မြန်မာပြည်မှာ သူရဲကောင်း ဖြစ်နေတဲ့ အမေ့လျော့ခံ ဗြိတိသျှ စစ်ဗိုလ်

A black and white photo of Captain Peter Robert Sandham Bankes ဓာတ်ပုံ မူပိုင် Peter Bankes

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ဗြိတိသျှ တပ်က ကပ္ပတိန် စစ်ဗိုလ် ပီတာ ရောဘတ် ဆန်ဒဟမ် ဘန့်ဟာ ချင်းစစ်သားတွေပါတဲ့ ကုမ္ပဏီတပ်ခွဲတခုကို ဦးဆောင်ပြီး တိုက်ခဲ့ပါတယ်။ အိန္ဒိယ နယ်စပ်နားကို ထိုးဖောက်လာတဲ့ ဂျပန်တပ်တွေကို ခုခံတိုက်ရတဲ့ စစ်ဖြစ်ပါတယ်။ ဒီဝေးလံတဲ့ ချင်းတောင်တန်းမှာပဲ သူကျဆုံးသွားခဲ့ပေမယ့် ဒီက လူတွေ စိတ်ထဲမှာတော့ သူ့ကို သူရဲကောင်းလို့ မြင်နေကြဆဲ ဖြစ်ပါတယ်။

၁၉၄၂ ဂျပန်တွေ မြန်မာပြည်ထဲကို ကျူးကျော် သိမ်းပိုက်လာချိန်မှာ မြေပြန့်က မြန်မာအများစုက သူတို့မုန်းတဲ့ ဗြိတိသျှ ကိုလိုနီစနစ်က လွတ်မြောက်အောင် လုပ်မယ့်သူတွေ ဆိုပြီး အစပိုင်းမှာ ထောက်ခံခဲ့ကြပါတယ်။

ဒါပေမဲ့ နယ်ခြားဒေသတွေ ဖြစ်တဲ့ ချင်း၊ ကချင်၊ ကရင်နဲ့ ကရင်နီ တောင်ပေါ်က လူမျိုးစုတွေကတော့ ဗြိတိသျှကိုပဲ ဆက်ပြီး သစ္စာခံခဲ့ကြပါတယ်။ သူတို့အများစုက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပြီး ကိုလိုနီ အာဏာပိုင်တွေက မျက်နှာသာပေးခံခဲ့ရသူတွေပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပဲခူးမှာ ဗြိတိသျှတပ်သား ဖမ်းခေါ်လာတဲ့ ဂျပန်လက်ဖြောင့်တပ်သား

ဂျပန်ထိုးစစ် ရှေ့ရောက်လာချိန်မှာ ဗြိတိသျှတပ်သားတွေနဲ့ အရပ်သားတွေ အိန္ဒိယကို ဆုတ်ခွာခဲ့ရပါတယ်။ ဒါပေမဲ့ တချို့ အရာရှိတွေက နောက်ချန်နေရစ်ခဲ့ကြပြီး တချို့ကတော့ တောင်ပေါ်က ပြောက်ကျားတပ်တွေကို ကူဖို့ နောက်မှ လေထီးဆင်းပြီး ပြန်ဝင်လာကြသလို ခြေကျင် ပြန်လာသူတွေလည်း ရှိပါတယ်။

ဒီထဲမှာ ကရင်နီတောင်ပေါ်က ဒုတိယဗိုလ်မှူးကြီး အဂ္ဂါပီးကောနဲ့ ကရင်နယ်ထဲက ဗိုလ်မှူး ဟုချ် ဆီးဂရင်းတို့ ပါပါတယ်။ ဒီလူတွေဟာ ရဲရင့်ပြီး ခန့်မှန်းရခက်တဲ့သူတွေ ဖြစ်သလို သူတို့ရောက်နေတဲ့ ဒေသက ယဉ်ကျေးမှုတွေနဲ့ သူတို့ခေါင်းဆောင်ခဲ့တဲ့ ပြောက်ကျားတပ်တွေကို ချစ်မြတ်နိုးသူတွေလည်း ဖြစ်ပါတယ်။

