ဇန်နဝါရီ ၁၃ ရက်မနက် ထိပ်တန်းကမ္ဘာ့သတင်းများ

ယူကရိန်းလေယာဉ်ကို ပစ်ချခဲ့တဲ့အပေါ် အီရန်မှာ ခေါင်းဆောင်တွေကို ဆန္ဒပြ

ဓာတ်ပုံ မူပိုင် NurPhoto
Image caption ကျောင်းဝင်းတွေအတွင်းမှာ ဆန္ဒပြမှုတွေပိုများ

အီရန်မှာ ယူကရိန်းခရီးသည်တင်လေယာဉ်ကို ပစ်ချခဲ့တာနဲ့ ပတ်သက်ပြီး ခေါင်းဆောင်တွေကို မကျေနပ်တဲ့ လူထုက မြို့တော်တီဟီရန်နဲ့ တခြားမြို့တွေမှာ ညနက်တဲ့အထိ ဆက် ဆန္ဒပြခဲ့ကြပါတယ်။ ခေါင်းဆောင်ကြီး အယာတိုလာခလီခါမေနီကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေနဲ့ လူတွေက လမ်းတွေပေါ် လှည့်ခဲ့ကြပါတယ်။

တီဟီရန်မှာ လူအုပ်က ပြီးခဲ့အပတ်က အမေရိကန်တွေတိုက်ခိုက်လို့ သေဆုံးသွားရတဲ့ ဗိုလ်ချုပ်ကာဆမ်ဆူလေမာနီရဲ့ ရုပ်ပုံပိုစတာတွေကိုလည်း ဆွဲဖြုတ်ချခဲ့ပါတယ်။ ရဲတွေက မျက်ရည်ယိုဗုံးနဲ့ ဆန္ဒပြသူတွေကို ပစ်ခဲ့ပြီး ဖမ်းဆီးမှုအချို့လည်း ရှိခဲ့ပါတယ်။ အစောပိုင်းတုန်းကတော့ အီရန်ရဲ့ လက်ရွေးစင် တော်လှန်ရေးပြည်စောင့်တပ်မှူး ဟူစိန်ဆာလာမီက အီရန် ပါလီမန်ကို လာပြီး စကားပြောခဲ့ရာမှာ လေယာဉ်ကို ပစ်ချခဲ့တာ မှားကြောင်း ဒါပေမယ့် ဖြစ်ပြီးသွားခဲ့ပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အီရန်ကသာ သူတို့ ပစ်ချကြောင်း ဝန်မခံခဲ့ရင် ဘယ်သူမှတောင် သိကြမှာ မဟုတ်ဘူးလို့ သူက ပြောခဲ့တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ပုပ်ကို ဝေဖန်လိုက်တဲ့ ပုပ်

ဓာတ်ပုံ မူပိုင် Reuters
Image caption အနားယူသွားသူက လက်ရှိကို ဝေဖန်တာ ဖြစ်တောင့်ဖြစ်ခဲလို့ဆိုကြပါတယ်။

ရိုမန်ကက်သလစ်သာသနာမှာ ဘုန်းကြီးတွေ အိမ်ထောင်မပြုရဘူးဆိုတဲ့ မူကို ပြောင်းလဲဖို့ လက်ရှိ ပုပ်ရဟန်းမင်းကြီးက ကြိုးစားနေတယ်ဆိုပြီး ပုပ်ရဟန်းမင်းကြီးဟောင်း ဘက်နက်ဒစ်က ဝေဖန်လိုက်ပါတယ်။ ကာဒီနယ်ရောဘတ်ဆာရာနဲ့ ပူးတွဲရေးသားထုတ်ဝေလိုက်တဲ့ စာအုပ်မှာ ပုပ်ဘက်နက်ဒစ်က လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဝေးလံခေါင်သီတဲ့ အမေဇုန်တောအုပ်လို နေရာတွေမှာ အကျင့်သိက္ခာရှိသူဆိုရင် အိမ်ထောင်ရှိသူတွေကိုလည်း ဘုန်းကြီးအဖြစ် တင်မြှောက်နိုင်ခွင့်ပေးဖို့ အစီအစဉ်ကို သူ့အနေနဲ့ သဘောမတူနိုင်ကြောင်း ရေးသားခဲ့ပါတယ်။ ပေါ်ပင်အမှားတွေကို စိတ်မယိုင်သွားပါနဲ့ဆိုပြီးလည်း တိုက်တွန်းလိုက်ပါတယ်။ ပုပ်ဘက်နက်ဒစ်ဟာ ၂၀၁၃ မှာ ပုပ်ရဟန်းမင်းကြီးအဖြစ်က အနားယူခဲ့ပြီး နှစ်ပေါင်း ၆၀၀ အတွင်း ပုပ်ရဟန်းမင်းဘဝက ပထမဆုံး အနားယူသူ ဖြစ်လာခဲ့သူပါ။ ဒီလို သာသနာမှာ ထိခိုက်လွယ်တဲ့ အကြောင်းအရာမျိုးကို အနားယူသွားတဲ့ ပုပ်တစ်ယောက်က ထုတ်ပြောလာတဲ့အပေါ် ကက်သလစ်သာသနာအကြောင်း ကျွမ်းကျင်သူတွေက အတော်လေး အံ့အားသင့်သွားခဲ့ကြပါတယ်။

