၂၀၂၀ပြည့်နှစ်အတွက် ဘာတွေ မျှော်လင့်သင့်သလဲ

၂၀၂၀ ခုနှစ်၊ မျှော်မှန်းချက်များ ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၉ ကနေ ၂၀၂၀ ကို ကူးပြောင်းတဲ့အခါ မျှော်လင့်စရာ ဘာတွေ ရှိနိုင်သလဲ

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ဟာ နှစ်သစ်ကူးနေ့ ဖြစ်သလို ဆယ်စုနှစ်တစ်ခု ကူးတဲ့ နေ့လည်း ဖြစ်ပါတယ်။ ကြိုတင် မျှော်မှန်းစရာတွေလည်း တလှေကြီးပါ။

မျှော်မှန်းစရာ ကြီးကြီးမားမားတွေက ဘာတွေ ဖြစ်နိုင်မလဲ။

ထူးခြားနိုင်တဲ့ လူပုဂ္ဂိုလ်၊ ဖြစ်ရပ်တွေကို ကြည့်ကြရအောင်ပါ။

ဓာတ်ပုံ မူပိုင် Getty Images

အမေရိကန် ရွေးကောက်ပွဲ

အမေရိကန် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ထင်ကြေးပေး ပြောဆိုဖို့ အချိန်စောလွန်းပါသေးတယ်။

လက်ရှိ ရီပတ်ဘလီကန် သမ္မတ ဒေါ်နယ် ထရမ့်ဟာ စွဲချက်တင် အရေးယူခံရဖို့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး ဒီမိုကရက်တစ် ပါတီကလည်း ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ သမ္မတလောင်း မရွေးချယ်ရသေးပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၀ ရွေးကောက်ပွဲမှာ ဆီးနိတ်လွှတ်တော် အကြီးအကဲ မစ်ချ် မက်ကောနယ်လ်ကလည်း သူ့နေရာအတွက် ဝင်ပြိုင်မယ်။

နိုဝင်ဘာလ ၃ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ ဆီးနိတ် အထက်လွှတ်တော် အမတ် နေရာက အတော့်ကို အရေးပါတယ် ဆိုတာကတော့ သေချာပါတယ်။

အမေရိကန်နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဘတ်ဂျက် အသုံးစရိတ်နဲ့ တရားရေးဆိုင်ရာ အတည်ပြုချက်တွေလို ကိစ္စရပ်တွေမှာ ဆီးနိတ် အထက်လွှတ်တော်က အဆုံးအဖြတ် ပေးနိုင်တာမို့ ဆီးနိတ် အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ရင် သမ္မတတွေအတွက် အဆင်ပြေ ချောမွေ့နိုင်ပါတယ်။ မဟုတ်ရင်တော့ အတော်လေးကို အခက်တွေ့နိုင်ပါတယ်။

လက်ရှိမှာ ရီပတ်ဘလီကန် ပါတီက ဆီးနိတ်လွှတ်တော် အမတ်နေရာ ၁၀၀ အနက် ၅၃ နေရာကို ရထားပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ သူတို့ အောက်လွှတ်တော်ကို ထိန်းချုပ်ထားပြီးသား ဖြစ်တဲ့ ဒီမိုကရက်တွေက အမတ်နေရာ ၁၂ နေရာကိုပဲ ကာကွယ်ရမှာ ဖြစ်ပေမဲ့ သမ္မတ ထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီကတော့ အမတ်နေရာ ၂၃ နေရာကို ကာကွယ်ရဖို့ ရှိပါတယ်။

ဒီရွေးကောက်ပွဲမှာ သမ္မတထရမ့် ပြန်အရွေးခံရကောင်း ခံရနိုင်ပါတယ်။ ဒါပေမဲ့ ဆီးနိတ်လွှတ်တော်မှာ ရှုံးသွားခဲ့ရင်တော့ သူ့အတွက် အကြီးအကျယ် အခက်တွေ့နိုင်ပါတယ်။

