ကျောင်းမသွားချင်တဲ့ကလေးတွေ ဂျပန်မှာ များလာတာ ဘာကြောင့်လဲ

အလွတ်ကျောင်းမှာ ကစားနေတဲ့ ကလေးတွေ ဓာတ်ပုံ မူပိုင် Stephane Bureau du Colombier
Image caption အလွတ်ကျောင်းမှာ ကစားနေတဲ့ ကလေးတွေ

ဂျပန်မှာတော့ ကျောင်းတက်ဖို့၊ ကျောင်းသွားဖို့ ငြင်းတဲ့ ကလေးသူငယ်တွေ ပိုတိုးလာနေပါတယ်။ အဲဒီလို ဖြစ်နေတာကို ဂျပန်လိုတော့ ဖူတိုကို လို့ခေါ်ပါတယ်။ ဒီလိုမျိုးဖြစ်တာ များလာတော့ ကလေးတွေ ကျောင်းမသွားချင်တာ ကလေးတွေ အပြစ်ထက် ကျောင်းစနစ်မှာ ချို့ယွင်းချက်တွေ ရှိနေလို့များလားလို့ မေးစရာတွေ ရှိလာပါတယ်။

၁၀ နှစ်သားလေး ယုတအီတိုဟာ သူကျောင်းမသွားချင်တော့တဲ့ အကြောင်းကို နှစ်ပတ်လည် ကျောင်းပိတ်ရက်ရောက်တဲ့အထိ စောင့်ပြီးမှ မိသားစု အပြင်ထွက်လည်တဲ့ တစ်ရက်မှာ သူ့ မိဘတွေကို ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့လတွေမှာတော့ သူ တက်နေတဲ့ မူလတန်းကျောင်းကို လွှတ်ရတာ တော်တော်ခက်နေခဲ့ပါတယ်။ တခါတလေ လုံးဝကို မသွားဘူးလို့ ငြင်းတဲ့အထိပါပဲ။ သူဟာ ကျောင်းမှာ အနိုင်ကျင့်ခံရတယ်၊ နောက်ပြီး အတန်းဖော်တွေနဲ့လည်း တစ်ချိန်လုံး ရန်ဖြစ်နေခဲ့ပါတယ်။

အဲဒီလို ဖြစ်လာတော့ သူ့ မိဘတွေမှာ ရွေးစရာ နည်းလမ်း သုံးခုရှိပါတယ်။ တစ်က ကျောင်းမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာမယ်လို့ မျှော်လင့်ချက်နဲ့ ကျောင်းက နှစ်သိမ့်ဆွေးနွေးတဲ့ အစီအစဉ်ကို တက်ဖို့ ကျောင်းပြန်သွားခိုင်းတာ။

နှစ်က အိမ်မှာပဲ စာသင်ပေးတာပါ။

နောက်ဆုံးတစ်ခုကတော့ အလွတ်ကျောင်းမှာ ပြောင်းထားတာပါ။ အဲဒီ နောက်ဆုံး အစီအစဉ်ကိုပဲ မိဘတွေက ရွေးလိုက်ပါတယ်။

အခုတော့ ယုတ ဟာ သူကျောင်းသွားရမယ့် နေ့ရက်တွေမှာ သူ ကြိုက်တာ သူလုပ်ပြီး နေလို့ ရနေပါပြီ။ သူ ပိုလည်း ပျော်နေပါပြီ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မူလတန်းကျောင်းသားတွေ

ယုတဟာ ဂျပန်က ဖူတိုကို အများကြီးထဲက တစ်ယောက်ပါ။ သူတို့ကို ဂျပန်ပညာရေးဝန်ကြီးဌာနက ကျန်းမာရေးနဲ့ ငွေကြေးကြောင့် မဟုတ်ပဲ ကျောင်းကို ရက်ပေါင်း ၃၀ ထက်မက မသွားပဲ နေတဲ့ ကလေးတွေကို ဖူတိုကိုတွေလို့ သတ်မှတ်ပါတယ်။

အဲဒီ အခေါ်အဝေါ်ကို အင်္ဂလိပ်လို ဘာသာပြန်ရင်တော့ ကျောင်းပျက်တာ၊ ကျောင်းပြေးတာ၊ ကျောင်းကြောက်တာနဲ့ ကျောင်းသွားဖို့ ငြင်းဆန်တာလို့ အဓိပ္ပာယ်ထွက်ပါတယ်။