ဒုတိယဗိုလ်မှူးကြီး ပီးကော့ဟာ မြန်မာပြည်မှာ နှစ်တွေနဲ့ချီ နေခဲ့ပြီး ကရင်နီနယ်အကြောင်း အများကြီး သိတဲ့သူဖြစ်ပါတယ်။ အမဲလိုက်ကျွမ်းသလို တောရိုင်းသဘာဝ ဓာတ်ပုံတွေ ရိုက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဗိုလ်မှူး ဆီးဂရင်းကတော့ အင်္ဂလန် ကျေးလက် နော့ဖော့နယ်က သင်းအုပ်ဆရာတယောက်ရဲ့ သားဖြစ်ပြီး သူ့ကို ကရင်တွေက ခြေတံရှည် ဘိုးဘိုးလို့ ချစ်စနိုး ခေါ်ကြပါတယ်။

ဆီးဂရင်းက ခရစ်ယာန်ဘာသာကို နှစ်နှစ်ကာကာ ယုံကြည်သူဖြစ်ပြီး အိန္ဒိယမှာ ဗိုလ်ချုပ်ကြီး ဖြစ်ရတာထက် နော့ဖော့နယ်မှာ စာပို့သမားပဲ ဖြစ်ချင်တယ်လို့ ပြောတတ်ကြောင်း ၁၉၄၇ ခုနှစ်က သြစတြေးလျ သတင်းစာဆရာတယောက် ရေးခဲ့တဲ့ သူ့အတ္ထုပ္ပတ္တိမှာ ပါရှိပါတယ်။

သူတို့နှစ်ယောက်စလုံးကို ဒီနယ်မြေတွေမှာ ကနေ့ထက်ထိ လူတွေက သတိရနေကြသလို ကရင်နီနဲ့ ကရင် ပြောက်ကျားတပ်သားတွေရဲ့ လေးစားအားကျမှုလည်း ခံခဲ့ရပါတယ်။

ကပ္ပတိန် ဘန့်ကလည်း နော့ဖော့က ခရစ်ယာန် သင်းအုပ်ဘုန်းကြီးရဲ့ သားဖြစ်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်မှာ သစ်တောပညာ သင်ခဲ့ပြီး လှေလှော်ပြိုင်ပွဲမှာလည်း ပါခဲ့ပါတယ်။ နောက် လန်ဒန် အရှေ့ပိုင်းက အလုပ်လက်မဲ့တွေအတွက် ကူညီတဲ့ စခန်း ဖွင့်ရာမှာလည်း ပါခဲ့ပါတယ်။

တက္ကသိုလ်က ဘွဲ့ရပြီးနောက် မြန်မာပြည်မြောက်ပိုင်းမှာ ကျွန်းသစ်တွေ ခုတ်ခဲ့တဲ့ ဘုံဘေဘားမား ကုမ္ပဏီမှာ အလုပ်ရခဲ့ပါတယ်။

' ခြေတံရှည်နဲ့ သန်စွမ်းသူ'

၁၉၄ဝ မှာ သူ ဗြိတိန်ကို ခွင့်နဲ့ပြန်လာပြီး ၁၉ နှစ်သမီး ပါးလ်ဆိုသူနဲ့ လက်ထပ်ပါတယ်။ နောက် လစ်ဗာပူးကနေ ရန်ကုန်ကို အဲဒီနှစ် အောက်တိုဘာမှာပဲ သင်္ဘောနဲ့ ပြန်ခဲ့ပါတယ်။

မြန်မာပြည်ကဗြိတိသျှ အရာရှိ အရံတပ်ရင်းက ခေါ်ပြီး သူ့ကို ချင်းလဲဗီးတပ်မှာ တာဝန်ပေးပါတယ်။ ဂျပန်တွေ အိန္ဒိယ ဝင်လာရင် ခံစစ်ဆင်ဖို့ ကမန်းကတန်း ဖွဲ့ရတဲ့ တောင်ပေါ်သား တပ်တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Mark Fell
Image caption မြန်မာပြည်မှာ ဖခင် ခေါင်းချရာ သွားရှာတဲ့ သား ပီတာဘန့်

ဒီတပ်တွေကို ( ၂ဝ) ရာစုဆန်းစ ဘိုးဝါးစစ်ပွဲတုန်းက တလုံးထိုးသေနတ်တွေ ပေးတယ်လို့လည်း အခု အသက် (၇ဝ) ကျော်နေပြီဖြစ်တဲ့ သူ့သား ပီတာက ပြောပါတယ်။ နောက် ဓားတွေ၊ မှိန်းတွေလည်း ကိုင်ကြပါတယ်။

