လန်ဒန်တံတားမှာ ဓားနဲ့တိုက်ခိုက်သူကို ရဲက ပစ်သတ်

Photo of the scene ဓာတ်ပုံ မူပိုင် @GeorgeBarden_

လန်ဒန်မြို့လယ်က လန်ဒန်တံတားပေါ်မှာ နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၂ နာရီက လူတစ်ယောက်က လမ်းသွားလမ်းလာတွေကို ဓားနဲ့လိုက်တိုက်ခိုက်လို့ နှစ်ဦး သေဆုံးပြီး ဓားကိုင်တိုက်ခိုက်သူကိုလည်း ရဲတွေက ပစ်သတ် လိုက်ပါတယ်။

လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ကတော့ အခုတိုက်ခိုက်မှုကို အကြမ်းဖက်သမားရဲ့ လုပ်ရပ်အဖြစ် သတ်မှတ်ထားကြောင်း ပြောပါတယ်။

ဓားကိုင်တိုက်ခိုက်သူဟာ ရဲက ပစ်ခတ်လို့ နေရာမှာပဲ သေဆုံးသွားပြီး သူ့ကိုယ်မှာ ဖောက်ခွဲရေးပစ္စည်းလို့ ယူဆရတဲ့ ပစ္စည်းတစ်ခုတပ်ထားတာ တွေ့ရပေမယ့် အဲဒီ ပစ္စည်းဟာ အတုပဲ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

ဆိုရှယ်မီဒီယာပေါ် တက်လာတဲ့ ဗီဒီယိုတွေမှာတော့ တံတားပေါ်မှာ လမ်းသွားလမ်းလာတွေက လူတစ်ယောက်ကို မြေကြီးပေါ်မှာလှဲချပြီး ဖိချုပ်ထားကြတာကို တွေ့ရပါတယ်။ အဲဒီနေရာကို ရဲတစ်ယောက်ရောက်လာပြီး အဲဒီချုပ်ထားတဲ့ လူတွေကို ဖယ်ခိုင်းပြီး သေနတ်နဲ့ တစ်ချက် ပစ်လိုက်တာတွေ့ရပါတယ်။

အဲဒီ တိုက်ခိုက်မှုကို လုပ်ခဲ့သူဟာ ဘယ်သူလဲ၊ သူ့ရည်ရွယ်ချက်က ဘာလဲ ဆိုတာလည်း အတိအကျ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။ ယူကေက အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ အကြီးအကဲ နီးလ်ဘာဆုကတော့ ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းမှုတွေကို ဘယ်လို ကြိုတင်ပိုင်းဖြတ်ထားခြင်းမှ မထားပဲ လုပ်နေတယ်လို့ ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လန်ဒန်တံတားပေါ်က အဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယို

ဆိုရှယ်မီဒီယာပေါ် တက်လာတဲ့ ဗီဒီယိုမှာ လူတစ်ယောက်ကို လူအများက ချုပ်ပြီး ဖိလှဲထားတာတွေ့ရပါတယ်။ ကုတ်အင်္ကျီဝတ်ထားတဲ့ လူတစ်ယောက်က အဲဒီလူအုပ်ထဲကနေ ဓားတစ်ချောင်းကိုင်ပြီး အဝေးဘက်ထွက်လာတာလည်း တွေ့လိုက်ရပါတယ်။ သူက တိုက်ခိုက်သူလက်ထဲက အဲဒီဓားကို လုခဲ့တာ ဖြစ်ပုံရပါတယ်။

ရဲမှူးကြီးဘာဆုကလည်း မီဒီယာတွေနဲ့ တွေ့ဆုံပြောကြားရာမှာ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင်တွေက သံသယရှိစရာ အမျိုးသားတစ်ယောက်ကို ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလူဟာ နေရာမှာပဲ သေဆုံးသွားတယ်ဆိုတာကို အတည်ပြုပြောနိုင်ပါတယ်လို့ ဆိုပါတယ်။