ကျောင်းမသွားချင်ဘူးဆိုတာနဲ့ ပတ်သက်ပြီး ဂျပန်မှာ သဘောထားတွေကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ပြောင်းလဲလာခဲ့ပါတယ်။ အရင်တုန်းကတော့ ကျောင်းမသွားချင်တာကို တိုကိုကျိုးရှိလို့ခေါ်ပြီး အဲဒီ စကားလုံးက ဆန့်ကျင်တာလို့ အဓိပ္ပာယ်ထွက်ပါတယ်။ အဲဒီလို သဘောထားရှိတာ စိတ်ရောဂါ စိတ်ဝေဒနာတစ်ခုလို့ အဲဒီတုန်းက ယူဆခဲ့ကြပါတယ်။

၁၉၉၇ ခုနှစ်ရောက်တော့မှ အခေါ်အဝေါ်ကို ပိုပြီး ကြားကျတဲ့ ဖူတိုကို လို့ ပြောင်းခေါ်ခဲ့ပါတယ်။ ဒါက ကျောင်းပျက်တာလို့ပဲ အဓိပ္ပာယ် ထွက်ပါတယ်။ အခုနှစ် ၂၀၁၉ အောက်တိုဘာလထဲမှာတော့ မူလတန်းနဲ့ အလယ်တန်းကျောင်းသားတွေကြားမှာ ကျောင်းပျက်တာ စံချိန်တင် တိုးလာနေပါတယ်လို့ အစိုးရက ကြေညာပါတယ်။ ၂၀၁၈ မှာ ရက် ၃၀ ထက်ပိုပြီး ကျောင်းပျက်တဲ့ ကလေးက ၁၆၄,၅၂၈ အထိ ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ၁၄၄,၀၃၁ ပဲ ရှိရာက တိုးလာတာပါ။

ဓာတ်ပုံ မူပိုင် Stephane Bureau du Colombier
Image caption ခွေးလေးတစ်ကောင်ပါ ခေါ်ထားတဲ့ အလွတ်ကျောင်းက ကျောင်းသားတွေ

အလွတ်ကျောင်းတက်တဲ့ လှုပ်ရှားမှုဆိုတာ ဂျပန်မှာ ၁၉၈၀ ကျော်က စခဲ့တာပါ။ အဲဒီအချိန်ကတည်းက ကျောင်းမတက်သူတွေ ရှိနေလို့ ဒီအိုင်ဒီယာကို စခဲ့ကြတာ ဖြစ်ပါတယ်။ အလွတ်ကျောင်းဆိုတာက ကျောင်းသားတွေ လွတ်လွတ်လပ်လပ်နဲ့ သူတို့ တစ်ကိုယ်ချင်း စိတ်ကူးရှိရာ ပျော်ရာကို လုပ်ခွင့်ရသင့်တယ်ဆိုတဲ့ အယူအဆအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။

ဒီကျောင်းတွေကို ပုံမှန်ပညာသင်ကျောင်းတွေအစား တက်ခွင့်ရှိတယ်ဆိုတာကို လက်ခံထားကြပါတယ်။ အိမ်မှာပဲ ပညာသင်ပေးတာနဲ့ အလားသဏ္ဍာန်တူပါတယ်။ ဒါပေမယ့် ကွာတာက အလွတ်ကျောင်းတွေမှာ တက်ကြသူတွေကို အစိုးရက ပညာရေး အဆင့်အတန်း တစ်ခုခု ရောက်တယ်လို့ အသိအမှတ်ပြုပေးတာမျိုးတော့ မရပါဘူး။

အလွတ်ကျောင်းတက်သူကျောင်းသား အရေအတွက်ကလည်း ဒီဘက်နှစ်တွေမှာ အတော်ကြီး တိုးလာပါတယ်။ ၁၉၉၂ က ၇,၄၀၀ ကျော်ပဲ ရှိရာက ၂၀၁၇ မှာ ၂၀,၃၄၆ အထိ ရှိလာပါတယ်။

