၂၀၁၉ - စစ်ပွဲတွေ အနိဋ္ဌာရုံတွေကြားက ကြည်နူးအားတက်စရာတွေ

အားလုံးဟာ အဆိုးကြီး မဟုတ်ပါ။ ဓာတ်ပုံ မူပိုင် Getty Images
Image caption ပျော်စရာလေးတွေလည်း ရှိပါသေးတယ်

၂၀၁၉ ခုနှစ်ထဲမှာ ကြုံခဲ့ကြရတဲ့ ဖြစ်ရပ်တွေကို ကြည့်ရင် အားလုံးဟာ ကံဆိုးမိုးမှောင်ကျခဲ့ရသလို အဆိုးတွေချည်း ဖြစ်နေပါလားလို့ ခံစားခဲ့ရသူတော်တော်များများ ရှိနိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်း စဉ်းစားကြည့်တော့ ကောင်းကွက်ဖြစ်ရပ်လေးတွေလည်း ရှိခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။

လူ့သဘာဝကိုက မကောင်းတဲ့ဖြစ်ရပ် ဆိုးတဲ့ အတွေ့အကြုံတွေကို ပိုပြီး မှတ်မိနေတတ်တယ်။ အဲဒီအကြောင်းမျိုးတွေကပဲ ကိုယ့်အသိဉာဏ်မှာ ပိုပြီး အသေးစိတ်ထင်ကျန်နေခဲ့တတ်ပါတယ်။

စစ်ပွဲတွေ၊ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေ၊ ရွေးကောက်ပွဲမှာ လိမ်ညာ မသမာမှုတွေ၊ အာဏာသိမ်းပွဲတွေ၊ လေယာဉ်ပျက်ကျတာတွေ၊ ရေကြီး၊ မြေပြို၊ မုန်တိုင်းထန်၊ မီးတောင်ပေါက်စတဲ့ သဘာဝဘေးဆိုးတွေ၊ ရာသီဥတု ဖောက်ပြန်မှုတွေ၊ ဒါတွေဒီလောက်များနေတာ ဘယ်မှာ ကောင်းကွက် ကောင်းသတင်းလေးရှာလို့ရမှာလဲလို့ ဆိုချင်ရင်တော့ ဆက်ဖတ်ကြည့်ပါလို့သာ ပြောပါရစေတော့။ ပြီးမှ ၂၀၁၉ ကို အကဲဖြတ် သုံးသပ်ကြည့်ပါလေ။

မျိုးတုံးသွားရာက ပြန်ရှင်လာတဲ့ ကမ္ဘာလိပ်ကြီး

ဓာတ်ပုံ မူပိုင် Getty Images
Image caption မတွေ့ရတာ ကြာပါပြီနော်

ပြီးခဲ့တဲ့ နှစ် ၁၀၀ ကျော်လောက်ကတည်းက မျိုးတုံးသွားခဲ့ပြီလို့ ယူဆထားကြတဲ့ ကမ္ဘာလိပ်ကြီးတစ်ကောင်ကို အီကွေဒေါနိုင်ငံ ကမ်းခြေက ကီလိုမီတာ ၁၀၀၀ ကျော်ဝေးတဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ဂါလာပါဂို့စ်ကျွန်းစုတွေမှာ မထင်မှတ်ပဲ ပြန်တွေ့ခဲ့ပါတယ်။

ဇီဝဗေဒအမည်နဲ့ Chelonoidis phantasticus လို့ခေါ်တဲ့ ဒီလိပ်ကြီးမျိုးကို နောက်ဆုံးတွေ့ခဲ့တာ ၁၉၀၆ ခုနှစ်ကပါ။ အဲဒီကနေ ဒီနှစ်အစောပိုင်းမှာတော့ ဒီကျွန်းစုထဲက ဖာနန်ဒီနာဆိုတဲ့ ကျွန်လေးတစ်ကျွန်းပေါ်က ချောင်ကျလှတဲ့ နေရာတစ်ခုမှာ ဒီလိပ်မျိုး အမတစ်ကောင်ကို တွေ့ခဲ့ရပါတယ်။