အဲဒီနေရာတဝိုက်ကိုလည်း ရဲတွေက လုံခြုံရေးယူထားပြီး လူအသွားအလာ ယာဉ်အသွားအလာတွေကို ပိတ်ထားလိုက်ပါတယ်။

လူထုကို နောက်ထပ်အန္တရာယ်မရှိရအောင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အနီးတဝိုက်မှာ ရှာဖွေရေးတွေ ပိုက်စိတ်တိုက်လုပ်နေပါတယ်လို့ မစ္စတာဘာဆုက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် PA Media

လန်ဒန်မြို့တော်ရဲ့ နေရာ အတော်များများမှာလည်း လုံခြုံရေးတပ်ဖွဲ့ အင်အားတွေ တိုးပြီးချထားမယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

လာမယ့်လ ရွေးကောက်ပွဲအတွက်မဲဆွယ်ဖို့ သူ့ မဲဆန္ဒနယ်ကို ရောက်နေတဲ့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်လည်း သူ့ရုံးကို ပြန်လာခဲ့ပြီး အခုဖြစ်ရပ်မှာ အလျင်အမြန်တုံ့ပြန်နိုင်ခဲ့တဲ့ အရေးပေါ်တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူလူထုတွေဟာ နိုင်ငံရဲ့ အကောင်းဆုံး အချွန်ဆုံးလူမျိုးတွေကို ကိုယ်စားပြုသူတွေပါလို့ ချီးကျူးစကားပြောခဲ့ပါတယ်။

ဗြိတိသျှစံတန်ဖိုးတွေကို တိုက်ခိုက်ဖို့ အခုလို ကြိုးစားမှုတွေကြောင့် နိုင်ငံဟာ ကွဲပြားသွား၊ ကြောက်ရွံ့နောက်တွန့်သွားမှာ မဟုတ်ပဲ ဒီတန်ဖိုးတွေကပဲ အောင်နိုင်ရလိမ့်မယ်လို့လည်း မစ္စတာဂျွန်ဆင်က ပြောပါတယ်။

အခုဖြစ်ရပ် ဖြစ်ခဲ့အပြီးမှာ ဗြိတိန်က ကွန်ဆားဗေးတစ်ရော လေဘာပါတီပါ သူတို့ရဲ့ မဲဆွယ်မှုတွေကို ဒီညဆက်မလုပ်တော့ဘဲ ရပ်ထားလိုက်မယ်လို့ ကြေညာခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အနားမှာ ရှိတဲ့ အဆောက်အအုံကနေ မြင်ရသူ တစ်ဦးလှမ်းရိုက်ကူးထားတဲ့ ဗီဒီယို

ထကြ၊ ပြေးကြ

ဒီ အဖြစ်ကို မြင်ခဲ့တွေ့ခဲ့သူတွေကလည်း သူတို့ တွေ့ခဲ့တာတွေကို ဘီဘီစီကို ပြန်ပြောပြကြပါတယ်။

အဲဒီအချိန်က လန်ဒန်တံတားပေါ် ဖြတ်မောင်းနေတဲ့ ဘတ်စကားတစ်စီးပေါ်ပါလာသူ အာမန်ဒါဟန်းတားက ကားက ရုတ်တရက်ကြီး ရပ်သွားတယ်၊ တံတားပေါ်မှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေတာကို လှမ်းတွေ့ရတယ်။ ကျွန်မ ပြတင်းပေါက်က လှမ်းကြည့်တော့ ရဲသုံးယောက်က လူတစ်ယောက်ဆီ ပြေးသွားနေတာ တွေ့ရတယ်။

အဲဒီလူရဲ့ လက်ထဲမှာ တစ်ခုခု ကိုင်ထားတာတွေ့ရတယ်၊ ဘာမှန်းတော့ ကျွန်မ အတတ်မပြောနိုင်ဘူး။ အဲဒီအချိန်မှာပဲ ရဲတစ်ယောက်က အဲဒီလူကို လှမ်းပစ်လိုက်တယ်။