အာရပ် နွေဦးတော်လှန်ရေးသစ် တစ်ခု ဖြစ်လာနိုင်မလား

ဓာတ်ပုံ မူပိုင် Getty Images
Image caption အာရပ် ဒေသတွင်းက ဆန္ဒပြမှုတွေ ၂၀၂၀ မှာ အထွတ်အထိပ်ကို ရောက်လာနိုင်မလား

၂၀၁၉ ခုနှစ် အလယ်ပိုင်းလောက်မှာ အီရတ်၊ အီဂျစ်နဲ့ လက်ဘနွန်နိုင်ငံတွေမှာ ဆန္ဒပြမှုတွေရှိခဲ့ရာက တုန်လှုပ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အာရပ် နွေဦးတော်လှန်ရေး နောက်တစ်ခု ထပ်ဖြစ်လာဦးမလားလို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

၂၀၁၁ ခုနှစ်ကစလို့ အာရပ်နိုင်ငံ အတော်များများကို ပျံ့နှံ့သွားခဲ့တဲ့ ဆူပူ ဆန္ဒပြမှုတွေကို အာရပ် နွေဦးတော်လှန်ရေး အဖြစ် တင်စား ခေါ်ဝေါ်ခဲ့တာပါ။

၂၀၁၉ ခုနှစ်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ အယ်လ်ဂျီးရီးယား၊ ဆူဒန်၊ အီရတ်နဲ့ လက်ဘနွန် စတဲ့ နိုင်ငံ ၄ နိုင်ငံဟာ ၂၀၁၁ ခုနှစ်တုန်းက အာရပ် နွေဦးတော်လှန်ရေး မဖြစ်ခဲ့တဲ့ နိုင်ငံတွေ ဖြစ်တယ်လို့ ကာနက်ဂီ အရှေ့အလယ်ပိုင်းဒေသ ဌာနရဲ့ သုတေသီ တစ်ဦးဖြစ်သူ ဒေလီယာ ဂါနမ်က ပြောပါတယ်။

"ဒီဆန္ဒပြမှုတွေဟာ မကျေနပ်မှုတွေကို ဖော်ပြတဲ့ ရာသီသစ်တစ်ခု ဖြစ်တယ်လို့ ပြောရမှာပါ"

ဒါပေမဲ့ ဒီဆန္ဒပြမှုတွေဟာ ၂၀၂၀ ခုနှစ်မှာ ဆက်ဖြစ်နေမလား ဒါမှမဟုတ် အထွတ်အထိပ်ကို ရောက်လာမှာလား။

"ဒီလူထုမကျေနပ်မှုတွေဟာ တခြားနိုင်ငံတွေဆီကိုလည်း ကူးစက်သွားမယ့်ပုံ ရှိနေတယ်" လို့ ပဲရစ်မြို့ PSL တက္ကသိုလ်က အာရပ်နိုင်ငံများ ရေးရာ ကျွမ်းကျင်သူ ပါမောက္ခ အိုင်ရှက် ဒီဝန် က ပြောပါတယ်။

"၂၀၁၁ ခုနှစ်မှာ ပထမဆုံး ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေနဲ့ အခု ဆန္ဒပြမှုတွေရဲ့ အဓိက ကွာခြားချက်က စီးပွားရေး အခြေအနေတွေပေါ် မူတည်နေပါတယ်။ စီးပွားရေး တိုးတက်မှု နှေးကွေးလာပြီး နိုင်ငံ ကြွေးမြီတွေ တိုးလာနေသလို အလုပ်လက်မဲ့နှုန်းကလည်း ပိုမြင့်တက်လာနေတယ်" လို့ ဆိုပါတယ်။

"၂၀၁၁ ခုနှစ် ဆန္ဒပြမှုတွေက ဂုဏ်သိက္ခာကို တောင်းဆိုတဲ့ ဆန္ဒပြမှုတွေလို့ ဆိုရမှာ ဖြစ်ခဲ့ပြီး အခု ဖြစ်နေတဲ့ ဆန္ဒပြမှုတွေကတော့ ဆာလောင်မွတ်သိပ်မှုကြောင့် လို့ ပိုပြောနိုင်ပါတယ်" လို့ ပါမောက္ခ အိုင်ရှက် ဒီဝန်က ပြောပါတယ်။