ဒီ လိပ်မကြီးဟာလည်း အသက် ၁၀၀ လောက် အနည်းဆုံးရှိပြီလို့ ယူဆရပါတယ်။ ဒီမျိုးစိတ်က ကျန်ခဲ့တာ သူတစ်ကောင်ထဲမဖြစ်နိုင်ဘူးလို့ ယူဆစရာ အထောက်အထားတချို့လည်း ထပ်တွေ့ရပါတယ်။ သူ့ကိုတွေ့တဲ့အနားမှာ လိပ်သွားလမ်းကြောင်းတွေနဲ့ စွန့်ပစ်ထားတဲ့ မစင်တွေကို တွေ့ရတာကြောင့် လိပ်မကြီးနဲ့ အတူ သူ့ဆွေမျိုးလိပ်တွေ ထပ်ရှိနိုင်သေးတယ်လို့ လေ့လာတွေ့ရှိသူတွေက မှတ်ယူကြပါတယ်။

ဒီလိုပဲ ပင်လယ်လိပ်တွေအတွက်လည်း သတင်းကောင်းတစ်ခုရှိပါသေးတယ်။ သူတို့ကို ကာကွယ်စောင့်ရှောက်ပေးထားရမယ့် တိရိစ္ဆာန်အမျိုးအစားအဖြစ် ၁၉၇၃ မှာ သတ်မှတ်ခဲ့ကတည်းက ဒီနှစ်ထဲမှာဆိုရင် ပင်လယ်လိပ်ကောင်ရေ ၉၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တာတွေ့ရပါတယ်။

ဝေလငါးတွေလည်း ကောင်ရေပြန်တိုးလာခဲ့

ဓာတ်ပုံ မူပိုင် Getty Images
Image caption လူးကာ လွန့်ကာ ပျော်ရွှင်စရာ

ကျောကုန်းခုန်းဝေလငါးအမျိုးအစားဟာလည်း ၁၉၈၀ ကျော်ကာလတွေမှာ မျိုးတုံးသွားတော့ မလောက် စိုးရိမ်စရာရှိခဲ့ရာက ၂၀၁၉ ခုနှစ်မှာဆိုရင် ၉၃ ရာခိုင်နှုန်း တိုးလာပြီး ကောင်ရေ ၂၅၀၀၀ ကျော်အထိရှိလာခဲ့ပါတယ်။

အတ္တလန်တိတ်သမုဒ္ဒရာ အနောက်တောင်ဘက်ခြမ်းမှာ ဝေလငါးတွေကို စီးပွားဖြစ်ဖမ်းဆီး သတ်ဖြတ်တာတွေကြောင့် ကုန်သလောက် ဖြစ်သွားခဲ့ရာက အခုလို ကောင်ရေပြန်တက်လာတာပါ။ လက်ရှိမှာတော့ ဒီနှုန်းအတိုင်း ဆက်တိုးလာနေမယ့်ပုံမျိုး တွေ့နေရပါတယ်။

ဆီးချိုအမျိုးအစား အမှတ် ၁ အတွက် ကုထုံးနီးစပ်လာပြီ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆီးချိုဝေဒနာရှင်တွေအတွက် ကုထုံးသစ်ရနိုင်တော့မယ်။

အမေရိကန်မှာတော့ သိပ္ပံပညာရှင်တွေက လူသားတွေရဲ့ ပင်မဆဲလ်တွေကို အင်ဆူလင်ထုတ်လုပ်တဲ့ ဆဲလ်တွေအဖြစ် အောင်အောင်မြင်မြင် ပြောင်းလိုက်နိုင်ခဲ့ပါတယ်။ အဲဒီအောင်မြင်မှုကြောင့် ဆီးချိုသွေးချို အမျိုးအစား ၁ ခံစားနေရသူတွေအတွက် ကုထုံးသစ်ပေါ်လာတော့မလားဆိုပြီး မျှော်လင့်ချက်တွေ ရှိလာခဲ့ရပါတယ်။

"ဆီးချိုသွေးချိုဝေဒနာရှင်တွေ ခန္ဓာကိုယ်ထဲ ပြောင်းလဲ ထည့်သွင်းပေးနိုင်မယ့် ဆဲလ်တွေ ထုတ်လုပ်ဖို့ ကျွန်တော်တို့ရည်မှန်းချက် အောင်မြင်ဖို့ အရေးပါတဲ့ ခြေလှမ်းကြီး တစ်ခုပါပဲ" လို့ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုတက္ကသိုလ် ဆီးချိုသွေးချိုဌာနက ဒါရိုက်တာ မားသီးယပ်စ်ဟီဘရွတ်က ပြောပါတယ်။

အယ်ဇိုင်းမား ....