ကျောင်းက ထွက်လိုက်တယ် ဆိုတာဟာ ကလေးတွေအတွက်တော့ ရေရှည်အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ လူငယ်တွေဟာ သူ့ပတ်ဝန်းကျင်ထဲကို မဝင်ဆန့်တော့ပဲ သူတို့အခန်းတွေထဲမှာပဲ ပိတ်လို့ တစ်ကိုယ်ထဲ နေတာမျိုးတွေ ပိုပြီး ဖြစ်လာတတ်ပါတယ်။ ဒါကို ဂျပန်လိုတော့ ဟီကီမိုရီလို့ ခေါ်ပါတယ်။

ပိုပြီး စိုးရိမ်စရာကောင်းတာကတော့ ကျောင်းသားတွေကြားမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတွေ အများကြီးရှိနေတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ကျောင်းသား ၃၃၂ ယောက်ရှိခဲ့ပါတယ်။ ဒါဟာ အနှစ် ၃၀ အတွင်း အများဆုံးပါ။

၂၀၁၆ မှာတော့ ဒီလို ဖြစ်လာနေတာ ကို စိုးရိမ်တကြီး ရှိလာတဲ့ အစိုးရက ကိုယ့်ကိုယ်ကိုယ် သတ်သေမှု တားဆီးရေး ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီ ဥပဒေမှာ ကျောင်းတွေကို ဘာလုပ်ရမယ်ဆိုတဲ့ အထူးအကြံပြုချက်တွေ ပါဝင်ပါတယ်။

ဓာတ်ပုံ မူပိုင် Stephane Bureau du Colombier
Image caption အလွတ်ကျောင်းမှာ ကိုယ်ပိုင်စည်းမျဉ်း ကိုယ်ဆွဲကြ

ဂျပန်ကလေးတွေ ဘာလို့ ကျောင်း မတက်ချင်ကြတာပါလဲ။

ပညာရေးဝန်ကြီးဌာနရဲ့ လေ့လာချက်အရဆိုရင် ကလေးတွေ ကျောင်းမလာချင်တဲ့ အဓိက အကြောင်းတွေထဲမှာ မိသားစု အိမ်တွင်းရေး ပြဿနာ၊ သူငယ်ချင်းတွေနဲ့ အဆင်မပြေတဲ့ ကိစ္စနဲ့ ကျောင်းမှာ အနိုင်ကျင့်ခံရတာတွေပါဝင်တယ်လို့ ဆိုပါတယ်။

အများအားဖြင့် ကျောင်းကထွက်သူတွေဟာ အတန်းဖော် သူငယ်ချင်းတွေနဲ့ မတည့်တာ၊ တခါတလေ ဆရာတွေနဲ့ မပြေလည်တာမျိုးတွေရှိကြောင်း ပြန်ပြောပြကြပါတယ်။

အဲဒီလို အဖြစ်ကြုံခဲ့ရသူ တစ်ယောက်ကတော့ အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေး တိုမိုအေး မိုရီဟာရှီပါ။

လူတော်တော်များများနဲ့ ပြောဆိုဆက်ဆံရတာ အဆင်မပြေဘူးလို့ သူက ပြောပါတယ်။ ကျောင်းတက်ရတာ တော်တော်လေး ခက်ခဲ ပင်ပန်းတယ်၊ စိတ်ဆင်းရရတယ် တဲ့။

တိုမိုအေးဟာ လူကြားထဲရောက်တိုင်း စိတ်မသက်မသာဖြစ်ရတဲ့ စိတ်ဝေဒနာတစ်မျိုးခံစားနေရသူပါ။

"အိမ်အပြင်ရောက်ရင် ဖြစ်ဖြစ် မိသားစုနဲ့ ဝေးနေတဲ့အခါမျိုး ဖြစ်ဖြစ် စကားမပြောနိုင်တော့ဘူး" လို့ သူက ဆိုပါတယ်။

အစိုးရက ဂျပန်ကျောင်းတွေမှာ ချမှတ်ထားတဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကိုလည်း သူ လိုက်နာဖို့ ခက်ပါတယ်တဲ့။

