သီရိလင်္ကာက သက်သေခံ ကတ်ပြားရဖို့ တိုက်ပွဲဝင်နေရတဲ့ ဘိက္ခုနီ သီလရှင်တွေ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သီရိလင်္ကာအစိုးရ အသိအမှတ်မပြုတဲ့ သီလရှင်ကလေးတွေ

သီလရှင်ငယ်က သူ့ဘဝ ဇာတ်လမ်းကို မျက်ရည်တွေကြားက ပြောပြပါတယ်။

"ကျွန်မမှာ လိုအပ်တဲ့ အထောက်အထားတွေ အားလုံးရှိပါတယ်" လို့ အမနုဝတီ ဆမန်သာဘဒရိက ထေရီက ရှင်းပြပါတယ်။ " ဒါပေမဲ့ ဗုဒ္ဓဘာသာရေးရာ ဌာနက ကျွန်မကို သက်သေခံကတ် ထုတ်မပေးဘူးလို့ ငြင်းလွှတ်ပါတယ်"

ဒီလို ငိုရတာက အဆန်းမဟုတ်ပါဘူး။ သီရိလင်္ကာမှာ သက်သေခံကတ်ပြားက ဘဝမှာ မရှိမဖြစ် အရေးကြီးပါတယ်။ မဲပေးတာ၊ ဘဏ်ငွေစာရင်းဖွင့်တာကအစ နိုင်ငံကူးလက်မှတ်လျှောက်တာ၊ အလုပ်လျှောက်တာ အလယ် စာမေးပွဲဖြေတာ အဆုံး သူပါမှ ရပါတယ်။

ဒါပေမဲ့ သီရိလင်္ကာမှာ ဆမန်သာဘဒရိက တယောက်တည်း ဒီလိုကတ်ပြားမရ ဖြစ်နေတာ မဟုတ်ပါဘူး။ ဘိက္ခုနီဆိုပြီး သက်သေခံကတ် ထုတ်ပေးတာတွေ ရပ်ဖို့၊ သူတို့ကို အသိအမှတ်မပြုဖို့ နိုင်ငံရဲ့ ထိပ်တန်း ဆရာတော်ကြီးတွေက အစိုးရကို တောင်းဆိုတဲ့ အတွက် ၂ဝဝ၄ က စပြီး သူ့လို အမျိုးသမီးတွေဆီက ကတ်ပြားတွေ ရုပ်သိမ်းခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း ဘိက္ခုနီတွေမှာ သူတို့ကျင်လည်တဲ့ အသိုင်းအဝိုင်းက ချစ်ခင်တာနဲ့ အခွင့်အရေးမရတာတွေကြား ပိတ်မိနေခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘုရားမှာ အမျိုးသမီးမဝင်ရ ရှိသင့်သလား

"ကျွန်မတို့ကို တခြားဂြိုဟ်က လာသလို ဆက်ဆံခံရတယ်၊ ကျွန်မတို့ကို အမျိုးစုံ ခွဲခြားခံရတယ်" လို့ သီရိလင်္ကာမှာ ဝါအကြီးဆုံး ဘိက္ခုနီ ကောသမာလီ ဆရီ သုမေဓာက ဘီဘီစီကို ပြောပါတယ်။ " ကျွန်မတို့လည်း ဒီမြေမှာမွေးတဲ့ ဗုဒ္ဓရဲ့ သမီးတော်တွေပါပဲ။ ဘာမှ လိင်အရ ခွဲခြားစရာ မလိုပါဘူး"

သူနဲ့ တခြား သီလရှင် ၂ဝ ဟာ ၁၉၉၈ မှာ ရဟန်းခံခဲ့ကြတာပါ။

'ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ စိတ်ထားတွေလဲ'