ဓာတ်ပုံ မူပိုင် Getty Images
Image caption အယ်ဇိုင်းမားဝေဒနာ ရှေးဦးလက္ခဏာတွေကို သိနိုင်တဲ့ နည်းလမ်းတွေ ရရှိထားပြီလို့ဆို

အယ်ဇိုင်းမားရောဂါအတွက်တော့ သတင်းကောင်းက သုံးမျိုးတောင်မှပါ။

တစ်ချက်ကတော့ ဒီဝေဒနာကို လုံးလုံးမပျောက်တောင် ရောဂါပြန့်နှုန်းနှေးသွားအောင် aducanumab ဆေးနဲ့ ထိန်းထားနိုင်လိမ့်မယ်လို့ ဆေးပညာရှင်တွေက မျှော်လင့် ယုံကြည်နေကြပါတယ်။

နောက်တစ်ချက်ကတော့ ဘာကလေတက္ကသိုလ်က သုတေသနပညာရှင်တွေက ဦးနှောက်ထဲမှာ ရောင်ရမ်းမှုတွေကို လျှော့ချနိုင်မယ့် ဆေးတွေဟာ မှတ်ဉာဏ်ကိုလျော့ပါးစေတဲ့ ဝေဒနာကို သက်သာစေ၊ နောက် ပျောက်ကင်းစေနိုင်တာ တွေ့ခဲ့ရပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့တော့ ဂျာမနီမှာတော့ ဆေးပညာရှင်တွေဟာ လူနာတွေမှာ ရှိနိုင်တဲ့ အယ်ဇိုင်းမားဝေဒနာကို ဆေးခန်းမှာ စစ်ဆေးမတွေ့နိုင်ခင်မှာ ရှေးဦးလက္ခဏာတွေကို အစောကြီးကတည်းက သိနိုင်တဲ့ နည်းလမ်းတွေ ရရှိထားပြီလို့ ကြေညာခဲ့ပါတယ်။

…HIV

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကုထုံးအသစ်တွေနဲ့လည်း HIV ကို ကာကွယ်တားဆီးနိုင်

သည်လန်းဆက် ဆေးပညာဂျာနယ်ထဲမှာတော့ ကုထုံးရယူထားရင် လိင်ဆက်ဆံမှုကနေ HIV ရောဂါပိုး ပြန့်ပွားနှုန်းကို တားဆီးနိုင်တာကို တွေ့ရတဲ့ အကြောင်းရေးထားပါတယ်။

အမျိုးသားလိင်တူချင်းစုံမက်သူ ၁၀၀၀ လောက်ကို သူတို့ လေ့လာခဲ့ကြပါတယ်။ အဲဒီစုံတွဲတွေထဲမှာ အေအာဗီဆေးနဲ့ ကုသမှု ခံယူနေသူ HIV ရောဂါပိုးကူးစက်ခံနေရသူ တစ်ယောက်နဲ့ ကွန်ဒုံးမသုံးပဲ လိင်ဆက်ဆံပေမယ့် ရှစ်နှစ်လောက်ကြာတဲ့အထိ ရောဂါပိုး ကူးစက်တာမတွေ့ရတဲ့ အကြောင်းတွေ့ရှိခဲ့ကြပါတယ်။

အယ်လ်ဂျီးရီးယားနဲ့ အာဂျင်တီးနားမှာ ပပျောက်ခဲ့တဲ့ ငှက်ဖျား

ဓာတ်ပုံ မူပိုင် Getty Images
Image caption ငှက်ဖျားရောဂါပိုးကို အဓိက သယ်ဆောင်ပေးတာ ခြင်တွေပါ။