"အောက်ခံဝတ်ရတဲ့ ခြေအိတ်တွေကလည်း အရောင်မပါရဘူး၊ ဆံပင်ကိုလည်း ဆေးမဆိုးရဘူး၊ ဆံပင်စည်းတဲ့ ကြိုး အရောင်ကိုတောင် သတ်မှတ်ထားတယ်။ အဲဒီ ပလပ်စတစ်ကြိုးကို လက်မှာ ပတ်လို့လည်း မရဘူး"

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကျောင်းဝတ်စုံ ဝတ်ရတဲ့ ကျောင်းက ကျောင်းသူတွေ

ဂျပန်မှာ ကျောင်းတော်တော်များများက ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ဝတ်ပုံ စားပုံတွေကို ထိန်းချုပ်ထားပါတယ်။ ဆံပင်အညိုရှိတဲ့ ကလေးတွေ အနက်ရောင်ဆိုးရတယ်၊ အေးတဲ့ ရာသီမှာတောင် ကလေးတွေ အောက်ခံ အသားကပ်ခြေအိပ်တို့ ကုတ်အင်္ကျီတို့ ဝတ်တာကို ခွင့်မပြုတာလည်း ရှိပါတယ်။ တချို့ ကျောင်းတွေမှာဆို ကလေးတွေ အောက်ခံဘောင်းဘီ ဘာအရောင်ပဲ ဝတ်ရမယ်ဆိုပြီး ပြဋ္ဌာန်းတာမျိုးတောင် လုပ်တတ်တာလည်း ရှိပါတယ်။

၁၉၇၀ နဲ့ ၈၀ ကာလတွေမှာ ကျောင်းတွေမှာ အဖြစ်များတဲ့ အကြမ်းဖက်မှုတွေ၊ အနိုင်ကျင့်မှုတွေကို တားဆီးဖို့ ဒီလို တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ပြဋ္ဌာန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ၁၉၉၀ ပြည့်လွန်ကာလတွေမှာ ဒီစည်းမျဉ်းတချို့ ကို ဖြေလျှော့ပေးလာခဲ့ပေမယ့် သိပ်မကြာခင်ကစလို့ ပြန် တင်းကျပ်လာခဲ့ပြန်ပါတယ်။

အဲဒီစည်းမျဉ်းတွေကို အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်တဲ့ ကုမ္ပဏီတွေမှာ ကျင့်သုံးတဲ့ စည်းမျဉ်းတွေကို ခေါ်တဲ့အတိုင်း "အနက်ရောင်ကျောင်းစည်းကမ်းတွေ" လို့ ခေါ်တတ်ပါတယ်။

အခုတော့ တိုမိုအေးလည်း ယုတလိုပဲ တိုကျိုက အလွတ်ကျောင်းတစ်ခုမှာ တက်နေပါပြီ။

အဲဒီကျောင်းမှာက ကျောင်းဝတ်စုံ ၀တ်စရာမလိုသလို ကျောင်းသား၊ ကျောင်းနဲ့ မိဘတွေ သဘောတူရွေးချယ်ထားတဲ့ အစီအစဉ်အတိုင်း ကျောင်းသားက သူ လုပ်ချင်တာလေးတွေ ရွေးပြီး လုပ်နိုင်ပါတယ်။

ကျောင်းသားတွေကိုလည်း သူတို့ရဲ့ တစ်ဦးချင်း အရည်အသွေး၊ ကျွမ်းကျင်မှုနဲ့ စိတ်ဝင်စားရာကို လိုက်လို့ လုပ်ချင်တာ လုပ်ခွင့်ပေးထားသလို လုပ်ဖို့လည်း ကျောင်းက တိုက်တွန်းအားပေးပါတယ်။

ကျောင်းမှာ ဂျပန်စာနဲ့ သင်္ချာသင်ဖို့ ကွန်ပျူတာတွေထားတဲ့ အခန်းရှိသလို စာအုပ်တွေနဲ့ ဂျပန် ကာတွန်း မန်ဂါတွေထားပေးထားတဲ့ စာကြည့်တိုက်လည်း ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Stephane Bureau du Colombier
Image caption အလွတ်ကျောင်းမှာ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာ ကိုယ့်ဘာသာ ရွေးခွင့်ရှိ