ဘတ်စကားမောင်းတဲ့ မူစတာဖာ ဆာလေးကလည်း ဘာရာလမ်းမကနေ လန်ဒန်တံတားဆီ လာနေတာပါ၊ သူက အရေးပေါ်ကားတွေနဲ့ ရဲတွေက လမ်းပိတ်ထားတာတွေ့လိုက်ရတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images

ရဲတစ်ယောက်က ကျွန်တော့်ကားနား ကပ်လာတယ်၊ ခင်ဗျား ကားကို စက်ရပ်လိုက်တော့၊ ပြီးရင် ဆင်း၊ ပြေးပေတော့လို့ ပြောတယ်လို့ သူက ပြောပြပါတယ်။

ကျွန်တော် မော့ကြည့်လိုက်တော့ လူတစ်အုပ်ကြီးက ကျွန်တော့်ကားဆီ ပြေးလာနေကြတာတွေ့ရတယ်။ မိန်းမတစ်ယောက်က ငိုနေတယ်။ ကျွန်တော်လည်း ဆင်းပြီး ဘာရာလမ်းမကြီးဘက် ထွက်ပြေးလာခဲ့တယ်။ ဘာဖြစ်မှန်း မသိတော့ အားလုံးက ကြောက်နေကြတယ်လို့ ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters

လန်ဒန်တံတားဟာ ၂၀၁၇ ခုနှစ် ဇွန်လ ၃ ရက်နေ့တုန်းကလည်း အကြမ်းဖက်မှု တစ်ခု ဖြစ်ခဲ့လို့ လူ ၈ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တဲ့ နေရာ ဖြစ်ပါတယ်။ ဒီလဆန်း နိုဝင်ဘာလ ၄ ရက်နေ့ကမှ ယူကေမှာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်နိုင်ခြေကို တော်တော်ကြီး ဖြစ်နိုင်ခြေကနေ ဖြစ်နိုင်ခြေ ရှိတယ်ဆိုတဲ့ အဆင့်ကို လျှော့ချထားခဲ့တာ ဖြစ်ပါတယ်။

ခံဝန်ချက်နဲ့ ပြန်လွတ်လာသူ

လန်ဒန်မြို့လယ်မှာ မနေ့က လူနှစ်ယောက်ကို သတ်ပြီး လူသုံးယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့သူဟာ အကြမ်းဖက်မှုနဲ့ ထောင်ကျပြီးနောက် ခံဝန်ချက်နဲ့ ပြန်လွတ်လာသူဖြစ်တယ်လို့ အစိုးရဘက်က ပြောဆိုပါတယ်။

အသေခံဗုံးခွဲဝတ်စုံအတုကို ဝတ်ထားတဲ့ ဒီအမျိုးသားကို ရဲက လန်ဒန်တံတားပေါ်မှာ ပစ်သတ်ခဲ့ပါတယ်။

ဗြိတိသျှ အစိုးရရဲ့ အရေးပေါ် တုံ့ပြန်မှု ကော်မတီ အစည်းအဝေးကိုလည်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သဘာပတိလုပ်ပြီး ကျင်းပနေပါတယ်။

တိုက်ခိုက်သူကို ဝိုင်းဖမ်းခဲ့ကြတဲ့ အရပ်သားတွေကိုလည်း အံ့မခန်းရဲရင့်သူတွေဆိုပြီး မစ္စတာ ဂျွန်ဆင်က ချီးကျူးခဲ့ပါတယ်။

အမုန်းတရားနဲ့ လူမျိုးခွဲခြားရေးတွေကို တားဆီးရေးမှာ လူမှုအသိုင်းအဝိုင်းတွေ အားလုံး အတူတကွရပ်တည်ရမယ်လို့လည်း အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျယ်ရမီ ကိုဘင်က ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