နောက်ပိုင်းမှာ သူတို့ကို လီး အန်းဖီးလ်ဒ် ရိုင်ဖယ်သေနတ်တွေ ထုတ်ပေးသလို တောင်ပေါ်တိုက်ပွဲတွေမှာ ကျတဲ့ ဂျပန်တွေဆီက သေနတ်တွေလည်း ရလာပါတယ်။

ကပ္ပတိန်ဘန့်ကို ချင်းတောင်ပေါ်မှာ အမြန်ဆုံး တက်နိုင်သူ ဖြစ်လာလို့ သူ့ကို ချင်းအမြန်ရထားလို့ ခေါ်ကြတယ်လို့ ပီတာက ပြောပါတယ်။

ဂျပန်တွေ အိန္ဒိယထဲ ဝင်မလာအောင် ချင်းတပ်တွေက မိုင်ရာနဲ့ချီပြီး ရှေ့တန်းမှာ ကာကွယ်ခဲ့ကြတယ်လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ ကပ္ပတိန်ဘန့်ဟာ စစ်ပြီးတဲ့အထိ နေမသွားရပါဘူး။

၁၉၄၃ နိုဝင်ဘာမှာ သစ္စာဖောက် ချင်းတပ်သား တယောက်က သူ့ကို ပစ်သတ်ပြီး ဂျပန်ဆီကနေ ဆုငွေထုတ်ခဲ့ပါတယ်။ ဒီစစ်သားကို ညစောင့်တာဝန်ကျရင်း အိပ်ပျော်နေတာ မိလို့ သူက နှစ်ကြိမ် သတိပေးခဲ့မိတာပါ။

ကပ္ပတိန်ဘန့် သေဆုံးချိန်မှာ ၃၂ နှစ်ပဲ ရှိပါသေးတယ်။ သူ ချင်းတောင်မှာ ထမ်းဆောင်ခဲ့မှုတွေအတွက် ကွယ်လွန်ပြီးနောက်မှ ဗြိတိသျှ စစ်ဘက်ဆိုင်ရာ တံဆိပ် ချီးမြှင့်ခံခဲ့ရပါတယ်။

ချင်းတောင်ပေါ်က ပြောစမှတ်ပုံပြင်

သူ ရှေ့တန်းမှာ တိုက်နေတုန်း ကိုယ်ဝန်နဲ့ ကျန်ခဲ့တဲ့ ဇနီးက အိန္ဒိယကို ပြေးရပါတယ်။ အဲဒီမှာ အသစ်ဖွဲ့တဲ့ မြန်မာပြည် အမျိုးသမီး အရံတပ်မှာ ပါးလ်တယောက် တက်တက်ကြွကြွ ပါခဲ့ပါတယ်။ ရှေ့တန်းတပ်တွေကို နောက်ကနေ ကူရတဲ့ နေရာမှာ စွမ်းဆောင်နိုင်ခဲ့လို့ သူလည်း ၁၉၄၄ ခုနှစ် မေလမှာ ဗြိတိသျှ အစိုးရက အသိအမှတ်ပြု ခံရတဲ့ စာရင်းမှာ ပါခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်အစိုးရခေတ်ကုန်ပြီး တံခါးဖွင့်လာတဲ့ မြန်မာပြည်

ပီတာကို အိန္ဒိယက အာသံပြည်နယ်မှာ အဲဒီနှစ် ဇူလိုင်လမှာ မွေးပြီး သူတနှစ်သားလောက်မှာ အင်္ဂလန်ပြန်လာကြပါတယ်။ အဲဒီမှာလည်း သူနဲ့ မြန်မာပြည် အဆက်အစပ်က ရှိပါသေးတယ်။ သူ့ရဲ့ ခေါင်းကိုင်ဖခင်က စစ်သားနဲ့ ဆင်ဆရာ ဂျိမ်းစ် ဟောင်းဝပ် ဝီလျံစ်ပါ။ သူ့ကို အဲလီဖန့်ဘီလ် ဆိုပြီး သစ်လုပ်ငန်းနဲ့ မြန်မာပြည် စစ်ဆင်ရေးမှာ သိကြသူများပါတယ်။

