ဆန္ဒပြမှုတွေ ထွက်ပေါ်ခဲ့အပြီး ဘိုလစ်ဗီးယား သမ္မတ ရာထူးကနေ နုတ်ထွက်ခဲ့ရ

ဘိုလစ်ဗီးယား၊ သမ္မတ မိုရဲလက်စ် ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ မိုရဲလက်စ် ရာထူးကနေ နုတ်ထွက်သွားတာကို ဆန္ဒပြသူတွေ အောင်ပွဲခံနေကြ

ဘိုလစ်ဗီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ သမ္မတ အေဗို မိုရဲလက်စ် အနိုင်ရခဲ့တာအပေါ် ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့အပြီး သမ္မတ မိုရဲလက်စ် ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စည်းကမ်းနဲ့ မကိုက်ညီတဲ့ မလျော်မကန်ပြုမှုတွေ အထင်အရှား ရှိခဲ့တယ် ဆိုတာကို ဖော်ထုတ် တွေ့ခဲ့ရတယ်လို့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီး ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ဖို့ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ရဲ့ တွေ့ရှိမှုကို လက်ခံကြောင်းနဲ့ ရွေးကောက်ပွဲ ကော်မရှင် ပြင်ဆင် ဖွဲ့စည်းပြီးရင် ရွေးကောက်ပွဲသစ် ကျင်းပပေးဖို့ သူရည်ရွယ်ထားကြောင်း မစ္စတာ မိုရဲလက်စ်က ပြောခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံရေးသမားတွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အကြီးအကဲတွေက သူ့ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။

အခုသီတင်းပတ် အစပိုင်းက သူ့ရဲ့ မိတ်ဆွေ ရောင်းရင်းတချို့ အတိုက်ခိုက်ခံခဲ့ကြရပြီး အိမ်တွေ မီးရှို့ ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။

ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ မစ္စတာ မိုရဲလက်စ်က သမ္မတ အဖြစ်ကနေ သူနုတ်ထွက်မယ်လို့ ထုတ်ဖော်ကြေညာခဲ့ပြီး "ဆန္ဒပြသူတွေ အနေနဲ့ ညီအစ်ကို မောင်နှစ်မ ပြည်သူတွေကို တိုက်ခိုက်နေတာတွေ ရပ်ကြဖို့၊ မီးရှို့တာတွေ ရပ်ကြဖို့၊ တိုက်ခိုက်နေတာတွေ ရပ်ကြဖို့ "တိုက်တွန်းပြောသွားခဲ့ပါတယ်။

ဒုတိယ သမ္မ အယ်လ်ဗာရို ဂါဆီယာ လီနာရာ နဲ့ ဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌ အက်ဒီယာနာ ဆယ်လ်ဗာတီယာရာ တို့လည်း ရာထူးကနေ နုတ်ထွက်သွားခဲ့ကြပါတယ်။

သူတို့ရာထူးကနေ နုတ်ထွက်သွားခဲ့ကြတဲ့အတွက် ဆန္ဒပြသူတွေက လမ်းမတွေပေါ်ထွက်၊ မီးရှူးမီးပန်းတွေ ဖောက်ပြီး အောင်ပွဲခံနေကြပါတယ်။

သမ္မတ နုတ်ထွက်ရတဲ့အထိ ဘယ်လို ဖြစ်လာတာလဲ

ဘိုလစ်ဗီးယားနိုင်ငံမှာ ရွေးကောက်ပွဲ မဲလိမ်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့အပြီးမှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ သီတင်းပတ်ပေါင်းများစွာ ဖြစ်နေခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရာထူးကနေ နုတ်ထွက်ကြောင်း သမ္မတ အေဗို မိုရဲလက်စ် ရုပ်မြင်သံကြားပေါ်ကနေ ထုတ်ဖော် ကြေညာ

သမ္မတရွေးကောက်ပွဲရဲ့ မဲရလဒ်တွေ ရေတွက်မှုကို တစုံတရာ ရှင်းပြမှု မရှိဘဲ ၂၄ နာရီကြာ ရပ်ဆိုင်းထားခဲ့အပြီး ရွေးကောက်ပွဲညမှာပဲ တင်းမာမှုတွေ ပထမဆုံး ဖြစ်ပွားလာခဲ့တာပါ။ အပြီးသတ် မဲရလဒ်မှာတော့ ရွေးကောက်ပွဲ ပထမအကျော့မှာ အပြတ်အသတ် အနိုင်ရဖို့ လိုအပ်တဲ့ ထောက်ခံမဲ ၁၀ ရာခိုင်နှုန်း ကျော်ကျော်ကို မစ္စတာ မိုရဲလက်စ် ရခဲ့တယ် ဆိုပြီး ထုတ်ဖော်ကြေညာခဲ့ပါတယ်။

