မက္ကဆီကိုက ဘိုလီးဗီးယားကို တရားစွဲမယ်၊ အစ္စရေးဝန်ကြီးချုပ် စိမ်ခေါ်ခံရတဲ့ ခေါင်းဆောင်ရွေးပွဲ

ဘိုလီးဗီးယားကို နိုင်ငံတကာ တရားရုံးတိုင်မယ့် မက္ကဆီကို

ဓာတ်ပုံ မူပိုင် Sashenka Gutierrez
Image caption ခြိမ်းခြောက်တဲ့ အတွက် တရားရုံးတင်မှာလို့ဆို

ဘိုလီးဗီးယားဟာ မက္ကဆီကို သံတမန်တွေကို ခြိမ်းခြောက်တယ်ဆိုပြီး ဘိုလီးဗီးယားကို နိုင်ငံတကာ တရားရုံး အိုင်စီဂျေမှာ အမှုဖွင့်တိုင်ကြားသွားမယ်လို့ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ဒါပေမယ့် သံတမန်တွေကို ပြန်ခေါ်ဖို့တော့ လုပ်မှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး မာစယ်လို အယ်ဘရတ်က ပြောပါတယ်။

ဘိုလီးဗီးယားမှာ မက္ကဆီကိုနိုင်ငံသား သောင်းချီရှိတယ်။ သူတို့အတွက် ကူညီပေးရမှာတွေရှိတယ်၊ ဒါကြောင့် သံရုံးဝန်ထမ်းတွ ရုပ်သိမ်းဖို့တော့ မရှိပါဘူးလို့ သူကဆိုပါတယ်။

ဘိုလီးဗီးယားနိုင်ငံခြားရေးဝန်ကြီးကတော့ မက္ကဆီကို ရဲ့ လုပ်ဆောင်မှုဟာ အမှားတစ်ခုပဲလို့ ပြောလိုက်ပြီး အဲဒီလို လုပ်ရင် မက္ကဆီကိုရဲ့ ဂုဏ်သိက္ခာအတွက်လည်း ကောင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မက္ကဆီကို သံရုံးထဲမှာ ဝင်ရောက်ခိုလှုံနေတဲ့ ဘိုလီးဗီးယား သမ္မတဟောင်း အီဗာမိုရာလက်စ်ရဲ့ အစိုးရအဖွဲ့ထဲက အရာရှိ ၉ ဦးကို ခိုလှုံခွင့်မပေးဖို့ ဘိုလီးဗီးယားက တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒီလူတွေဟာ ပြစ်မှု ကျူးလွန်ထားသူတွေ ဖြစ်လို့ နိုင်ငံတွင်းက ထွက်ခွင့်မပေးနိုင်ဘူးလို့ ဘိုလီးဗီးယားက ပြောထားပါတယ်။

လီကွတ်ပါတီ ခေါင်းဆောင်နေရာအတွက် စိမ်ခေါ်ခံနေရတဲ့ ဝန်ကြီးချုပ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ပါတီခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်နေရသူ

အစ္စရေးမှာ အာဏာရ လီကွတ်ပါတီရဲ့ ခေါင်းဆောင်နေရာအတွက် ဝန်ကြီးချုပ် ဘင်ဂျမင်နက်တာညာဟုနဲ့ သူ့ပြိုင်ဖက် ဂီဒီယွန်ဆားတို့ နှစ်ယောက်ယှဉ်ပြိုင်အရွေးခံနေတာ ပါတီဝင်တွေရဲ့ မဲပေးမှုကတော့ ပြီးသွားပါပြီ။ နှစ်ယောက်စလုံးကတော့ သူတို့ကို ထောက်ခံပါလို့ ပါတီဝင်တွေကို နောက်ဆုံးအချိန်အထိ ပန်ကြားနေခဲ့ပါတယ်။ မဲရလဒ်အဖြေကိုတော့ ဒီကနေ့ သောကြာနေ့ မှာ ထုတ်ပြန်ဖို့ ရှိပါတယ်။ မဲပေးသူအရေအတွက်ကတော့ သိပ်မများခဲ့ပါဘူး၊ တစ်ကြောင်းကတော့ မိုးရွာ လေထန်ပြီး ရာသီဥတုဆိုးနေခဲ့လို့ ဖြစ်တယ်လို့ သိရပါတယ်။ လာဘ်စားမှု စွဲချက်တွေနဲ့ မကြာခင်က ရင်ဆိုင်ခဲ့ရပေမယ့် ဒီတစ်ကြိမ်လည်း မစ္စတာနက်တာညာဟု အနိုင်ရမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ကပ်ပြီး အနိုင်ရခဲ့ရင်တော့ သူ့ သြဇာ ပါတီတွေင်းမှာ အားနည်းသွားနိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