နောက်ရော ဘာတွေ ရှိသေးလဲ

ဓာတ်ပုံ မူပိုင် European Space Agency
Image caption Cheops အာကာသ တယ်လီစကုပ်

နေစကြဝဠာ အပြင်ဘက်မှာ ဂြိုဟ်တွေ ရှိနေတယ်ဆိုတာ အသစ်အဆန်း မဟုတ်ပါဘူး။ အဲဒီဂြိုဟ်ပေါင်း ၄၀၀၀ ကျော် ရှိနေတယ်ဆိုတာကို ၁၉၉၀ ပြည့်လွန်နှောင်းပိုင်း နှစ်တွေကတည်းက တွေ့ရှိခဲ့တာပါ။

ဒါပေမဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ချပြလိုက်တဲ့ Cheops အာကာသ တယ်လီစကုပ်ဟာ ဒီလေ့လာမှုမှာ ကဏ္ဍသစ်တရပ် စလိုက်တာ ဖြစ်ပါတယ်။ လာမယ့် ၃ နှစ်တာ ကာလအတွင်းမှာ ဒီဂြိုဟ် ၄၀၀ - ၅၀၀ လောက်ကို ဥရောပ အာကာသ အေဂျင်စီရဲ့ အာကာသယာဉ်က ပိုနက်နက်နဲနဲ စူးစမ်းလေ့လာသွားဖို့ ရှိပါတယ်။

ဒါဟာ ဂြိုဟ်အများအပြားရဲ့ အနေအထားပုံစံတွေအကြောင်း အနာဂတ် မျိုးဆက်သစ် ဂြိုဟ် လေ့လာသူတွေအတွက် အလားအလာကောင်း ဖြစ်ပါလိမ့်မယ်။ အဲဒီထဲမှာ ၂၀၂၁ ခုနှစ်မှာ စတင်ဖို့ ရှိတဲ့ နာဆာရဲ့ James Webb Space Telescope (JWST) လည်း ပါဝင်ပါတယ်။

တရုတ်အစိုးရ နီးနီးကပ်ကပ် စောင့်ကြည့်ခဲ့တဲ့ ရွေးကောက်ပွဲ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထိုင်ဝမ် ရွေးကောက်ပွဲမှာ ချိုင် နောက်တကျော့ အရွေးခံရနိုင်ဘွယ် ရှိနေ

ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ လနဲ့ချီ ဖြစ်ပွားနေစဉ်မှာပဲ တရုတ်အစိုးရအနေနဲ့ နောက်ထပ် ဒေသတွင်း စိုးရိမ်စရာတွေနဲ့ ကြုံရဖွယ် ရှိနေပါတယ်။

အဲဒီကတော့ ထိုင်ဝမ်ပြဿနာပါ။ ပြည်မကြီးကနေ ပုန်ကန် ခွဲထွက်တဲ့ ပြည်နယ်တစ်ခုအဖြစ် ထိုင်ဝမ်ကို တရုတ်အစိုးရက သတ်မှတ်ထားပေမဲ့ လက်တွေ့မှာ ထိုင်ဝမ်ဟာ ဒုတိယကမ္ဘာစစ်ကြီး အပြီး ကွန်မြူနစ် အစိုးရ အာဏာ ရခဲ့ပြီးကတည်းက တရုတ်ပြည်မကြီးကနေ သီးခြား ခွဲထွက်ပြီး လွတ်လွတ်လပ်လပ် ရပ်တည်နေခဲ့ပါတယ်။

ထိုင်ဝမ်ဟာ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိပါတယ်။

တရုတ်အစိုးရအတွက် သတင်းဆိုးတစ်ခု ဖြစ်လာဘွယ် ရှိတာက ရွေးကောက်ပွဲမှာ သမ္မတ ချိုင်အင်းဝမ် ပြန်အနိုင်ရနိုင်တယ်လို့ လူထု သဘောထား ကောက်ခံမှုတွေက ဖော်ပြနေတာ ဖြစ်ပါတယ်။

