အီရန်နိုင်ငံကဗြိတိန်သံအမတ်ကိုဖမ်းဆီးခဲ့တာကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရပ် ကပြစ်တင်ရှုတ်ချ

တီဟီရန် ဆန္ဒပြပွဲ ဓာတ်ပုံ မူပိုင် EPA
Image caption တီဟီရန် ဆန္ဒပြပွဲ

အီရန်နိုင်ငံကဗြိတိန်သံအမတ်ကိုဖမ်းဆီးလိုက်တာဟာ နိုင်ငံတကာဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်ဆိုပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရပ် ကပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ယူကရီန်းခရီးသည် တင်လေယာဉ်တစ်စင်းပစ်ချခံခဲ့ရပြီး သေဆုံးသွားသူတွေအတွက်ဝတ်ပြုဆုတောင်းပွဲ တက်ခဲ့တဲ့ ဗြိတိန်သံအမတ် ရော့ဘ်မက်ကယ်ကို အီရန်က ဖမ်းဆီးထိန်းသိမ်းခဲ့ တာပါ။

ခရီးသည် ၁၇၆ ဦး လိုက်ပါလာတဲ့ ယူကရိန်း ခရီးသည်တင် လေယာဉ်ကို မှားယွင်းပစ်ချမိတယ်လို့ အီရန်က ဇန်နဝါရီလ ၁၁ ရက်နေ့က ဝန်ခံခဲ့ပါတယ်။

ဒီလေယာဉ် ပစ်ချခံရမှုမှာ လေယာဉ်ပေါ်လိုက်ပါလာသူ အားလုံး သေဆုံးခဲ့ပါတယ်။

လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးတဲ့အခါမှာ လူသားအမှားကြောင့် ဒုံးကျည်ပစ်လွှတ်မိတယ်ဆိုတာကို တွေ့ရတယ်လို့ အီရန် သမ္မတ ဟာဆန် ရိုဟာနီက ပြောပါတယ်။

ယူကရိန်းလေယာဉ်ကို မှားပစ်မိတယ်လို့ အီရန်ဝန်ခံ၊ တရားမျှတရေး တောင်းဆိုဆန္ဒပြမှုဖြစ်

ဓာတ်ပုံ မူပိုင် gov.uk

လေယဉ်ပစ်ချခံရမှုကြောင့်သေဆုံးသူတွေ အတွက်က်ဝတ်ပြုဆုတောင်းပွဲကနေ ဆန္ဒပြပွဲ အဖြစ်ပြောင်းလဲ သွားတဲ့ အချိန်မှာ ဗြိတိန်သံအမတ် ဟာ အခမ်းအနားကနေ ထွက်ခွာသွားခဲ့ပေမယ့် ဆန္ဒပြပွဲဖြစ်အောင် သူလုပ်ခဲ့တယ်လို့လည်းစွပ်စွဲပါတယ်။

သံအမတ်က တော့ အခုလိုပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့တွစ်တာအကောင့် ကနေငြင်းဆိုခဲ့ပါတယ်။

သေဆုံးခဲ့သူတွေထဲ မှာ ဗြိတိန် နိုင်ငံသားအချို့ ပါဝင်နေခဲ့တာကြောင့် သူ့တို့အတွက် ဆုတောင်းပေးဖို့ ဝတ်ပြုဆုတောင်းပွဲကို သမားရိုးကျ အတိုင်းတက်ခဲ့တာဖြစ်တယ်လို့လည်း သံအမတ်က တွစ်တာမှာ ရေးခဲ့ပါတယ်။

" သံတမန်တွေကိုဖမ်းဆီးတာဟာနိုင်ငံတိုင်းမှာ တရားမဝင်တဲ့ လုပ်ရပ်ဖြစ်တယ် "လို့ သံအမတ်ကပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ထုတ်ပြန်ချက်မှာတီဟီရန်မှာဗြိတိန်သံအမတ်ကြီးကိုအကြောင်းပြချက်မရှိဘဲဖမ်းဆီးတာဟာနိုင်ငံတကာဥပဒေကိုချိုးဖောက်တာပဲလို့ဖော်ပြပါတယ်။

အီရန်အစိုးရဟာနိုင်ငံရေးနှင့်စီးပွားရေးအရအထီးကျန်မှုအားလုံးနဲ့ အတူအားလုံးရဲ့ အပယ်ခံအဆင့်ကိုရောက်နိုင်သလို နိုင်ငံတကာနဲ့ ရင်ဆိုင်နေ ရတဲ့ တင်းမာမှုတွေ လျှော့ချဖို့အတွက် သံတမန် လမ်းကြောင်းကနေစေ့စပ်ရေးလမ်းကြောင်းကို လှမ်းနိုင်တဲ့ လမ်းဆုံလမ်းခွ မှာရောက်နေတယ် လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

သံအမတ်ကြီးဟာ သံရုံးကနေအိမ်ကို ပြန်အလာ ဆံပင်ညှပ်ဆိုင်ကို အဝင်မှာ သုံးနာရီအကြာ ခေတ္တဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အီရန်မီဒီယာတွေကတော့က မစ္စတာမက်ကယ်ကို အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေကိုလှုံ့ဆော်ခဲ့တယ်လိုံ ဟုစွပ်စွဲခဲ့ပါတယ်။ ၂၀၁၁ခုနှစ် နိုဝင်ဘာတုန်းကလည်း အီရန်အစိုးရက ဗြိတိန် သံအမတ်ကို နိုင်ငံထဲကနေ ပြန်ထွက်သွားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

တရားမျှတရေး တောင်းဆိုဆန္ဒပြမှု အီရန်မှာ ပြုလုပ်ခဲ့တာကို ဆိုရှယ်မီဒီယာက ဗီဒီယိုမှာ တွေ့မြင်ရပြီး အဲဒီထဲက တချို့က အီရန်ခေါင်းဆောင် အလီခါမေနီ နုတ်ထွက်ပေးဖို့ တောင်းဆိုကြပါတယ်။

ဆက်စပ် အကြောင်းအရာများ