ထရမ့်ကို ကြားနာပွဲလာရင်လာ မလာရင် ဆိတ်ဆိတ်နေဖို့ လွှတ်တော်ပြော

ထရမ့်နဲ့ဇနီး ဓာတ်ပုံ မူပိုင် Reuters
Image caption ကြားနာပွဲကိုလာရင် သက်သေထွက်သူတွေကို ထရမ့်ကလည်း မေးခွန်းတွေ မေးနိုင်မယ်

သမ္မတထရမ့်ကို ရာထူးက ဖြုတ်ချအရေးယူဖို့ လွှတ်တော်မှာ လုပ်နေတဲ့ စွပ်စွဲပြစ်တင်မှု ကြားနာပွဲကို ဒီဇင်ဘာ ၄ ရက်မှာ ထရမ့်လာတက်ဖို့ လွှတ်တော်က ဖိတ်လိုက်ပါတယ်။

အောက်လွှတ်တော် တရားရေးကော်မတီရဲ့ ဥက္ကဋ္ဌ ဒီမိုကရက်တစ်ပါတီက ဂျရိုး နဒ်လာက သမ္မတ ထရမ့်ကို ကြားနာပွဲကို လာရင်လာ မလာချင်ရင်လည်း ဒီကြားနာပွဲ လုပ်ငန်းစဉ်တွေကို ပြစ်တင်ပြောဆိုနေတာတွေ ဆက်မလုပ်ပါနဲ့ ပြောလိုက်ပါတယ်။

တကယ်လို့ ထရမ့်သာ ကြားနာပွဲကို လာမယ်ဆိုရင် သက်သေလာထွက်ဆိုသူတွေကို မေးခွန်းတွေ မေးလို့ရမှာ ဖြစ်ပါတယ်။

ထရမ့်သာ လွှတ်တော်ကို လာခဲ့ရင် သမ္မတ ထရမ့်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇယ်လင်စကီးတို့ ဇူလိုင်လတုန်းက ဖုန်းပြောဆိုတာနဲ့ ပတ်သက်ပြီး ထရမ့်ကို စွပ်စွဲပြစ်တင်မှု ကြားနာပွဲ လုပ်နေတာတာဟာ မှတ်သားဖွယ် ထူးခြားတဲ့ အခြေအနေတစ်ခု ဖြစ်လာမှာပါ။

ဒီဖုန်းပြောဆိုမှုမှာ သမ္မတ ထရမ့်က မစ္စတာ ဇယ်လင်စကီးကို တောင်းဆိုဖိအားပေးမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါဟာ လာမယ့် သမ္မတ ရွေးကောက်ပွဲ အဓိက ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒန်နဲ့ သား ဟန်တာ ဘိုင်ဒန်တို့ကို စုံစမ်းပေးဖို့ တောင်းဆိုထားတာလို့ ဆိုပါတယ်။ ဟန်တာ ဘိုင်ဒန်ဟာ ယူကရိန်း စွမ်းအင်ကုမ္ပစီ ဘာရစ်စမာအတွက် အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒါကြောင့် ထရမ့်က သူတောင်းဆိုတဲ့ ဘိုင်ဒန်သားအဖကို စုံစမ်းပေးဖို့ မလုပ်ပေးမချင်း ယူကရိန်းကို အမေရိကန်က ပေးမယ့် စစ်ရေး အကူအညီတွေ ဆိုင်းငံ့ထားမယ်ဆိုတာ ဟုတ်မဟုတ် သက်သေပြနိုင်ဖို့ အခုကြားနာပွဲမှာ စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ကတော့ သူက အမှားလုပ်ထားတာ ဘာမှ မရှိဘူးလို့ ပြောထားပြီး အခု စုံစမ်းစစ်ဆေးနေတာကလည်း သူ့ကို သက်သက်မဲ့ စွပ်စွဲနေတာတွေပါလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အောက်လွှတ်တော် စုံစမ်းစစ်ဆေးရေး ကော်မတီက အများပြည်သူကြားနာနိုင်တဲ့ နှစ်ပတ်ကြာ ကြားနာမှု ပြီးဆုံးခဲ့ပါတယ်။ သက်သေတွေကို သီတင်းပတ် အတော်ကြာ တံခါးပိတ် မေးမြန်းမှုတွေ အပြီးမှာ အများပြည်သူ ကြည့်ရှုနားထောင်နိုင်တဲ့ ဒီကြားနာမှုဆက်လုပ်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကြားနာပွဲကိုမလာရင် ဆိတ်ဆိတ်နေဖို့ လွှတ်တော် တရားရေး ကော်မတီ ဥက္ကဋ္ဌပြော