ငှက်ဖျားရောဂါကို အယ်လ်ဂျီးရီးယားနဲ့ အာဂျင်တီးနားတို့မှာ အပြီးသတ်ပပျောက်အောင် လုပ်နိုင်ခဲ့ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ပြောပါတယ်။ WHO ရဲ့ မှတ်တမ်းအရ ခြင်ကနေ သယ်ဆောင်လာတဲ့ ငှက်ဖျားရောဂါကို ကမ္ဘာပေါ်က နိုင်ငံနဲ့ နယ်မြေပေါင်း ၃၈ ခုမှာ ကင်းစင်အောင် လုပ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

သန္တာကျောက်တန်းတွေကို ကယ်တင်ဖို့ အစ္စရေးနဲ့ အာရပ်နိုင်ငံတွေ ပူးပေါင်းလုပ်ဆောင်လာကြ

ဓာတ်ပုံ မူပိုင် Getty Images
Image caption သန္တာကျောက်တန်းတွေ ပျက်စီးလာနေတာ စိုးရိမ်စရာ

ပင်လယ်နီထဲက သန္တာကျောက်တန်းတွေကတော့ သဘာဝအပြောင်းအလဲကြောင့်ရော လူလုပ်ချက်တွေကြောင့်ပါ တော်တော်လေး ဒဏ်ခံနေရပါပြီ။ သမုဒ္ဒရာရေတွေထဲမှာ အက်စစ်ဓာတ်တွေတိုးလာနေတာ၊ ရေတွ ပူနွေးလာနေတာ၊ ခရီးသွားတွေကြောင့် ပင်လယ်ရေတွေ ညစ်ညမ်းတာ၊ လူသုံး လိုးရှင်းလိုကိုယ်လိမ်းခရင်မ် အကြွင်းအကျန်တွေရေထဲ စွန့်ပစ်တာ၊ နောက် ရေငုပ်ကြတာတွေကြောင့်လည်း သန္တာကျောက်တန်းတွေ ထိခိုက်ရပါတယ်။

ပင်လယ်နီထဲမှာဆို တောင်ပိုင်းက သန္တာကျောက်တန်းတွေ အများကြီး ထိခိုက်လို့ အရောင်ကျွတ်ပြီး အဖြူရောင်တွေဖြစ်လာတာတွေ့နေရပါတယ်။ မြောက်ပိုင်းမှာတော့ ဒီလောက် အခြေအနေမဆိုးသေးပါဘူး။

ဒီလိုအန္တရာယ်ကို ကာကွယ်ဖို့ဆိုတာ ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းလုပ်ကြမှ ရမှာမျိုးပါ။ အခုတော့ အဲဒီလိုပူးပေါင်းမှုမျိုးကို တွေ့ရပါပြီ။ အစ္စရေး၊ ဂျော်ဒန်၊ အီဂျစ်၊ ဆော်ဒီအာရေဗျ၊ ယီမင်၊ အီရစ်ထရီးယား၊ ဂျီဘူတီ နဲ့ ဆူဒန်တို့ပေါင်းပြီး ပင်လယ်နီပူးပေါင်းသုတသနဌာနတစ်ခုကို တည်ထောင်ခဲ့ကြပါတယ်။

ဒီဌာနကို ဆွစ်ဇာလန်က ဖက်ဒရယ်နည်းပညာတက္ကသိုလ်က ကမကထပြုဦးစီးဆောင်ရွက်ပေးနေပြီး တချို့သန္တာကျောက်တန်းတွေ ပျက်စီးမှုဒဏ်ကို ဘာကြောင့်ခံနိုင်သလဲဆိုတာ လေ့လာမှာပါ။ အဲဒီလေ့လာတွေ့ရှိချက်ကနေ ကမ္ဘာတဝန်းက သန္တာကျောက်တန်းတွေကို ကယ်တင်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

ကမ္ဘာမြေကြီးလည်း ပိုစိမ်းလန်းလာနေခဲ့ပြီ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကလေးတွေ အနာဂတ်အတွက် ပိုစိမ်းလန်းလာရမယ့် ကမ္ဘာကြီး