သီရိလင်္ကာမှာ နှစ်ပေါင်းတထောင်ကျော် ဘိက္ခုနီသာသနာ အဆက်ပြတ်သွားခဲ့ပါတယ်။ ဟိန္ဒူ ကြီးစိုးတဲ့ အိန္ဒိယတောင်ပိုင်းက မင်းဆက်တွေ အုပ်စိုးမှုအောက်မှာ ဗုဒ္ဓဘာသာဝင်တွေ ဖိနှိပ်ခံခဲ့ရပြီးနောက် နှစ်ပေါင်းများစွာ ဘိက္ခုနီတွေ ပျောက်ကွယ်သွားခဲ့တာပါ။

၁၉၉၈ မှာတော့ အနှစ်တထောင်အတွင်း ပထမဆုံး ဘိက္ခုနီ သီလရှင်တွေ ပြန်ပြီး ပေါ်ထွန်းလာခဲ့ပါတယ်။ အဲဒီနှစ်ကုန်မှာတော့ ဘိက္ခုနီ အပါး ၁၅ဝ ရှိလာခဲ့ပြီး အခု ဆိုရင် လေးထောင်ကျော်ပြီလို့ ယူဆရပါတယ်။ တချို့ဆိုရင် ခြောက်နှစ် သမီးလောက်ပဲ ရှိပါသေးတယ်။

သီရိလင်္ကာမှာ ကျင့်သုံးတဲ့ ထေရဝါဒဗုဒ္ဓဘာသာဂိုဏ်းမှာ ဒီလို အဆင့်မြင့်မြင့် ရဟန်းခံထားတဲ့ သီလရှင် မရှိဘူး၊ ဒါကြောင့် အရိမေတ္တယျ ဘုရားပွင့်မှ ဘိက္ခုနီသာသနာပြန်စနိုင်မယ်ဆိုပြီး ထေရ်ကြီး ဝါကြီး ဆရာတော်တွေက ကန့်ကွက် ကြပါတယ်။ တချို့ကလည်း ဘိက္ခုနီဆိုပြီး ပြန်ပေါ်နေတာကို ဆန့်ကျင်ကြပါတယ်။

"အမျိုးသမီးတွေကို ရဟန်းပြုခွင့်ပေးခဲ့တုန်းကလည်း ဗုဒ္ဓကိုယ်တိုင်နှိုက်က အားနည်းတဲ့ အမျိုးသမီးတွေ နှောင့်ယှက်ခံရမှာ စိုးလို့ တွန့်ဆုတ်ခဲ့ပါတယ်" လို့ မန်တဘာနိ ဆိုတဲ့ ဘုန်းတော်ကြီးက ဘီဘီစီကို ၁၉၉၈ က မိန့်ကြားခဲ့ပါတယ်။

နောက် ခြောက်နှစ်အကြာမှာတော့ သူတို့အတွက် သက်သေခံကတ်ပြား ရပိုင်ခွင့်ကို ရုပ်သိမ်းခဲ့ပါတယ်။

Image caption အမျိုးစုံ ကြိုးစားပြီးနောက်မှ ဆမန်သာဘဒရိက စာမေးပွဲ ဖြေခွင့်ရ၊ မဲပေးခွင့်တော့မရ

ဆမန်သာဘဒရိကက အတန်းတင် စာမေးပွဲဖြေဖို့ အမျိုးသားမှတ်ပုံတင်ကို ရချင်တာ ဖြစ်ပါတယ်။ သီရိလင်္ကာမှာ အဆင့်မြင့် စာမေးပွဲတွေ ဝင်ဖို့ ဒီလိုကတ်ပြား မရှိဘဲ မဖြစ်နိုင်ပါဘူး။

" ဆရာတော်ကြီးတွေဆီက ခွင့်ပြုချက်မရဘဲ ဒီလိုမှတ်ပုံတင် ထုတ်မပေးနိုင်ဘူးလို့ ဗုဒ္ဓဘာသာရေးရာ ဌာနမင်းကြီးက ပြောတယ်" လို့ သီရိလင်္ကာ အနောက်ပိုင်း ဝေးလံတဲ့ ပိုသူဟာရမြို့ကလေးက သူသီတင်းသုံးတဲ့ကျောင်းကနေ ဘီဘီစီကို ပြောပါတယ်။