ချိုင် ရဲ့ ဒီမိုကရက်တစ် တိုးတက်ရေးပါတီဟာ အမျိုးသားရေးဝါဒီ ပြင်းထန်ပြီး လွတ်လပ်ရေး ထောက်ခံအားပေးတဲ့ သဘောထားရှိတဲ့ ပါတီ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ လူထု သဘောထား စစ်တမ်းအရ ချိုင်ဟာ တရုတ်အစိုးရကို ထောက်ခံအားပေးသူလို့ အများက ယူဆနေတဲ့ အဓိက ပြိုင်ဘက် ဟန် ကူအို ယူ ကို ၃၈ မှတ်နဲ့ အသာရနေတယ်လို့ သိရပါတယ်။

အာဖရိက ခြင်္သေ့တွေ ဟိန်းဖို့ အဆင်သင့် ဖြစ်နေပြီ

၂၀၁၉ ခုနှစ်မှာ အာဖရိကတိုက်တွင်း လွတ်လပ်စွာ ကုန်သွယ်ခွင့် ဧရိယာ (AfCFTA) အဖွဲ့ ကတော့ အသက်ဝင်လာပါပြီ။ ဒီအဖွဲ့ထဲမှာ နိုင်ငံပေါင်း ၅၄ နိုင်ငံ ပါဝင်တာမို့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး လွတ်လပ်စွာ ကုန်သွယ်ခွင့် ဧရိယာကြီး ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ သံတမန်ရေး မှတ်ကျောက်တစ်ခု ဖြစ်ကြောင်းနဲ့ အာဖရိကတိုက်အတွင်း ကုန်သွယ်ရေး တိုးတက်မှုတွေ ဖြစ်ထွန်းလာမယ်လို့ IMF နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ကြီးက အစီရင်ခံစာတစ်ခုမှာ ခန့်မှန်း ဖော်ပြထားပါတယ်။

ကုန်သွယ်ရေး သဘောတူမှုတွေကြောင့် အာဖရိကတိုက်အတွင်းမှာ စီးပွားရေး ကိစ္စရပ်တွေ ၂ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းအကြား တိုးတက်လာနိုင်တယ်လို့ ဆိုပါတယ်။

လွတ်လပ်စွာ ကုန်သွယ်မှုကို ဇူလိုင်လမှာ စတင်ဖို့ စီစဉ်ထားပြီး အာဖရိကနိုင်ငံတွေ အချင်းချင်းအကြား စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။

၂၀၁၈ ခုနှစ်မှာ အာဖရိကနိုင်ငံတွေ အချင်းချင်း အကြား ထုတ်ကုန် တင်ပို့မှုဟာ ကုန်သွယ်မှု စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းတောင် မရှိခဲ့ပါဘူး။

အာရှဒေသတွင်းမှာ ၅၉ ရာခိုင်နှုန်း၊ ဥရောပ ဒေသတွင်းမှာ ၆၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

အိုလံပစ်ပွဲတော်က ထူးချွန်သူ လူငယ်အသစ်လေးတွေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption စကိုင်း ဘရောင်းန်

အိုလံပစ်ပွဲတော်မှာ ထူးချွန်သူ လူငယ်လေးတွေ အထိုက်အလျောက် ရှိခဲ့ပါတယ်။

အမေရိကန် ကားမောင်းသမား မာဂျရီ ဂက်စထရင်းဟာ ၁၉၃၆ ခုနှစ် ဘာလင်ပွဲတော်မှာ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့တုန်းက အသက် ၁၃ နှစ်သာ ရှိသေးပြီး အိုလံပစ် ချန်ပီယံတွေထဲမှာ အသက် အငယ်ဆုံး သူ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၀၀ ခုနှစ် ပဲရစ် အိုလံပစ်ပွဲတုန်းက ပထမဆု ရခဲ့တဲ့ ဒတ်ချ် လှေလှော်အသင်းတစ်သင်းကို အသက် ၇ နှစ်နဲ့ ၁၀ အကြား အမည်မသိ ပြင်သစ်ကလေးတစ်ဦးက ကူခဲ့တယ်လို့ ယူဆရပါတယ်။