စစ်ပြီးခေတ်မှာတော့ မြန်မာပြည်မှာ ဆင်းရဲသွားပြီး စစ်အစိုးရအဆက်ဆက်အောက်မှာ နိုင်ငံက တံခါးပိတ်ကျန်ခဲ့ပါတယ်။

၂ဝ၁၂ မှာ မြန်မာပြည် တံခါးဖွင့်လာပြီးနောက် ပီတာက မြန်မာပြည်သွားပြီး သူ့ဖခင်အကြောင်း သိအောင် ရှာဖို့ ကြိုးစားပါတယ်။ သူပြန်နိုင်အောင် ဗြိတိသျှ မဟာမိတ် စစ်ပြန်အဖွဲ့တွေကလည်း ကူပါတယ်။

မြန်မာပြည် တောင်တန်းတွေမှာ ကျန်ခဲ့တဲ့ ချင်း၊ ကချင်၊ ကရင် စစ်သားဟောင်းကြီးတွေကို ငွေကြေးအရ ထောက်ပံ့နိုင်အောင် ကြိုးစားနေတယ်လို့လည်း အမေ့လျော့ခံ မဟာမိတ်များ ကူညီရေးအဖွဲ့ က ဘုတ်အဖွဲ့ဝင် ပီတာ မစ်ရှဲလ်က ပြောပါတယ်။

" မြန်မာပြည်ကို ဒုတိယကမ္ဘာစစ်မှာ ဂျပန်တွေ ဝင်တိုက်တော့ တောင်တန်းသားတွေက ရဲရဲရင့်ရင့်နဲ့ ဗြိတိန်ဘက်က ခုခံခဲ့ကြတာပါ၊ သူတို့က သစ္စာရှိရှိနဲ့ ဗြိတိန် ဒုက္ခအရောက်ဆုံး အချိန်မှာ အနစ်နာခံပြီး ကူညီခဲ့တယ်။ အခု သူတို့ အလိုအပ်ဆုံး အချိန်၊ သူတို့ဘဝ နေဝင်ချိန်ကို ရောက်နေကြပြီ" လို့လည်း မစ္စတာ မစ်ရှဲလ်က ဆိုပါတယ်။

နောက်ထပ် သူရလိုက်တဲ့ အကူအညီကောင်းကတော့ အငြိမ်းစား စိတ်ရောဂါဆရာဝန်ကြီး ဒေါက်တာဒတ်စမွန် ကယ်လီဆီကပါ။ ဒေါက်တာကယ်လီ့အဖေက ကပ္ပတိန်ဘန့်နဲ့ ချင်းတောင်ပေါ်မှာ တိုက်ဖော်တိုက်ဘက် ဒုတိယ ဗိုလ်မှူးကြီး နော်မန်ကယ်လီပါ။ ဒေါက်တာကယ်လီက သူ့အဖေစာတွေကို အခြေခံပြီး ချင်းတောင် တိုက်ပွဲတွေအကြောင်း စာအုပ်ရေးထားသူ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Mark Fenn
Image caption တီးတိန်က ကျောင်းတကျောင်းမှာ ဂုဏ်ယူစွာ ချိတ်ဆွဲထားတဲ့ ကပ္ပိတန်ဘန့် ရုပ်ပုံ

ဒေါက်တာကယ်လီ အဆက်အသွယ်နဲ့ ပီတာ တယောက် တီးတိန်မြို့ ကျောင်းတကျောင်းက ကျောင်းအုပ်နဲ့ ဘက်ပတစ် ဘုန်းတော်ကြီး ထန်ခေါမ်ပေါင်နဲ့ သိလာခဲ့ပါတယ်။

လူကြီးလူကောင်း ဘန့်ရဲ့ တောင်ကုန်း

စစ်အတွင်းက ဂျပန်တွေ လက်က သူတို့ကို ကယ်ခဲ့ပြီး လမ်းတွေဖောက်ပေးခဲ့တဲ့ ဗြိတိသျှလူမျိုးတွေကို ချင်းလူမျိုးတွေက သိပ်ကျေးဇူးတင်ကြတယ်လို့ ဒီဘုန်းကြီးက သူ့ကို ရှင်းပြပါတယ်။ ဂျပန်စစ်သားတွေကိုတော့ ဆိုးလွန်းကြမ်းလွန်းလို့ ချင်းတွေက ကြောက်ကြပါတယ်။