ခရစ်ယာန်တွေကို တောင်းပန်ခဲ့တဲ့ ဆူဒန်

ဓာတ်ပုံ မူပိုင် MARWAN ALI
Image caption ဆူဒန်မှာ ခရစ်ယာန်ဘာသာဝင်တွေဟာ လူနည်းစု ဖြစ်

ဆူဒန်နိုင်ငံမှာတော့ အစိုးရက သမ္မတဟောင်း အိုမာအယ်လ်ဘာရှား လက်ထက်မှာ ဖိနှိပ်မှုတွေ နှစ်ပေါင်းများစွာ ခံခဲ့ရတဲ့ ခရစ်ယာန်တွေကို တောင်းပန်လိုက်ပါတယ်။ သာသနာရေးဝန်ကြီး Nasredin Mofreh က ခရစ်ယာန်တွေဟာ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရတယ်၊ သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ သိမ်းဆည်းခံခဲ့ရတယ်၊ ဘုရားကျောင်းတွေ ဖျက်စီးခံခဲ့ရတယ်လို့ ဆိုပြီး တောင်းပန်စကားပြောခဲ့တာပါ။

ဒီနှစ်မှာပဲ ခရစ္စမတ်ကို တရားဝင်ရုံးပိတ်ရက်အဖြစ် ပြန် သတ်မှတ်ပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က ခရစ်ယာန်အများစု နေထိုင်ရာ တောင်ဆူဒန်က လွတ်လပ်ရေးယူပြီး သီးခြားနိုင်ငံထူထောင်ခဲ့ချိန်က စလို့ သမ္မတအယ်ဘာရှားက ခရစ္စမတ်ကို ပိတ်ရက်အဖြစ် မပေးတော့ပဲ ဘုရားကျောင်းအသစ်တွေ ဆောက်လုပ်မှုကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ သမ္မတအယ်လ်ဘာရှား ဒီနှစ်အေစာပိုင်းမှာပဲ လူထု အုံကြွမှုနဲ ဖြုတ်ချခံလိုက်ရပါတယ်။

ဝီကီပိတ်တာ ဥပဒေနဲ့ မညီဘူးလို့ တူရကီတရားရုံး ဆုံးဖြတ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဝီကီပီဒီးယားမှာ ဖော်ပြခဲ့တာကို တူရကီအစိုးရက ကန့်ကွက်

ဝီကီပီးဒီးယားလို့ ခေါ်တဲ့ အချက်အလက်မျှဝေပေးနေတဲ့ ဝက်ဆိုက်ကို တူရကီအစိုးရက သူ့နိုင်ငံထဲမှာ ပိတ်ပင်ထားတာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ တူရကီရဲ့ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

ဝီကီပီးဒီးယားဝက်ဆိုက်ကို တာဝန်ယူထိန်းသိမ်းတင်ဆက်နေတဲ့ ဝီကီမီဒီယာဖောင်ဒေးရှင်းက ဒီဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါတယ်။ ဗဟုသုတနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေရဲ့ စွမ်းအားကို ယုံကြည်သူတွေအားလုံးအတွက် နေ့ကောင်းတစ်ခုပဲလို့လည်း ဆိုလိုက်ပါတယ်။ အခုလို တားမြစ်ထားတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖောက်ဖျက်တာပဲလို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဝီကီပီးဒီးယားမှာ ဖော်ပြချက်တွေက တူရကီဟာ ဆီးရီးယားမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းနေတယ်လို့ ဆိုလိုရာ ရောက်တယ်ဆိုပြီး အစိုးရက ဒီ ဝက်ဆိုက်ကို ၂၀၁၇ မှာ ပိတ်ပင်ခဲ့ပါတယ်။ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့ မီဒီယာလွတ်လပ်မှု ညွှန်းကိန်းမှာ တူရကီဟာ နိုင်ငံ ၁၈၀မှာ အဆင့် ၁၅၇ မှာ ရှိခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