"ကျွန်မ အင်မတန် ဝမ်းနည်းပါတယ်၊ ကျွန်မ စာမေးပွဲ မဖြေနိုင်တော့ဘူးလို့ တွေးခဲ့မိတာ၊ နောက် အမျိုးသား မှတ်ပုံတင်ဌာနရုံးကို သွားတော့လည်း သူတို့က ငြင်းလွှတ်ပါတယ်။ အဲဒီအချိန်မှာတော့ ကျွန်မနဲ့အတူ ပါလာတဲ့ ဘိက္ခုနီ ဆရာကြီးကော ညီအစ်မတော် ဘိက္ခုနီတွေပါ ငိုကြပါတယ် "

ဆမန်သာဘဒရိကသာ ယောက်ျားလေး ဖြစ်ရင်တော့ အခြေအနေက တမျိုးဖြစ်သွားမှာပါ။ သီရိလင်္ကာမှာ (၁၆) နှစ်ပြည့်ပြီးတဲ့ သာမဏေတိုင်းကို သူတို့ သာသနာ့ဘောင် ဝင်ကတည်းက ရခဲ့တဲ့ ဘွဲ့နာမည်အတိုင်း အမျိုးသားမှတ်ပုံတင် ထုတ်ပေးပါတယ်။ အဲဒီမှာ သူတို့မွေးဇာတိနဲ့ အစပြုပြီး ပါဠိနာမည်က နောက်ကလိုက်ပါတယ်။

"ကျွန်မတို့ကို ဒီနိုင်ငံမှာ ဘာလို့ ဒီလို သီးခြား ဆက်ဆံတာလဲ၊ သူတို့ စိတ်ထားတွေက ဘာလို့ ဒီလောက်တောင် ရက်စက်တာလဲ" လို့ ဟယ်လ်ပန်နာဓနိယ စူပီဆာလ ဘိက္ခုနီက မေးပါတယ်။

စူပီဆာလက နိုင်ငံအလယ်ပိုင်းမှာ မကြာခင်ကမှ အစိုးရ အသိအမှတ်ပြု ခံခဲ့ရတဲ့ ဘိက္ခုနီလေ့ကျင့်ရေးကျောင်းတကျောင်းက ကထိက ဖြစ်သလို သီရိလင်္ကာ ပညာရေး ဝန်ကြီးဌာနမှာ သီလရှင်ဘိက္ခုနီတွေ အတွက် ညှိနှိုင်းစီစဉ်သူလည်း ဖြစ်ပါတယ်။

" ဒီနိုင်ငံမှာ တခြား ဘယ်ဘာသာရေး၊ လူမျိုးရေး အသိုင်းအဝိုင်းကိုမှ ကျွန်မတို့ခံရသလို မမျှမတ ဆက်ဆံခံရတာ မရှိပါဘူး၊ ကျွန်မတို့မှာ အခြေခံ နိုင်ငံသား ရပိုင်ခွင့်တောင် ဆိတ်သုဉ်းနေပါတယ်" လို့ သူက ဆိုပါတယ်။

တခြား ဘိက္ခုနီ အများအပြားလိုပဲ သူလည်း တန်းတူအခွင့်အရေး ရဖို့ အချိန်အကြာကြီး တိုက်ပွဲဝင်ခဲ့ရပါတယ်။

ဒါပေမဲ့ မှတ်ပုံတင်ကတ်ရအောင် ယူနိုင်ခဲ့သူတွေ တောင်မှ ဒီကတ်တွေ ပြန်စွန့်လွှတ်ရဖို့ သိပ်လွယ်တယ် ဆိုတာ တွေ့လာရပါတယ်။

