အိန္ဒိယ နိုင်ငံသား ဖြစ်ခွင့် ဥပဒေသစ်ကို ဆန့်ကျင်မှုတွေ ရှိပေမယ့် ဝန်ကြီးချုပ်ကတော့ ကာကွယ် ပြောဆို

Prime Minister Narendra Modi ဓာတ်ပုံ မူပိုင် AFP
Image caption ပြိုင်ဘက် နိုင်ငံရေး ပါတီတွေက ဒီဥပဒေနဲ့ပတ်သက်ပြီး လုပ်ကြံပြောဆိုနေတယ်လို့ ဝန်ကြီးချုပ် မိုဒီ စွပ်စွဲ

အိန္ဒိယနိုင်ငံမှာ အသစ် ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို ဆန့်ကျင် ကန့်ကွက် မှုတွေ ရှိနေပေမယ့် ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ကတော့ ဘာသာ ရေး ဖိနှိပ်ခံရသူတွေကိုကူညီ ပေးဖို့ ဒီဥပဒေ ကိုရေးဆွဲ ခဲ့တာ လို့ ကာကွယ် ပြောဆို လိုက်ပါတယ်။

ဒေလီမြို့မှာ ကျင်းပတဲ့ ထောက်ခံပွဲတစ်ခုမှာ ဒီဥပဒေ နဲ့ ပတ်သက်လို့ ပြောကြားခဲ့တာ ဖြစ်ပြီး အိန္ဒိယ လွှတ်တော်နဲ့ ဥပဒေပြု အမတ်တွေ ကိုလည်း လေးစားဖို့ သူကတိုက်တွန်း ပြောကြား လိုက်ပါတယ်။

ဒီဥပဒေဟာ အိန္ဒိယ နိုင်ငံ တဝန်း က ဘာသာပေါင်းစုံ လူမျိုးတွေကို အကျိုးပြု လိမ့်မယ် ဆိုပြီးတော့လည်း သူက ပြောဆို လိုက်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
နိုင်ငံသား ဖြစ်ခွင့် ဥပဒေ ကို နိုင်ငံတဝန်းမှာ ဆန့်ကျင်မှုတွေ လုပ်နေ

ဒါပေမယ့် လွန်ခဲ့တဲ့ တစ်ပတ်ခန့် က အတည်ပြု ပြဋ္ဌာန်း လိုက်တဲ့ ဒီဥပဒေ ဟာ မွတ်ဆလင် ဆန့်ကျင်ရေး လုပ်ဆောင် တာ ဆိုပြီး နိုင်ငံ မြောက်ပိုင်းမှာ ဆန့်ကျင် ဆန္ဒပြမှုတွေ ကတော့ ဆက်လက် ဖြစ်ပွား နေဆဲပါ။

လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ကို ရဲက တားမြစ် ထားပေမယ့် ဆန့်ကျင်မှုတွေကတော့ ဆက်လက် ရှိနေဆဲပါ။ ရဲတပ်ဖွဲ့တွေ နဲ့ ဆန္ဒပြသူ တို့ အကြား အပြန်အလှန် တိုက်ခိုက်မှုတွေလည်း ဖြစ်ပေါ်နေပြီး အခုအချိန် အထိ အနည်ဆုံး လူ (၂၀) ဦး အထိ သေဆုံး ခဲ့ရပြီလည်း ဖြစ်ပါတယ်။

ထောင်နဲ့ချီတဲ့ လူတွေကိုလည်း ဖမ်းဆီး အရေးယူထားပါတယ်။ ဒါ့အပြင် အင်တာနက် လိုင်းတွေ ဖြတ်တောက်တာ စတာတွေကို လုပ်ဆောင်နေပြီး ဆန္ဒပြမှုကို ရပ်တန့် နိုင်ဖို့ တာဝန်ရှိသူတွေ က ကြိုးပမ်း နေကြပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဆန့်ကျင့်သူတွေထဲမှာ တက္ကသိုလ် ကျောင်းသားတွေလည်း ပါဝင်

အသစ် ပြဋ္ဌာန်း လိုက်တဲ့ နိုင်ငံသား ဖြစ်ခွင့် ဥပဒေထဲမှာ အိမ်နီးချင်း ၃ နိုင်ငံ ဖြစ်တဲ့ ပါကစ္စတန်၊ အာဖဂန်နစ္စတန် နဲ့ ဘင်္ဂလားဒေ့ရှ် က မွတ်ဆလင် မဟုတ်သူတွေ ဘာသာရေး ဖိနှိပ်မှု ခံခဲ့ရရင် အကာအကွယ် ပေးမယ် ဆိုပြီး ပြဋ္ဌာန်း ထားခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေ ဘက် ကတော့ ဒီလ အစောပိုင်းတုန်း က အတည်ပြုခဲ့တဲ့ အဆိုပါ နိုင်ငံသား ဖြစ်ခွင့် ပြင်ဆင်ချက် ဆိုတဲ့ ဥပဒေ ဟာ အိန္ဒိယ ရဲ့ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ကို လျော့နည်း သွားစေတယ် ဆိုပြီး ဆန့်ကျင် မှုတွေ လုပ်နေကြတာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံသား မွတ်ဆလင် ဘာသာဝင်တွေက သူတို့မှာ အထောက်အထား စာရွက် စာတမ်း တစ်စုံတရာ မရှိဘူး ဆိုရင် ဒီဥပဒေ အရ နိုင်ငံမဲ့ သူတွေ ဖြစ်သွား မယ်ဆိုပြီး စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ် မိုဒီကတော့ အိန္ဒိယ နိုင်ငံသား တွေ အနေနဲ့ မည်သည့်ဘာသာဝင်ပဲ ဖြစ်ပါစေ ဒီဥပဒေ ကြောင့် စိုးရိမ် စရာ မရှိဘူး ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဒေလီမှာ လုပ်တဲ့ ပြည်နယ် ရွေးကောက်ပွဲ အကြို ဟိန္ဒူ အမျိုးသားရေး ပါတီ BJP ကို ထောက်ခံတဲ့ ပွဲ တစ်ခုမှာ ဒီဥပဒေနဲ့ ပတ်သက်ပြီး လုပ်ကြံ ပြောတာတွေ၊ အကြမ်းဖက် မှုတွေ ဖြစ်ပွားအောင် ပြိုင်ဘက် နိုင်ငံရေး ပါတီ တွေက လှုံ့ဆော် နေတယ်ဆိုပြီး နာရန်ဒရာ မိုဒီ က ပြောဆို ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရဲက အနီးကပ် ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ မိုဟာမက် တမ်အင်း က ပြောကြား