွတ်ဆလင် အများစုအပါအဝင် ဒီလုပ်ငန်းနဲ့ ဆက်စပ်သူတွေကို ဟိန္ဒူ အစွန်းရောက်တွေက သတ်ဖြတ်မှုတွေလည်း တိုးပွားလာခဲ့ပါတယ်။

လတ်တလော အနေနဲ့ မွတ်ဆလင်တွေကို တရားမဝင် ဝင်ရောက်သူတွေလို့ ယူဆပြီး တိုင်းပြည်က မောင်းထုတ်ဖို့အထိ လုပ်နိုင်တယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အမစ်ရှားက ပြောဆိုထားပါတယ်။

ဆက်စပ် အကြောင်းအရာများ