Image caption သက်သေခံကတ်ပြားမရတာအပြင် တခြားကန့်သတ်မှုတွေ ကြုံနေရတဲ့ သီလရှင်တွေ

ဘိက္ခုနီတယောက်ကတော့ ၂ဝ၁၅ မှာ သူကတ်ပြားအသစ် ပြန်လုပ်ချိန်မှာ ဘိက္ခုနီ ဆိုတဲ့ စာလုံး ပျောက်သွားတာကို တွေ့ခဲ့ပါတယ်။

"သူတို့က ဘိက္ခုနီကို တမီးလ်လို ရေးတာမှာ ချန်ခဲ့ပြီး သီဟိုဠ်လို ရေးတာမှာတော့ ဖျောက်ပစ်တယ် "လို့ ဘိက္ခုနီအရေး ကြာရှည် တိုက်ပွဲဝင်နေတဲ့ သာလဝါသုဂိုဒ ဓမ္မဒီပနီ ဘိက္ခုနီက ဘီဘီစီကို ပြောပါတယ်။

'တရားမဝင် ဝင်လာသူတွေ'

သီရိလင်္ကာမှာ ဒီလိုဖြစ်နေတာတွေကို လူအများစုက ဂရုမစိုက်ကြပေမယ့် ဘိက္ခုနီတွေဘက်က အားပေးသူတွေလည်း ရှိပါတယ်။

သီရိလင်္ကာ ဘိက္ခုနီသာသနာ ပြန်လည်ထွန်းကားရေးကို ထောက်ခံတဲ့ ဒေါက်တာ ဆရီ သုမင်္ဂလ ထေရလို ဆရာတော်လည်း ရှိပါတယ်။ သီရိလင်္ကာက ဆရာတော်ကြီးတွေကိုလည်း သူက ဝေဖန်နေတာပါ။

ဘိက္ခုနီ သာသနာကို ဆန့်ကျင်တာဟာ ဗုဒ္ဓဘုရားရဲ့ အဆုံးအမကို ကောင်းစွာ မလိုက်နာတာပဲလို့လည်း သူက စွပ်စွဲပါတယ်။ ဘုရားခေတ်တုန်းက ဒီလို သံဃာအကြီးအကဲ ဆိုတာတွေ မရှိဘူးလို့လည်း သူက ထောက်ပြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗြိတိန်မှာ ပြသခွင့်ရတဲ့ မြန်မာ မှတ်တမ်းရုပ်ရှင်

ဘုရားက သဗ္ဗညုတဉာဏ်ကို ရပြီးနောက် သူ့အဆုံးအမကို လိုက်နာဖို့ပဲ ရဟန်းတွေကို မိန့်ခဲ့ပြီး သံဃာအကြီးအကဲတွေ ဆုံးမစကားကို မလိုက်နာခိုင်းဘူးလို့လည်း သူက စောဒကတက်ပါတယ်။

ဒီမှာ ခေတ်မီတဲ့ ရဟန်းတော်တွေလည်း ဒီလှုပ်ရှားမှုကို ထောက်ခံတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဘိက္ခုနီတွေကို တန်းတူအခွင့်အရေး ပေးရရင် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ကြည်ညိုမှု လျော့ကျလာမှာကို စိုးရိမ်တဲ့ သံဃာတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ အနှစ် (၂ဝ) ကျော်အတွင်း သီရိလင်္ကာမှာ ဗုဒ္ဓဘာသာဝင်တွေကြား ကြည်ညိုလေးစားမှုကို ဘိက္ခုနီတွေ ရယူနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ နှိမ့်ချမှု အစွမ်းတွေကြောင့် ဒီလိုကြည်ညိုလာကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း သူတို့ကို ဒုတိယတန်းစား နိုင်ငံသားတွေလို ဆက်ဆံခံရတာတွေ ရှိနေပါသေးတယ်။