အမေရိကန် အာကာသအေဂျင်စီ နာဆာရဲ့ အဆိုအရ ကမ္ဘာမြေဟာ ပြီးခဲ့တဲ့ နှစ် ၂၀ ထက်စာရင် ၅ ရာခိုင်နှုန်း ပိုစိမ်းလန်း လာခဲ့ပါတယ်။ ဒါကလည်း တရုတ်၊ အိန္ဒိယနဲ့ အာဖရိကမှာ သစ်ပင်တွေအများကြီး ပိုစိုက်လာတာနဲ့ ကမ္ဘာတဝန်းမှာ လယ်ယာစိုက်ပျိုးမှုတွေ တိုးချဲ့လုပ်လာတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

နာဆာရဲ့ လေ့လာချက်အရ ကမ္ဘာမြေပေါ်မှာ သစ်ပင်တွေ ဖုံးလွှမ်းနေတဲ့ ဧရိယာဟာ စတုရန်းမိုင်ပေါင်း ၂ သန်း ပိုတိုးလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အမေဇုန်မုတ်သုန်တောကြီးတွေရဲ့ ဧရိယာကြီးလောက်ရှိပါတယ်။

ဒါပေမယ့် အခုလို တိုးလာတာတွေတွေ့ရသလိုပဲ ဘရာဇီးနဲ့ အင်ဒိုနီးရှားမှာ စိုက်ပျိုးမြေဧေကတွေ လျော့နည်းပျက်စီးလာတာကြောင့် ဇီဝမျိုးကွဲတွေ ရှားပါးပျောက်ဆုံး ကုန်တာကိုလည်းတွေ့ခဲ့ကြရပါတယ်။

ဝမ်းနည်းမနေတော့တဲ့ ကီနူးရိဗ်စ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ချစ်သူကို ပွဲထုတ်လာတဲ့ ကီနူးရိဗ်စ်

သိပ်မကြာသေးခင်အချိန်လောက်အထိ အမေရိကန်မင်းသား ကီနူးရိဗိစ်ကို သူ့ သရုပ်ဆောင်ချက်တွေထက် အပြင်က သူ့ဘဝရဲ့ စိတ်မကောင်းစရာအကြောင်းတွေ။ တစ်ကိုယ်ရည် အထီးကျန်မှုတွေကို လူတွေ ပိုအာရုံစိုက်မိခဲ့ကြပါတယ်။

ဝမ်းနည်းစရာကီနူး ဆိုတဲ့ မီးမ် ရုပ်ပုံလေးတွေ ဆိုရှယ်မီဒီယာပေါ်မှာ ခေတ်စားခဲ့သလို တွစ်တာမှာလည်း စိတ်ပျက်အားငယ်ဝမ်းနည်းနေပုံမျိုး သူ့ရုပ်ပုံတွေ ပြန့်နှံ့ခဲ့ပါတယ်။ အွန်လိုင်းပေါ်က #SadKeanu ဟက်ရှ်တက်ဂ် ဆိုရင်လည်း တွေ့နေကျ ဖြစ်ခဲ့ပါတယ်။

သူ့ပရိသတ်တွေက ဇွန်လ ၁၅ ရက်နေ့ကို "ကီနူးကို အားပေးကြတဲ့နေ့" လို့တောင် သတ်မှတ်ခဲ့ကြရတာပါ။ ဒါပေမယ့် ၂၀၁၉ မှာတော့ အဲဒီ အထီးကျန်မှုတွေ ရပ်တန့် အဆုံးသတ်သွားစေခဲ့ပါပြီ။

ကီနူးဟာ "အရင်လိုဝမ်းနည်း မနေတော့ပါဘူး" လို့ မင်းသားက ကြေညာခဲ့ပါတယ်။ သူ့ဘေးမှာ အနုပညာရှင်ချစ်သူ အလက်ဇန်ဒရာဂရန့်ကို လက်တွဲလို့ အခုတော့ သူ့အတွက် ချစ်ရတဲ့သူနဲ့ တွဲလို့ အပျော်ဆုံးအချိန်တွေရခဲ့ပါပြီလို့ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