ဒါပေမဲ့ စကိုင်း ဘရောင်းန် ကတော့ အားလုံးကို ကျော်ဖြတ်သွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကထက် ပိုပြီး အပြိုင်အဆိုင် ဖြစ်လာတဲ့ ခေတ်ကာလတစ်ခုမှာ အသက် ၁၁ နှစ်အရွယ် ဗြိတိသျှ စကိတ်ဘုတ် သမားလေးက ပြီးခဲ့တဲ့ စက်တင်ဘာလ ကမ္ဘာ့ ချန်ပီယံပွဲမှာ ကြေးတံဆိပ်ဆု ဆွတ်ခူးသွားခဲ့ပါတယ်။တကယ်လို့ တိုကျို အိုလံပစ် ပွဲတော်အတွက် အရွေးခံရရင်တော့ သူဟာ အိုလံပစ်ပွဲမှာ ဝင်ပြိုင်တဲ့ အသက်အငယ်ဆုံး ယူကေ အားကစားသမား ဖြစ်လာပါလိမ့်မယ်။

တိုကျို အိုလံပစ်ပွဲကို ဇူလိုင်လ ၂၄ ရက်နေ့ကနေ သြဂုတ်လ ၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပြီး စကိတ်ဘုတ်၊ နံရံတက်၊ လှိုင်းစီး၊ ကရာတေးပြိုင်ပွဲတွေကိုလည်း ပထမဆုံးအကြိမ် ထည့်သွင်း ကျင်းပဖို့ ရှိပါတယ်။

ငှက်ဖျားရောဂါ ကင်းစင်တဲ့ နိုင်ငံတွေ ထပ်ရှိလာမှာလား

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၂၀ ခုနှစ်မှာ ငှက်ဖျားရောဂါကင်းစင်တဲ့ နိုင်ငံ နောက်ထပ် ၉ နိုင်ငံ ထပ်ရှိလာမယ်လို့ မျှော်လင့်

ခြင်ကနေ ကူးစက်တဲ့ ငှက်ဖျားရောဂါကြောင့် ၂၀၁၈ ခုနှစ်မှာ ရောဂါဖြစ်ပွားမှုပေါင်း ၂၂၈ သန်းထဲက လူပေါင်း ၄၀၅,၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ အစီရင်ခံစာက ဆိုပါတယ်။

သတင်းကောင်းကတော့ ကမ္ဘာတဝန်းမှာ ရောဂါဖြစ်ပွားမှု အရေအတွက် ထိုးကျသွားခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ နောက်ထပ် နိုင်ငံ ၉ နိုင်ငံ ငှက်ဖျားရောဂါ ကင်းစင်ဖို့ ရှိလာနိုင်တယ် ဆိုတဲ့ အချက်ပါပဲ။

အဲဒီနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံ ပါဝင်ဖို့ ရှိပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ ငှက်ဖျားရောဂါ ဖြစ်မှု သန်း၃၀ ရှိခဲ့ပြီး ငှက်ဖျားရောဂါကြောင့် တစ်နှစ်ကို လူ ၃ သိန်း သေဆုံးလေ့ ရှိပါတယ်။

ငှက်ဖျား ရောဂါ ကင်းစင်မယ့် နိုင်ငံ ၉ နိုင်ငံထဲက ကျန်တဲ့ နိုင်ငံတွေကတော့ အီရန်၊ ဘဲလိဇ်၊ အယ်လ် ဆာလ်ဗေဒေါ၊ ဆူရီနမ်၊ ကဘို ဗာဒီ၊ ဘူတန်၊ အရှေ့တီမောနဲ့ မလေးရှားနိုင်ငံတွေ ဖြစ်ပါတယ်။