" ကျွန်မတို့မှာ တရားမဝင် ဝင်လာသူတွေ ကျနေတာပဲ" လို့ စူပီဆာလက ဘီဘီစီကို ပြောပါတယ်။ "ဒါဟာ ဟိုရာစုနှစ်တွေတုန်းက ဟိန္ဒူ ဗြဟ္မဏတွေ ထားခဲ့တဲ့ ဖိနှိပ်တဲ့ စိတ်ထားမျိုးနဲ့ တူနေပါတယ်"

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းမှာလည်း အမျိုးသမီး ရဟန်းခံခွင့်မပြုပေမယ့် မဟန့်တားနိုင်

ဆမန်သာဘဒရိကတယောက် နောက်ဆုံးမှာ စာမေးပွဲ ဖြေခွင့်ရခဲ့ပါတယ်။ သီရိလင်္ကာ ပညာရေး ဝန်ကြီးဆီက အထူးအခွင့်အရေးရအောင် သူ့ဘိက္ခုနီဆရာကြီးက မေတ္တာရပ်ခံပြီး တောင်းပေးခဲ့ရတာပါ။

သူ့မှာ အခုထိ မှတ်ပုံတင်ကတ်ပြား မရှိသေးပါဘူး။ ဒါကြောင့် ဘုန်းတော်ကြီးတွေ မဲပေးခွင့် ရတဲ့ သီရိလင်္ကာမှာ သူ ၁၈ နှစ်ပြည့်ရင် မဲပေးခွင့် ရမှာ မဟုတ်ပါဘူး။

ဂိုဏ်းချုပ် ဆရာတော်ကြီးတွေရဲ့ ပြောခွင့်ရ မဓဂမ ဓမ္မနန္ဒ ထေရကတော့ သူတို့ဟာ ဘုရားရဲ့ အဆုံးအမကိုသာ လိုက်နာတာ ဖြစ်ပြီး ဘာမှ လိင်အရ ခွဲခြားတာ မဟုတ်ဘူးလို့ စောဒကတက်ပါတယ်။

သီရိလင်္ကာ အစိုးရဘက်ကတော့ စေ့စပ်တဲ့အနေနဲ့ ဘိက္ခုနီတွေကို ဘဒ္ဒန္တ လို ပုံစံမျိုး လေးစားတဲ့ အခေါ်အဝေါ် သုံးစွဲပေးဖို့ အသင့်ရှိတယ်လို့လည်း ဗုဒ္ဓဘာသာရေးရာ ဌာန မင်းကြီးချုပ် သုနန္ဒာ ကာရီယပ္ပီရူးမားက ဘီဘီစီ ဆင်ဟာလီ ဌာနကို ပြောပါတယ်။

ထိပ်တန်း ဆရာတော်ကြီးတွေဆီက အဆုံးအမတောင်းဖို့ဆိုတာ ဥပဒေအရ မလိုအပ်ဘူးလို့လည်း မစ္စတာ ကာရီယပ္ပီရူးမားက ဝန်ခံပါတယ်။ တချို့ အငြင်းပွားမှုတွေမှာ တရားရုံးအဆုံးအဖြတ်ကို လိုက်ပြီး ထုံးတမ်းစဉ်လာတွေက ဥပဒေ သဘောမျိုးလည်း ဖြစ်သွားတတ်ပါတယ်။

အခုတော့ ဘိက္ခုနီတွေက တရားရုံးကို တိုင်ကြားတာတွေ ရှိနေပြီး သီရိလင်္ကာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ တရားရုံးချုပ်ကိုလည်း တိုင်ကြားစာတွေ တင်ခဲ့ကြပါတယ်။

အမှန်ကတော့ ဗုဒ္ဓဘာသာရေးရာ ဝန်ကြီးဌာနဟာ သီရိလင်္ကာ အခြေခံ ဥပဒေကို ချိုးဖောက်တယ်လို့ ၂ဝ၁၅ ကတည်းက သီရိလင်္ကာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ခုထက်ထိတော့ ဘာအပြောင်းအလဲမှ မရှိသေးပါဘူး။