လွှတ်တော် စုံစမ်းစစ်ဆေးရေး ကော်မတီ ဥက္ကဋ္ဌ ဒီမိုကရစ်တစ်ပါတီက အဒမ် ရှရစ်က အခုအခါ ကော်မတီက ဒီစုံစမ်းစစ်ဆေးမှုအတွက် အစီရင်ခံစာ ရေးနေတယ်လို့ဆိုပြီး ဒီအစီရင်ခံစာကို ဒီဇင်ဘာလ ၃ ရက်မှာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

တရားရေး ကော်မတီ ဥက္ကဋ္ဌ ဘာပြောလဲ

မစ္စတာ နဒ်လာက လာမယ့် လမှာ လုပ်မယ့် ကြားနာပွဲမှာ မစ္စတာ ထရမ့်ကို ဖိတ်ထားတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ဒီကြားနာ စစ်ဆေးမှုဟာ သမိုင်းဝင်ပြီး စွပ်စွဲပြစ်တင်မှုအတွက် အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေကို ဆွေးနွေးတာမျိုး ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

ဒီကြားနာပွဲကို ထရမ့် လာမလာ ဒီဇင်ဘာ ၁ ရက် မှာ ပြန်အကြောင်းပြန်ဖို့ ပြောထားပါတယ်။

စုံစမ်းစစ်ဆေးရေးကြားနာပွဲ ပြီးရင် ဘာဆက်ဖြစ်မလဲ

လွှတ်တော် တရားရေးကော်မတီက သမ္မတကို အရေးယူနိုင်မယ့် စုံစမ်းပြစ်တင်မှုအတွက် ဥပဒေ ပုဒ်မ အချက်အလက်တွေကို ဒီဇင်ဘာလ အစောပိုင်းမှာ စတင် အကြမ်းရေးသား ပြင်ဆင်မှာ ဖြစ်ပါတယ်။

အဲဒီနောက် ဒါတွေကို ဒီမိုကရက်တွေ ကြီးစိုးတဲ့ အောက်လွှတ်တော်မှာ မဲခွဲပြီးရင် ထရမ့်ရဲ့ပါတီ ရီပတ်ဘလစ်ကန်တွေ အများစုရှိတဲ့ အထက်လွှတ်တော်ကို စုံစမ်းစစ်ဆေးမှု ကြားနာပွဲ ရောက်လာကောင်း ရောက်လာနိုင်ပါတယ်။

သူ့ပါတီက လူတွေက သူ့ကို ဖြုတ်ချဖို့ ဆိုတာ မဖြစ်နိုင်သလောက်ရှိပေမဲ့ အဲဒီမှာသာ အမတ်သုံးပုံ နှစ်ပုံက ထရမ့်ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ရင် ထရမ့်ဟာ အမေရိကန်သမိုင်းမှာ စွပ်စွဲပြစ်တင်ပြီး ရာထူးက ဖယ်ရှားခံရတဲ့ ပထမဆုံး သမ္မတ ဖြစ်လာမှာပါ။

Image caption ထရမ့်က ရာထူးက ဖြုတ်ချမလား မဖြုတ်ချနိုင်ဘူးလားဆိုတာ ဆုံးဖြတ်မယ့်အဆင့်တွေ

ဆက်စပ် အကြောင်းအရာများ