ငှက်ဖျားရောဂါ အန္တရာယ်ဇုံထဲမှာ ရှိနေတဲ့ နိုင်ငံပေါင်း ၉၁ နိုင်ငံထဲမှာ ၃၈ နိုင်ငံက ငှက်ဖျား ရောဂါ လုံးဝ ကင်းစင်သွားပြီ ဖြစ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန် ကြေညာထားပါတယ်။

ပိတ်ကားပေါ်က ဆူပါအမျိုးသမီးတွေ

ဓာတ်ပုံ မူပိုင် Warner Bros. Entertainment
Image caption Birds of Prey ရုပ်ရှင်ကားဟာ ၂၀၂၀ မှာ လူကြိုက်များမယ်လို့ ယူဆရ

၂၀၂၀ မှာ အသစ် ထုတ်မယ့် ဟောလိဝုဒ် ရုပ်ရှင်ကားတွေ အများကြီး ရှိနေပါတယ်။ အဲဒီထဲက ထင်ရှားတဲ့ ရုပ်ရှင်ကား တစ်ကားကတော့ အမျိုးသမီးတွေ ဦးဆောင် ပါဝင်ထားတဲ့ ဆူပါဟီးရိုး ရုပ်ရှင်ကားတွေပါ။

Wonder Woman ရုပ်ရှင်ကားသစ် တစ်ခု ထွက်လာဖို့ ရှိသလို ရုပ်ရှင်မင်းသမီး Scarlett Johansson ပါဝင် သရုပ်ဆောင်ထားတဲ့ Black Widow ရုပ်ရှင်လည်း ကမ္ဘာတဝန်း ရုံတင် ပြသဖို့ ရှိပါတယ်။

အမျိုးသမီး ဗီလိန်သရုပ်ဆောင်တွေလည်း နေရာရဖို့ ရှိပါတယ်။ ၂၀၁၉ ခုနှစ်မှာ The Joker ရုပ်ရှင်ကားက သူ့မူရင်းကားကို ကျော်ပြီး လူကြိုက်များ ရေပန်းစားခဲ့တာမို့ သူ့ရဲ့ ချစ်သူ၊ ကြံရာပါ Harley Quinn ကလည်း ၂၀၂၀ မှာ ပေါက်မယ့်ပုံ ရှိနေပါတယ်။

ဒါပေမဲ့ တကယ့် ထောက်လှမ်းရေးအစစ်ကိုတော့ နောက်ဆုံးအကြိမ် ပိတ်ကားပေါ်မှာ မြင်ရမှာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption No Time To Die ရုပ်ရှင်ကားမှာ ဂျိမ်းမ်စ်ဘွန်း အဖြစ် မင်းသား Daniel Craig ဝင်သရုပ်ဆောင်မှာ ဖြစ်

No Time To Die ရုပ်ရှင်ကားဟာ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကားတွေထဲမှာ ၂၅ ကားမြောက် ဖြစ်ပါတယ်။ တရားဝင်အဖြစ် အများက မသတ်မှတ်တဲ့ တခြား ၃ ကားလည်း ရှိပါတယ်။ ဒီရှင်ရှင်ကားဟာ ဗြိတိသျှ ရုပ်ရှင်မင်းသား Daniel Craig ဂျိမ်းစ်ဘွန်းအဖြစ် နောက်ဆုံးအကြိမ် သရုပ်ဆောင်မယ့် ကား ဖြစ်ပါတယ်။

နောက်ကားတွေမှာ နာမည်ကြီး ထောက်လှမ်းရေးသမား ဂျိမ်းစ်ဘွန်း အဖြစ် ဘယ်သူ သရုပ်ဆောင်မလဲ ဆိုတာအပေါ် အကြီးအကျယ် ထင်ကြေးပေး ပြောဆိုနေကြပါတယ်။ အထူးသဖြင့် အဲဒီ ရုပ်ရှင်ကားထဲမှာ Daniel Craig က အငြိမ်းစား ဂျိမ်းစ်ဘွန်း အဖြစ် သရုပ်ဆောင်ထားပြီး တခြားသူတွေနဲ့အတူ အမျိုးသမီး ထောက်လှမ်းရေးသမား တစ်ဦးနဲ့ ရင်ဆိုင်တွေ့ရမှာပါ။