အဲဒီနောက် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ ယူနီဖောင်းဝတ် ရဲအရာရှိတချို့လည်း ဆန္ဒပြသူတွေနဲ့ ပူးပေါင်း ပါဝင်လာခဲ့ကြပါတယ်။

ရွေးကောက်ပွဲမှာ မဲရလဒ်တွေကို အကြီးအကျယ် မလျော်မကန် လုပ်ခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ ဖော်ထုတ်တွေ့ခဲ့တယ် လို့ ရွေးကောက်ပွဲ စောင့်ကြည့်ခဲ့တဲ့ အမေရိက နိုင်ငံများ အဖွဲ့က တနင်္ဂနွေနေ့မှာ ထုတ်ဖော်ပြောလိုက်ပြီး ရွေးကောက်ပွဲ ရလဒ်ကို အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

အဲဒီနေ့ တစ်နေ့လုံး မစ္စတာ မိုရဲလက်စ်အပေါ် ဖိအားပေး ပြောဆိုမှုတွေ ဆက်တိုးလာနေချိန်မှာပဲ သူ့ရဲ့ နိုင်ငံရေး မိတ်ဆွေ အတော်များများ ရာထူးက နုတ်ထွက်သွားခဲ့ကြပြီး တချို့က သူတို့မိသားစုတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တယ်လို့ ပြောခဲ့ကြပါတယ်။

စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝီလျံစ် ကာလီမန် ကလည်း တိုင်းပြည် ဆက်တည်ငြိမ် အေးချမ်းစေဖို့အတွက် မစ္စတာ မိုရဲလက်စ် ရာထူးကနေ နုတ်ထွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

စစ်တပ်ကလည်း ဆန္ဒပြသူတွေကို တိုက်ခိုက်တဲ့ ဘယ်လက်နက်ကိုင်အဖွဲ့တွေကို မဆို လက်နက်တွေ ဖြုတ်သိမ်းဖို့ ဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။

အဲဒီမှာ ဘယ်လို တုံ့ပြန်မှုတွေ ရှိခဲ့လဲ

ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ကာလော့စ် မီဆာ က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ သူရဲကောင်း စိတ်ဓာတ်အတွက် ဆန္ဒပြသူတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

"အခုဖြစ်ပျက်ခဲ့တာဟာ အာဏာရှင် ဆုံးခန်းတိုင်မှုကြီး ဖြစ်ပြီး သမိုင်းဝင် သင်ခန်းစာတစ်ခု ဖြစ်ကြောင်းနဲ့ ဘိုလစ်ဗီးယားနိုင်ငံကြီး အဓွန့်ရှည်ပါစေ"လို့ မစ္စတာ မီဆာက သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးထားပါတယ်။

ဒါပေမဲ့လည်း အစောပိုင်းတုန်းက မစ္စတာ မိုရဲလက်စ်ကို ထောက်ခံကြောင်း ထုတ်ဖော် ပြောခဲ့ကြတဲ့ ကျူးဘားအစိုးရနဲ့ ဗင်နီဇွဲလား အစိုးရ ခေါင်းဆောင်တွေကတော့ ဒီဖြစ်ရပ်ဟာ အာဏာသိမ်းမှု တစ်ခု ဖြစ်တယ် ဆိုပြီး ရှုတ်ချခဲ့ကြပါတယ်။

အေဗို မိုရဲလက်စ်ဟာ ဘယ်သူလဲ

ဘိုလစ်ဗီးယားနိုင်ငံရဲ့ ပထမဆုံး ဌာနေ တိုင်းရင်းသား သမ္မတ ဖြစ်သူ မစ္စတာ မိုရဲလက်စ်ဟာ ၂၀၀၆ ခုနှစ်ကတည်းက တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။

သမ္မတသက်တမ်း ကန့်သတ်ထားမှုကို ပယ်ဖျက်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက အချေအတင် အငြင်းပွားစရာ ဆုံးဖြတ်ချက် ချခဲ့အပြီး အောက်တိုဘာလ ရွေးကောက်ပွဲမှာ သမ္မတ သက်တမ်း ဆက်တိုက် စတုတ္ထမြောက်အတွက် မစ္စတာ မိုရဲလက်စ် ဝင်ပြိုင်ခဲ့ပါတယ်။

သမ္မတ သက်တမ်း ကန့်သတ်ထားမှုကို ပယ်ဖျက်သင့် မသင့် ၂၀၁၆ ခုနှစ်က လူထု စစ်တမ်း ကောက်ခံပွဲ ကျင်းပခဲ့ရာမှာ အများစုက ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။

ဒါပေမဲ့ သမ္မတ မိုရဲလက်စ်ရဲ့ ပါတီက ဒီကိစ္စကို အခြေခံဥပဒေ တရားရုံးအထိ တင်ခဲ့ရာမှာ တရားရုံးက သမ္မတ သက်တမ်း ကန့်သတ်ထားမှုကို ပယ်ဖျက်ပေးခဲ့ပါတယ်။