အီရန်ကို စွန့်ခွာမယ့် အိုလံပစ်ဆုရှင်

ဓာတ်ပုံ မူပိုင် TATYANA ZENKOVICH
Image caption အိုလံပစ် တိုက်ကွမ်ဒို ကြေးတံဆိပ်ရှင်

အီရန်ရဲ့ တစ်ဦးတည်းသော အမျိုးသမီး အိုလံပစ် ဆုတံဆိပ်ရှင် Kimia Alizadeh က သူ နိုင်ငံကထွက်ခွာခဲ့ပြီလို့ ကြေညာလိုက်ပါတယ်။ သူက အယောင်ဆောင်၊ လိမ်ညာမှု၊ တရားမဲ့မှုနဲ့ မြှောက်ပင့်မှုတွေရှိနေတဲ့ နေရာမှာ သူဆက်မနေနိုင်တော့လို့ အီရန်က ခွာခဲ့တာလို့ သူ့ ဆိုရှယ်မီဒီယာမှာ ပို့စ်တွေ ရေးတင်ခဲ့ပါတယ်။ ၂၀၁၆ အိုလံပစ် တိုက်ကွမ်ဒိုကြေးတံဆိပ်ဆုရှင် အာလီဇာဒါးက အီရန်အရာရှိတွေဟာ သူဆုရတာကို အမြတ်ထုတ်နာမည်ကောင်းယူကြတဲ့ တချိန်ထဲမှာ သူ့ကိုတော့ မိန်းကလေးဆိုတာ ခြေထောက်မြောက် ပေါင်ကားနဲ့ သိက္ခာရှိတာမဟုတ်ဘူးဆိုတဲ့ စကားမျိုးနဲ့လည်း နှိမ်ချကြတယ်လို့ ရေးခဲ့ပါတယ်။

သူ့ကို ဥရောပနိုင်ငံတစ်ခုခုက ဆွဲဆောင်ခေါ်ယူခဲ့တာဆိုတဲ့ သတင်းတွေကို သူက ငြင်းပါတယ်။ ဘယ်နိုင်ငံမှာ ခိုလှုံမလဲဆိုတာကိုလည်း သူ ထုတ်မပြောသေးပါဘူး။

နိုင်းမြစ်ပေါ်ဆောက်မယ့် ဆည်ကြီးကြောင့် ရေပြဿနာ အငြင်းပွားစရာ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆည်ကြီးဟာ အီသီယိုးပီးယားအတွက် ဂုဏ်ယူစရာ

အီသီယိုးပီးယားက နိုင်းမြစ်ပေါ်မှာ ဆောက်မယ့် ဧရာမဆည်ကြီး ကိစ္စနဲ့ ပတ်သက်ပြီး အီဂျစ်နဲ့ အငြင်းပွားနေတာကို ကြားဝင်ဖြန်ဖြေပေးဖို့ အီသီယိုးပီးယား သမ္မတ အာဘီအာမက်က တောင်အာဖရိကသမ္မတ ဆီရယ် ရာမာဖိုးစားကို ပန်ကြားလိုက်ပါတယ်။ တောင်အာဖရိကဟာ မကြာခင် အာဖရိကသမဂ္ဂ ဥက္ကဋ္ဌနေရာကို ရယူမှာ ဖြစ်တဲ့အတွက် ဒီပြဿနာကို အေးအေးချမ်းချမ်းဖြစ်အောင် ဖြေရှင်းပေးဖို့ အီသီယိုးပီးယားက ပန်ကြားလိုက်တာပါ။

ဒေါ်လာသန်းငါးထောင်ကုန်ကျမယ့် ဒီ Grand Renaissance ဆည်ကြီးကြောင့် နိုင်းမြစ်ကရေတွေ သူတို့ဆီ စီးဆင်းမှုရပ်သွားမှာကို အီဂျစ်က စိုးရိမ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့အပတ်က အီဂျစ်၊ အီသီယိုးပီးယားနဲ့ ဆူဒန်က ရေအရင်းအမြစ်ဆိုင်ရာ ဝန်ကြီးတွေဆွေးနွေးခဲ့ပေမယ့် အဖြေမထွက်ခဲ့ပါဘူး။ လာမယ့် အပတ်ထဲမှာလည်း ဝါရှင်တန်မှာ ဆက်ဆွေးနွေးကြဖို့ရှိပြီး သဘောတူညီချက်ရမယ့် ရက်ကို သတ်မှတ်ကြမှာ ဖြစ်ပါတယ်။