တောဝက်အသင်းကို ကယ်ခဲ့တဲ့ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင် သွေးအဆိပ်သင့် သေဆုံး

ကယ်ဆယ်ရေးလုပ်နေတဲ့ ရေတပ်တပ်ဖွဲ့ ဓာတ်ပုံ မူပိုင် EPA
Image caption ကယ်ဆယ်ရေးလုပ်နေတဲ့ ရေတပ်တပ်ဖွဲ့

ထိုင်းက ရေတွေ ဝင်နေတဲ့ ထမ့်လွန်ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ တောဝက် ဘောလုံးအသင်းက ကလေး ၁၂ ယောက်နဲ့ သူတို့နည်းပြတို့ကို ကယ်ခဲ့တဲ့ အဖွဲ့မှာ ပါခဲ့သူ တစ်ဦး ကယ်ဆယ်ရေး လုပ်စဉ်က ဘက်တီးရီးယားပိုး ကူးစက်ခံခဲ့ရမှုနဲ့ သေဆုံးသွားတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းရေတပ် အထူးတပ်ဖွဲ့က တပ်ကြပ်ကြီး ဘေရွတ် ပတ်ဘာရာဟာ ဂူထဲမှာ ကယ်ဆယ်ရေးလုပ်ဆောင်စဉ်က ဘက်တီးရီးယားပိုး ကူးစက်ခံခဲ့ရပြီး သွေးအဆိပ်သင့်ခဲ့တာပါ။

သူ့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေပေမဲ့ အခြေအနေပိုဆိုးလာခဲ့ပြီး သောကြာနေ့က သေဆုံးသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကယ်ဆယ်ရေးအတွက် ဂူထဲက ရေစုပ်ထုတ်ဖို့ ပြင်ဆင်နေစဉ်

ကယ်ဆယ်ရေးအဖွဲ့ထဲက ဆာမန် ဂူနန်လည်း ကယ်ဆယ်ရေးဆောင်ရွက်ရင်း သေဆုံးခဲ့ပါတယ်။

ဆာမန်ဟာ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း ဖြစ်ပါတယ်။ သူက ဂူထဲကို အောက်ဆီဂျင်အိုးတွေ သွားပို့ပြီး ဂူထဲက ပြန်အထွက်မှာ အောက်ဆီဂျင် ပြတ်တောက် မေ့မြောသွားခဲ့ရာက သေဆုံးခဲ့တာပါ။ နောက်ပိုင်းမှာ သူ့ရုပ်တုကို ဂူဝင်ဝ အနီးမှာ ထားခဲ့ပါတယ်။

ဘေရွတ်ကို သောကြာနေ့က သူ့ဇာတိမှာ အစ္စလာမ်ဓလေ့ထုံးတမ်းအတိုင်း မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကယ်ဆယ်ရေးပြီးလို့ ဂူထဲက စက်ပစ္စည်းတွေ ပြန်ထုတ်

အသက် ၁၁ နှစ်ကနေ ၁၆ ကြား ကလေးတွေနဲ့ အသက် ၂၅ နှစ်အရွယ် သူတို့ နည်းပြဟာ ထမ့်လွန် ဂူထဲဝင်သွားတုန်းမှာ မိုးသည်းသည်းမည်းမည်းရွာပြီး ဂူထဲကို ရေတွေဝင်လာလို့ ပြန်ထွက်မလာနိုင်ဘဲ ပိတ်မိနေခဲ့မှု ၂၀၁၈ ဇွန်လ ၂၃ ရက်မှာ ဖြစ်ခဲ့တာပါ။

နိုင်ငံတကာက ကူညီသူတွေပါပါတဲ့ ရေငုပ်သမား ၉၀ ကျော်ပါတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ခဲ့ပြီး၁၇ ရက် အကြာမှာတော့ သူတို့အားလုံး ပြန်လွတ်မြောက်လာခဲ့ပါတယ်။

အဲဒီ ထမ့်လွန်ဂူဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင်မှာ ရှိပါတယ်။ သူတို့ပိတ်မိခဲ့ပြီးနောက် ဂူကို ပိတ်ထားခဲ့ပြီး အခုနှစ် နိုဝင်ဘာလကျမှ ဂူကို ခရီးသွားတွေအတွက် ပြန်ဖွင့်ခဲ့ပါတယ်။

ဂူပြန်ဖွင့်တဲ့ အခမ်းအနားကို သံဃာတွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့ ထမ့်လွန်ဂူ ဥယျာဉ် စောင့်ရှောက်သူတွေ တက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA/CHIANG RAI PROVINCIAL PUBLIC RELATIONS OFFICE
Image caption ၂၀၁၉ နိုဝင်ဘာမှာ ဂူကို ပထမဆုံး ပြန်ဖွင့်စဉ် လာရောက်တဲ့ ခရီးသွားတွေ