ဂရက်တာရဲ့ အကျိုးဆက်ကြောင့် အနှေးခရီးသွားမှုတွေတိုးလာမယ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၂၀ မှာ ဖြေးဖြေးညိမ့်ညိမ့် ခရီးသွားကြပါ။

ဖြည်းဖြည်းပဲ ခရီးသွားကြစို့ဆိုတဲ့ လှုပ်ရှားမှုပေါ်လာတာ နှစ်ပိုင်းလောက်ရှိပါပြီ။ ဒါကလည်း လူတွေကြား ပိုပြီးနက်ရှိုင်းတဲ့ ဆက်နွယ်မှုတွေ၊ ပိုပြီးနက်ရှိုင်းတဲ့ စူးစမ်းရှာဖွေမှုတွေ ပိုလုပ်လာနိုင်အောင်ဆိုတဲ့ ကြံရွယ်ချက်တွေနဲ့ စပြီး ဆော်သြလှုပ်ရှား လာကြတာပါ။

ဒါပေမယ့် လေယာဉ်ထက် ရထားကို ရွေးစို့ ဆိုတဲ့ လှုပ်ရှားမှုကို သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ ဆယ်ကျော်သက်လေး ဂရက်တာသွန်းဘတ်က ထောက်ခံကြောင်း ပြောလိုက်တဲ့အချိန်ကစလို့တော့ ဒီလှုပ်ရှားမှုကို လူအများ အာရုံစိုက်မှု ပိုရလာခဲ့ပါတယ်။

လေယာဉ်တွေက ထွက်တဲ့ ကာဘွန်ဓာတ်ငွေ့တွေ လျှော့ချဖို့ဆိုပြီး ဂရက်တာဟာ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂ အစည်းအဝေးတွေကို သွားတက်တဲ့အခါ လေယာဉ်ပျံမစီးဘဲ ရထားခရီးရှည်ကြီးတွေစီးတာ၊ အတ္တလန်တိတ် သမုဒ္ဒရာကို သင်္ဘောစီးပြီး ဖြတ်ကူးတာတွေ လုပ်ခဲ့ပါတယ်။

သူ့လိုမျိုး အဲဒီလောက်ကြီးအထိ မလုပ်လာပေမယ့် ၂၀၂၀မှာတော့ လူအတော်များများဟာ နှေးနှေးပဲ ခရီးသွားရတဲ့ လမ်းကြောင်းပုံစံကို ပိုပြီး ရွေးချယ်လာကြလိမ့်မယ်လို့ ဗြိတိသျှခရီးသွားအေးဂျင့်များအစည်းအရုံး (ABTA) လိုအဖွဲ့ တွေက ခန့်မှန်းထားကြပါတယ်။

ထွန်းတောက်လာတဲ့ ကြယ်ပွင့် ဘီလီ အီးလစ်ရှ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption လာမယ့်နှစ် ဂရမ်မီ ဆုပေးပွဲကြီးမှာ ထိပ်ဆုံးဆုတွေ အားလုံးအတွက် အသက် ၁၇ နှစ်အရွယ် ဘီလီ အီးလစ်ရှ် အကြိုစာရင်းသွင်းခံထားရ

ပြီးခဲ့တဲ့နိုဝင်ဘာလက ၆၂ ကြိမ်မြောက် ဂရမ်မီဆု အတွက် စာရင်းကို ကြေညာခဲ့တုန်းက တောင်ကိုရီးယား ကေပေါ့ပ်အဖွဲ့ BTS ပါမလာခဲ့တာကို တော်တော်လေး ဝေဖန်မှု ရှိခဲ့ပါတယ်။