နောက် ဘုန်းကြီးက ပီတာ့အဖေရဲ့ သင်္ချိုင်းဘယ်မှာ ရှိမလဲ စေ့စေ့စပ်စပ် လိုက်ရှာပေးတဲ့အခါ တီးတိန်မြို့ မြောက်ဘက်က လမ်းထန်းဆိုတဲ့ ရွာဟောင်းတခုမှာ ရှိတယ်လို့ သိလာရပါတယ်။

ဒီနေရာကို ချင်းဘာသာနဲ့ ဘန့်မန်ဂါမောလို့ ခေါ်ပြီး လူကြီးလူကောင်း ဘန့်ရဲ့ တောင်ကုန်းလို့ အဓိပ္ပာယ်ရတယ်လို့ အနားက ရွာတရွာက လူကြီးတယောက်က ဘုန်းတော်ကြီး ထန်ခေါမ်ပေါင်ကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Bo Bo/BBC Burmese
Image caption တီးတိန်မြို့က လှမ်းမြင်ရတဲ့ တောင်တန်းများ

အဲဒီ သင်္ချိုင်းကို ထန်ခေါမ်ပေါင်က သူ့မိတ်ဆွေတွေနဲ့ သွားကြည့်ပြီး အရိုးစ သုံးစကို ယူခဲ့ပါတယ်။ နောက် အဲဒီကို လာလည်တဲ့ ဗြိတိသျှ နိုင်ငံသားတယောက်နဲ့ ပီတာဆီကို အရိုးတွေ ပို့ပေးပါတယ်။

ကျွမ်းကျင်သူတွေ အဆိုအရ ဒီအရိုးစတွေဟာ လူ့ခြေဖနောင့်နဲ့ ခြေချင်းဝတ်က ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအန်အေ မျိုးဗီဇကို အပြည့်အစုံ သိရအောင်တော့ သူတို့ မစစ်ဆေးနိုင်ခဲ့ပါဘူး။

ရိုးမြေကျမှ ပြန်ပေါင်းမိ

ဒါပေမဲ့ ပီတာကတော့ ဒီအရိုးတွေဟာ သူ့အဖေအရိုးတွေမှန်း သေချာတယ်လို့ ဆိုပါတယ်။ ဒီမှာ စစ်အတွင်းက သတ်ဖြတ်ခံရပြီး မြှုပ်ထားခဲ့တဲ့ ဗြိတိသျှစစ်သား၊ ဓနသဟာယစစ်သားဆိုလို့ သူ့အဖေပဲ ရှိတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Mark Fenn
Image caption ထောက်ကြန့် စစ်သင်္ချိုင်းမှာ ကပ္ပတိန်ဘန့်ရဲ့ ကမ္ပည်းပြားကို ဖွင့်လှစ်ပေးခဲ့

သူ့အမေကတော့ ၂ဝ၁၅ ခုနှစ် ဇွန်လက အသက် ၉၄ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ ချင်းတောင်က ယူလာခဲ့တဲ့ အရိုးတွေနဲ့ မြေနည်းနည်းကို ကတ္တီပါအိတ်မှာ ထည့်ပြီး သူ့အမေလက်ထဲထည့်ကာ မြှုပ်နှံခဲ့ပါတယ်။ ၇၂ နှစ်ကြာမှ သူတို့ ဇနီးခင်ပွန်း ပြန်ဆုံစည်းရတာလည်း ဖြစ်ပါတယ်။

ပီတာ တီးတိန်ကို ၂ဝ၁၅ ဇန်နဝါရီမှာ ဇနီးဖြစ်သူ ဂျင်နီနဲ့ ရောက်သွားတုန်းကတော့ အဲဒီက လူတွေက သူ့အဖေကို သူရဲကောင်းလို သဘောထားကြတာကို သူအံ့အားသင့်ခဲ့ရပါတယ်။ အဲဒိက ကျောင်းတကျောင်းမှာ သူ့အဖေပုံတွေ အများကြီး ချိတ်ဆွဲထားပြီး ချင်းပြည်သူတွေအတွက် အသက်စွန့်သွားတဲ့သူအဖြစ် ကျောင်းသားတွေက လေးစားကြတာကို သူတွေ့ခဲ့ရပါတယ်။