ကျောင်းခန်းထဲမှာ မြင်ရတွေ့ရတာတွေကတော့ မိသားစုကြီးတစ်စု စုဝေးနေသလိုပါပဲ၊ ကျောင်းစာသင်ခန်း တစ်ခုထက် စုဝေးပြီး လှုပ်ရှားမှုတွေ၊ ဝိုင်းဖွဲ့ လုပ်ဆောင်မှုတွေ လုပ်နေကြသလိုမျိုးတွေ့ရပါတယ်။ အနားယူခန်းလို နေရာတွေမှာ ကျောင်းသားတွေ စုပြီး ကစားတာ စကားပြောတာတွေလည်း တွေ့ရပါတယ်။

"ဒီကျောင်းရဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေရဲ့ လူမှုရေး ဆက်သွယ်ပြောကြားနိုင်မှု စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ပါပဲ" လို့ ကျောင်းအုပ် တာကာရှီယိုရှီကာဝါက ပြောပါတယ်။

လေ့ကျင့်ခန်းလုပ်တာပဲ ဖြစ်ဖြစ်၊ ကစားတာ၊ စာကြည့်တာပဲ ဖြစ်ဖြစ် ကလေးတွေဟာ လူအုပ်စုကြီးထဲ ရောက်သွားတဲ့အခါ ကြောက်ရွံ့ထိတ်လန့်တာမျိုး မဖြစ်စေဖို့ အဓိက ဦးစားပေးတယ်လို့ ဆိုပါတယ်။

အဲဒီကျောင်းက သိပ်မကြာသေးခင်တုန်းက ပိုကျယ်တဲ့နေရာတစ်ခုကို ရွှေ့သွားခဲ့ပြီး နေ့စဉ် ပုံမှန် ကျောင်းလာတဲ့ကလေးက ၁၀ ယောက်လောက်ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Stephane Bureau du Colombier
Image caption တာမာဂါဝါ အလွတ်ကျောင်းကို တစ်နေ့ကို ကလေး ၁၀ ယောက်လောက် လာပါတယ်

မစ္စတာယိုရှီကာဝါက သူ့ရဲ့ ပထမဆုံး အလွတ်ကျောင်းကို ၂၀၁၀ ခုနှစ်မှာ တိုကျိုမြို့က ဖူချူရပ်ကွက်မှာရှိတဲ့ သုံးထပ်အဆောက်အအုံမှာ ဖွင့်ခဲ့ပါတယ်။

"ကျွန်တော်က အသက် ၁၅ နှစ်ကျော်ကလေးတွေ လာတက်ကြမယ်ထင်ထားတာ၊ တကယ်တော့ လာတဲ့ ကလေးတွေက ၇ နှစ် ၈ နှစ်အရွယ်တွေ ဖြစ်နေကြတယ်" လို့ သူက ပြောပါတယ်။

"အများစုက လူကြားထဲ မနေတတ်တဲ့ စိတ်အနေအထားတွေရှိနေကြပြီးတော့ ကျောင်းမှာ သူတို့ ဘာမှ မလုပ်ကြဘူး"

ကလေးအများစု ကျောင်းမတက်ချင်ဘူး ငြင်းကြတဲ့ အဓိက အကြောင်းရင်းက သူတို့နဲ့ ဆက်သွယ်ပြောကြားမှုတွေမှာ ပြဿနာရှိနေလို့ ဖြစ်တယ်လို့ မစ္စတာယိုရှီကာဝါက ယုံကြည်ပါတယ်။

ဓာတ်ပုံ မူပိုင် Stephane Bureau du Colombier
Image caption မစ္စတာယိုရှီကာဝါ

သူကိုယ်တိုင်ရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ခရီးလမ်းကလည်း ထူးခြားပါတယ်။ သူဟာ အသက် ၄၀ ကျော်မှာပဲ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေရာက ထွက်လိုက်ပါတယ်။ ပုံမှန်လစာရနေတာ၊ ရာထူးအဆင့်ဆင့်တိုးတက်လာဖို့ ဆိုတာတွေကို သူ စိတ်မဝင်စားတော့ပါဘူး။

သူ့ ဖခင်က ဆရာဝန်တစ်ယောက်ပါ၊ သူကလည်း အဖေလိုပဲ လူထုကို အကျိုးပြုချင်စိတ်ရှိနေတော့ လူမှုဝန်ထမ်းတစ်ယောက်ဘဝကို ခံယူလိုက်ပြီး ကလေးတစ်ယောက်ရဲ့ မွေးစားဖခင်လည်း ဖြစ်လာခဲ့ပါတယ်။

