အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ အေအေ မဟုတ်ဘူးလို့ မိသားစုဝင်တွေက ငြင်း

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင် ကိုအေအေတပ်ဖွဲ့ဝင်လို့ တပ်မတော်က ဖော်ပြတဲ့ အထောက်အထားဓာတ်ပုံ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ က ဒဏ်ရာတွေ နဲ့ သေဆုံးနေတဲ့ မင်းပြားမြို့နယ် ကျောက်မော်ကျေးရွာအုပ်ချုပ်ရေး မှူး ဦးမောင်မဲချေ (ခ) ဦးကျော်အေးမောင် ဟာ ရက္ခိုင့်တပ်တော်အေအေရဲ့ ဗိုလ်အဆင့်ရှိသူတစ်ဦးဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန် မှုအပေါ်မိသားစုဝင် တွေ ကငြင်းဆိုလိုက်ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်မှာ သေဆုံးသူဦးကျော်အေးမောင်ကို ဖမ်းဆီးစစ်ဆေးစဉ် အေအေအဖွဲ့ကပြုလုပ်တဲ့ စစ်ရေးပြအခမ်း အနားတစ်ခုမှာ အေအေခေါင်းဆောင်ရဲ့ ရှေ့ဆောင်ဓါးကိုင်အဖြစ်ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံကို ဦးကျော်အေးမောင်ရဲ့ အင်္ကျီ အိပ်ကပ်ထဲက တွေ့ရှိခဲ့တယ်လို့ ရေးသားထားတာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်အေအေရဲ့ ဗိုလ်အဆင့်ရှိသူ ဦးကျော်အေးမောင်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူး အသွင်ယူပြီးတော့ တပ်မတော်စစ်ကြောင်းတွေနဲ့ ထိတွေ့ဆက်ဆံကာ တစ်ဖက်မှာလည်း တပ်မတော်စစ်ကြောင်းတွေရဲ့ သတင်းတွေကို အေအေအဖွဲ့ကို ပေးပို့နေသူတစ်ဦးဖြစ်တယ်လို့ ရေးသားထားပါတယ်။

မိသားစုဝင်တွေဘက်ကတော့ ဦးကျော်အေးမောင်ဟာ ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်စပ်တာမရှိဘဲ လွန်ခဲ့တဲ့ ငါးနှစ်ခန့်က စတင်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူကာ သူ့ရဲ့တာဝန်တွေကို မှန်မှန်ကန်ကန်လုပ်ကိုင်နေသူတစ်ဦးဖြစ် တယ်လို့ ပြောဆိုပါတယ်။

"သူက အေအေတပ်ဖွဲ့ဝင်လုံးဝမဟုတ်ဘူးဆိုတာကို ပြောနိုင်ပါတယ်။ အုပ်ချုပ်ရေးမှူး လုပ်နေတာ ငါးနှစ်လောက်ရှိပြီ။ ကိုယ့်ရွာမှာ မှန်မှန်ကန်ကန် အုပ်ချုပ်ရေးမှူးလုပ်နေတဲ့လူကို ဘာမှမဟုတ်ဘဲ ဖမ်းသွားပြီး ရက်ရက်စက် စက်သတ်သွားတယ်ဆိုတော့ ဘယ်လိုကျေနပ်နိုင်ပါ့မလဲ။ အားငယ်စရာ၊ ဝမ်းနည်းစရာဖြစ်ရတယ်။ ကျွန်တော်တို့ခံစားရ တယ်။"လို့ ဦးလေးတော်စပ်သူ ဦးကျော်လှဖြူကပြောပါတယ်။

တပ်မေတော်ဘက်က ထုတ်ပြန်တဲ့ဦးကျော်အေးမောင်ကို အေအေလို့ ဖော်ပြတဲ့ အထောက်အထားဓာတ်ပုံ နဲ့ပတ်သက်လို့တော့ မိသားစုဝင်တွေဘက်က တုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။

မင်းပြားမြို့ကကျေးရွာ အုပ်ချုပ်ရေးမှူး ၇၀ ခန့် နုတ်ထွက်စာတင်

Image caption လုံခြုံရေး အာမခံချက်မပေးနိုင်လို့ရှိရင် တာဝန်ကနေ နုတ်ထွက်ခွင့်ပြုဖို့ တောင်း