သူ့ဖခင်မြှုပ်ထားရာ နေရာကို နိုင်ငံခြားသားတွေ မသွားရလို့ သူကိုယ်တိုင် သွားမကြည့်နိုင်ပေမယ့် သူ့အဖေ ဆောင်ရွက်ချက်တွေကြောင့် ပီတာက ပျော်ပါတယ်။

"ကျွန်တော့အဖေ သင်္ချိုင်းနဲ့ ငါးမိုင်လောက် ဝေးတဲ့နေရာအထိ ရောက်ခဲ့တယ်၊ သူကျက်စားခဲ့တဲ့ နေရာကို ကျွန်တော် ရောက်ခဲ့တာပေါ့။ ဒီလမ်းကနေ သူ တီးတိန်ကို ခြေကျင်သွားခဲ့ပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။

' အခုတော့ အနားယူပြီ'

ပီတာ မြန်မာပြည်ကို ၂ဝ၁၅ နိုဝင်ဘာမှာ ပြန်လာခဲ့ပြီး ရန်ကုန်မြို့ပြင်က ထောက်ကြန့် စစ်သင်္ချိုင်းမှာ အောက်မေ့ဖွယ်နေ့ ဆုတောင်းပွဲကို တက်ခဲ့ပါတယ်။ အဲဒီမှာ အစက သူ့အဖေရဲ့ သင်္ချိုင်းနေရာကို မသိရသေးဘူးဆိုပြီး ကျောက်တိုင်တတိုင် မှာပဲ စာရင်းတင်ထားခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Mark Fenn
Image caption မြန်မာပြည် စစ်သမိုင်းမှာ တွင်ကျန်ခဲ့တဲ့ ကပ္ပတိန်ဘန့်ရဲ့ ကမ္ပည်းပြား

ပီတာ ထောက်ကြန့်ကို ရောက်တဲ့နေ့မှာပဲ သူ့အဖေ ကပ္ပတိန် ပီအာရ်အက်စ် ဘန့်၊ အမ်စီအတွက် အမှတ်တရ သင်္ချိုင်းကျောက်ပြား တချပ်ပေါ်မှာ ကြေးပြားအုပ်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကြေးပြားမှာ ရေးထားတာကတော့ "ပါးလ်ရဲ့ ချစ်ခင်ပွန်း၊ ပီတာရဲ့ ဖခင်၊ ပျောက်ဆုံးသွားပေမယ့် ဘယ်တော့မှ မမေ့နိုင်၊ အခုတော့ အနားယူပြီ"လို့ ဖြစ်ပါတယ်။

အဲဒီပွဲကို လူနည်းနည်းပဲ သီးသန့်တက်မယ်လို့ ပီတာက ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ဗြိတိသျှ သံအမတ်နဲ့တကွ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့ကြသူတွေအတွက် အောက်မေ့ဖွယ်နေ့ ဆုတောင်းပွဲကို လာကြတဲ့ တခြားသံတမန်တွေလည်း လာတက်ကြပါတယ်။ ကမ္ဘာလှည့်ခရီးသည်တချို့လည်း လာကြည့်ကြပါတယ်။

အံ့သြသွားမိတယ်လို့ သူက ပွဲပြီးတော့ ပြောပါတယ်။ သံအမတ်တွေ အားလုံး ရောက်လာတော့ မယုံနိုင်အောင် ဖြစ်သွားတယ်လို့လည်း ဆိုပါတယ်။

အင်မတန် စိတ်လှုပ်ရှားရတဲ့ မိနစ်ပိုင်းကလေးလို့လည်း ပီတာက ဆိုပါတယ်။ သူကိုယ်တိုင်လည်း ဗြိတိသျှ ဘုရင့်ရေတပ်သားဟောင်း ဖြစ်ပြီး ဖခင်ကိုလည်း သူမတွေ့ခဲ့ဖူးပါဘူး။

"အခုတော့ သူ ငြိမ်းချမ်းစွာ နားနေနိုင်ပါပြီ" လို့ ပီတာက ဆိုပါတယ်။