အဲဒီဘဝကနေ သူဟာ ကလေးငယ်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ပိုပြီး သိရှိ သတိပြုမိ လာပါတယ်။ ဆင်းရဲနွမ်းပါးတာရယ်၊ အိမ်တွင်းရေးပြဿနာတွေ၊ ကိုယ့်အိမ်မှာ ဖိနှိပ်မှု ခံနေရတာတွေရယ်က ကလေးတွေ ကျောင်းမပျော်၊ စာမလိုက်နိုင်ဖြစ်ကြတယ်ဆိုတာကို သူ သဘောပေါက် နားလည်လာပါတယ်။

ကလေးတွေအတွက် နောက်ထပ် အခက်အခဲတစ်ခုက အတန်းထဲမှာ ကျောင်းသားဦးရေသိပ်များနေတာပါပဲလို့ နာဂိုယာတက္ကသိုလ်က ပညာရေးကျွမ်းကျင်သူ ပါမောက္ခရီယို အူချီဒါက ယူဆပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အီချီဟာရ ကျောင်းက ကျောင်းသားတွေ ရဂ်ဘီလေ့ကျင့်တာ ကြည့်နေကြ

အတန်းထဲမှာ ကျောင်းသား အယောက် ၄၀ လောက်ရှိပြီး သူတို့ တစ်နှစ်တာပတ်လုံး အတူနေကြရတဲ့အခါ ဖြစ်လာနိုင်တာတွေက အများကြီးပါပဲ လို့သူက ပြောပါတယ်။

ဂျပန်မှာ လူဦးရေသိပ်သည်းမှုက အရမ်းကြီးတော့ အချင်းချင်း ရဲဘော်ရဲဘက်စိတ်နဲ့ အတူနေတတ်ဖို့က ဘဝမှာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သိပ်အရေးကြီးတယ်လို့ ပါမောက္ခအူချီဒါက ဆိုပါတယ်။

တခြားလူတွေနဲ့ အဆင်မပြေ၊ အတူတူပူးပေါင်း မလုပ်တတ်ရင် ရပ်တည်ဖို့ မလွယ်ဘူးလို့ သူက ဆိုချင်တာပါ။ ဒီအချက်ဟာ ကျောင်းတွေမှာတင်မဟုတ်ပါဘူး၊ လူအများစုဝေးသွားလာရတဲ့ နေရာတွေ၊ ယာဉ် ရထားတွေမှာလည်း အရေးကြီးပါတယ်။ ဂျပန်မှာ နေရာတိုင်းလိုလိုက လူတွေ ကြပ်ညပ်ပြွတ်သိပ်နေတတ်တာမျိုးမို့ပါ။

ဒါပေမယ့် ကျောင်းသားကလေးငယ်တချို့အတွက်တော့ ဒီလို လူအများကြား လိုက်လျောညီထွေလိုက်ပြီး နေရဖို့က ပြဿနာရှိနေပါတယ်။ ကြပ်ညပ်နေတဲ့ စာသင်ခန်းတစ်ခုထဲက နေရာ ကျဉ်းကျဉ်းလေးတစ်ခုထဲမှာ အတန်းဖော်တွေနဲ့ အားလုံး အတူတူ လိုက်လုပ်နေရတာကို သူတို့ မပျော်ကြပါဘူး။

ပါမောက္ခ အူချီဒါကတော့ အဲဒီလို အခြေအနေမှာ စိတ်မသက်မသာဖြစ်တတ်ကြတာ ပုံမှန်စိတ်အခြေအနေပါပဲလို့ ဆိုပါတယ်။

အဲဒီလို ဖြစ်လာပြီဆိုရင်တော့ အလွတ်ကျောင်းတွေမှာ ရနိုင်တဲ့ ပံ့ပိုးမှုမျိုးက သူတို့အတွက် အဓိပ္ပါယ်ရှိပါတယ် လို့ ပါမောက္ခအူချီဒါက ပြောပါတယ်။ "အလွတ်ကျောင်းတွေမှာက အုပ်စုလိုက်လုပ်ရတာကို သိပ်အလေးမပေးဘူး၊ တစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ အတွေးတွေ၊ ခံစားမှုတွေကို တန်ဖိုးထား စဉ်းစားပေးတတ်ကြတယ်"