တပ်မတော်ဘက်က ထုတ်ပြန်ချက်မှာ ဦးကျော်အေးမောင်ဟာ စိတ္တရကျေးရွာအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ဦးညဏ်သိန်းနဲ့အတူ နှစ်ဦးသေဆုံးနေတာကိုတွေ့ခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် မိသားစုတွေဘက်ကတော့ ကျေးရွာအတွင်းပစ်ခတ်မှုဖြစ်စဉ်မှာ စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူး ဦးညဏ်သိန်းနဲ့ ဒေါ်ဖြူဖြူဝင်းဆိုသူ အမျိုးသမီးတို့ သေဆုံးခဲ့ခြင်းဖြစ်ပြီး ဦးကျော်အေးမောင်ဟာ လက်မောင်းကျည်ထိဒဏ်ရာနဲ့ တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးခေါ်ဆောင် ခြင်းကို ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားပြီး အနီးဝန်းကျင်ကျေးရွာသားတွေ ထွက်ပြေးနေကြရတဲ့အတွက် စိတ္တရကျေးရွာမှာ စစ်ဘေးရှောင်တွေကို လက်ခံထားရှိနိုင်ရေးအတွက် ယာယီစစ်ဘေးရှောင်စခန်းတစ်ခု ဖွင့်လှစ်ဖို့ ဦးညဏ်သိန်းက အုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတာဝန်ခံတွေကို ဆွေးနွေးဖို့ ခေါ်ယူထားခဲ့တာဖြစ်တယ်လို့ ဦးကျော်အေးမောင်ရဲ့ ဦးလေးတော်စပ်သူက ပြောပါတယ်။

ဦးကျော်အေးမောင်ဟာ စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူး ဦးညဏ်သိန်းနဲ့အတူ အုပ်ချုပ်ရေးမှူးလုပ်ကိုင်နေသူဖြစ်ပြီး အေအေတပ်ဖွဲ့ဝင်မဟုတ်ကြောင်းနဲ့ ရပ်ရွာအရေးကိစ္စတွေအတွက် အုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာတာဝန်ခံတွေ တစ်လတစ်ကြိမ် ပုံမှန်အစည်းအဝေးလုပ်နေကြတာကိုတွေ့ရပြီး အေအေနဲ့ပတ်သက်လို့ ပြောဆိုတာတွေမရှိဘူးလို့ ဦးညဏ်သိန်းရဲ့ဇနီးသည်က ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့ည စိတ္တရရွာအတွင်း ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ ကျေးရွာသားတွေကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့ ဦးကျော်အေးမောင်မှာ အေအေတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သလို ကျန်တဲ့ဖမ်းဆီးခံ နေရသူ ၇ ဦးကလည်း သူ့ကိုအေအေတပ်ဖွဲ့ဝင်ဖြစ်တယ်လို့ ပြောဆိုကြောင်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဓာတ်ပုံ မူပိုင် KML
Image caption အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း

"အဲ့ဒီ ၇ ယောက်ရဲ့ ထွက်ဆိုချက်တွေတွေ့လိုက်တဲ့အခါမှာ အဲ့ဒီသေသွားတဲ့ မဲချေဆိုတဲ့ ဥစ္စာက အေအေအစစ်။ အေအေထဲမှာ သင်တန်းအမှတ်စဉ် ကျွန်တော်မပြောဘူး။ ဗိုလ်လောင်းသင်တန်းတက်ပြီးတော့မှာ ဆင်းလာတဲ့အကောင်၊ အဲ့ဒီမှာ ကျောက်မော် ကျေးရွာအုပ်ချုပ်ရေးမှူး လာလုပ်နေတာ။"လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဘီဘီစီကို ပြောဆိုထားပါတယ်။

သတ်ဖြတ်ခံရပြီး သေဆုံးနေတဲ့ ဦးကျော်အေးမောင်ရဲ့အလောင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဦးကျော်အေးမောင်ဟာတိုက်ပွဲအတွင်းသေဆုံးခဲ့ရတာမဟုတ်ဘဲလည်လှီးသတ်ဖြတ်ခံလိုက်ရတာဖြစ်သလိုဘယ်ဘက်လက်မောင်းတစ်ဖက်ကိုပါ အဖြတ်ခံထားရတာကိုတွေ့ရတယ်လို့ ဦးကျော်လှဖြူက ပြောပါတယ်။

မင်းပြားမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၁ ရက်က ညအချိန် တိုက်ပွဲ အတွင်းမှာ ရွာအုပ်ချုပ်ရေးမှူးတွေနဲ့ အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ ပြီးနောက် မင်းပြားမြို့နယ်တစ်ခုလုံးမှာရှိတဲ့ ကျေးရွာအုပ်စု ၆၉ အုပ်စုက အုပ်ချု့ပ်ရေးမှူးတွေဟာ တာဝန်ကနုတ်ထွက် ဖို့အတွက် မြို့နယ်ထွေအုပ်နဲ့ နိုင်ငံတော်သမ္မတဆီကို ဒီဇင်ဘာလ ၁၇ ရက်နေ့ က တင်ပြ တောင်းဆိုခဲ့ကြပါတယ်။