ဂီတလောကထဲမှာ ကေပေါ့ပ်က စံချိန်တွေ တစ်ခုပြီး တစ်ခုချိုးနေခဲ့ပေမယ့် ဂရမ်မီဆုထဲမှာ ပေးတဲ့ အမျိုးအစားထဲမှာတော့ သူ မပါခဲ့ပါဘူး။ အဲဒီ အငြင်းပွားမှုတွေကြောင့်ပဲ ဂရမ်မီမှာ ဘီလီအီးလစ်ရှ်ရဲ့ အစွမ်းပြမှုတွေ ခဏလောက် မှိန်သွားသလို ဖြစ်လိုက်ရပါသေးတယ်။

တကယ်တော့ အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ အမေရိကန် တေးရေးဆရာ အဆိုကျော်မလေးဟာ အကောင်းဆုံးသီချင်းဆု၊ အကောင်းဆုံး အယ်လ်ဘမ်ဆု၊ အကောင်းဆုံး ဓာတ်ပြားဆုနဲ့ အကောင်းဆုံး တက်သစ်စ အဆိုတော်ဆု အပါအဝင် ထိပ်ဆုံး အမျိုးအစား အားလုံးမှာ ဆုအတွက် စာရင်းတင်ခံခဲ့ရသူပါ။

၂၀၂၀ မှတော့ သူဟာ ကမ္ဘာ့တိုက်ကြီး သုံးခုက နေရာ ၄၂ နေရာမှာ ဂီတဖျော်ဖြေပွဲတွေလုပ်ဖို့ စီစဉ်ထားပြီ ဖြစ်ပါတယ်။

ဂိမ်းစက်တွေရဲ့တိုက်ပွဲ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂိမ်းစက်အသစ် နှစ်ခု ထွက်လာဖို့ ရှိ

ကိုယ့်ဘဏ်ငွေစာရင်းကို အသင့်ပြင်ဆင်ထားလိုက်ပါတော့။ ၂၀၂၀ မှာ ဆိုနီရော မိုက်ခရိုဆော့ဖ်ရောက သူတို့ရဲ့ ဂိမ်းစက်အသစ်တွေကို ထုတ်ရောင်းပါတော့မှာမို့ပါ။

ဆိုနီရဲ့ PS5 နဲ့ မိုက်ခရိုဆော့ဖ်ရဲ့ Xbox Project Scarlett တို့ နှစ်ကုန်ပိုင်းမှာ ထွက်လာမှာပါ။ အဲဒီအခါ ဂိမ်းတွေကို ပိုအဆင့်မြင့်တဲ့ ပုံစံဖြစ်မယ်လို့ ကတိပေးထားတာပါ။ အထူးသဖြင့် ရုပ်ထွက်ပိုင်းမှာ ပိုအဆင့်မြင့်လာမယ့် အခြေအနေပါ။

ဒီဂိမ်းစက်နှစ်ခုလုံးရဲ့ အကြောင်းကတော့ အခုထိ လျှို့ဝှက်ထားပေမဲ့ ဂိမ်းစျေးကွက်ထဲက အတွင်းသတင်းရင်းမြစ်တွေကတော့ ဂိမ်းစက်တစ်ခုကို အမေရိကန် ဒေါ်လာ ၅၀၀ လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဂိမ်းစျေးကွက်မှာ ဆိုနီက ကြီးစိုးထားတာကို မိုက်ခရိုဆော့ဖ်က ယှဉ်ပြိုင်ဖို့ ကြိုးစားလာပါလိမ့်မယ်။ ၂၀၁၉ အောက်တိုဘာ အချက်အလက်တွေအရ ဆိုနီရဲ့ PS4 ဟာ ကမ္ဘာတစ်ဝန်းမှာ စက်အလုံးရေ သန်း ၁၀၀ လောက် ရောင်းထားခဲ့ပြီးပါပြီ။ အဲဒါဟာ စက်အလုံးရေ ၄၃ သန်းရောင်းခဲ့ရတဲ့ မိုက်ခရိုဆော့ဖ်ရဲ့ Xbox One ရောင်းအားထက် နှစ်ဆမက ဖြစ်တယ်လို့ VG Chartz ရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။