ဓာတ်ပုံ မူပိုင် Stephane Bureau du Colombier
Image caption တာမာဂါဝါ အလွတ်ကျောင်းက ကလေးတွေ

အလွတ်ကျောင်းတွေက ကလေးတွေအတွက် အစားထိုးစရာ ဖြစ်လာနေပေမယ့် ဂျပန်ရဲ့ ပညာရေးစနစ်ကိုယ်တိုင်ကလည်း ပြဿနာဖြစ်နေပါသေးတယ်။ ပါမောက္ခအူချီဒါကဆို ကလေးတွေရဲ့ မတူကွဲပြားမှုတွေကို အလေးထားဖွံ့ဖြိုးအောင် လုပ်မပေးတာဟာ သူတို့ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲလို့ ယူဆထားသူပါ။ သူနဲ့ သဘောတူသူတွေလည်း အများကြီး ရှိပါတယ်။

ဂျပန်ရဲ့ တင်းကျပ်တဲ့ ကျောင်းစည်းကမ်းတွေကျောင်းတွင်း အနေအထားတွေကို ဝေဖန်သူတွေကလည်း နိုင်ငံ အနှံ့မှာ တိုးလာနေပါတယ်။ သိပ်မကြာသေးခင်က တိုကျိုရှင်ဘွန်းသတင်းစာထဲက ဆောင်းပါးတစ်ပုဒ်ကလည်း ဂျပန်ရဲ့ ပညာရေးစနစ်ဟာ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးကို ချိုးဖောက်ပြီး ကလေးတွေရဲ့ သဘာဝအလျှောက် မတူကွဲပြားမှုတွေကို ပိတ်ပင်တားဆီးနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

၂၀၁၉ သြဂုတ်လထဲမှာပဲ အနက်ရောင်ကျောင်းစည်းမျဉ်းတွေကို ဖျက်သိမ်းကြဆိုတဲ့ လှုပ်ရှားမှုတစ်ခုပေါ်လာပြီး မဆီလျော်တဲ့ စည်းကမ်းတွေကို ဖျက်သိမ်းပေးဖို့ အွန်လိုင်းကနေ လူပေါင်း ခြောက်သောင်းကျော်လက်မှတ်ထိုးလို့ ပညာရေးဝန်ကြီးဌာနကို တင်ပြခဲ့ပါတယ်။ အိုဆာကာခရိုင်မှာဆို အထက်တန်းကျောင်းအားလုံးမှာ အဲဒီစည်းမျဉ်းတွေကို ပြန်သုံးသပ်ဖို့ ခရိုင်အစိုးရက အမိန့်ထုတ်ခဲ့ပြီး ကျောင်း ၄၀ ရာခိုင်နှုန်းလောက်က စည်းမျဉ်းတွေကို ပြင်ဆင်ခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနဟာ အခုတော့ ကလေးတွေကျောင်းမတက် ကျောင်းပျက်နေတာဟာ တစ်ယောက် နှစ်ယောက် ဟိုနား ဒီနားမှာပဲ ဖြစ်နေတာမျိုး မဟုတ်ပဲ တော်တော်များများဖြစ်လာနေတဲ့ လမ်းကြောင်းတစ်ခုဆိုတာကို အသိအမှတ်ပြုလက်ခံလာပါပြီလို့ ပါမောက္ခအူချီဒါက ဆိုပါတယ်။

ဒါကြောင့် ကျောင်းမလာချင်တဲ့ ဖူတိုးကိုး ကလေးတွေဟာ ပြဿနာတွေမဟုတ်ပဲ သူတို့ဟာ ကလေးတွေကို ကျောင်းပျော်အောင် မလုပ်ပေးနိုင်တဲ့ ပညာရေးစနစ်ရဲ့ ပျက်ကွက်မှုတွေကို သူတို့နည်း သူတို့ဟန်နဲ့ တုံ့ပြန်သူတွေသာ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဝန်ခံလိုက်သလိုပါပဲလို့ မစ္စတာအူချီဒါကတော့ မှတ်ယူနေပါတယ်။

ဆက်စပ် အကြောင်းအရာများ