တရုတ်နိုင်ငံမှာ မြေတွင်းကြီး ရုတ်တရက်ဖြစ်ပေါ်လာပြီး ဘတ်စ်ကားတစီးပြုတ်ကျ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရုတ်တရက်မြေတွင်းကြီးဖြစ်လာပြီး ဘတ်စ်ကားတစီးပြုတ်ကျခဲ့ပါတယ်။

တရုတ်နိုင်ငံ ကားလမ်းမကြီးရဲ့ ဘတ်စ်ကားမှတ်တိုင်တခုမှာ ရုတ်တရက်မြေပြိုကျပြီး မြေတွင်းကြီးတတွင်းဖြစ်လာပါတယ်။ တမဟုတ်ချင်း ဘေးကို ပြန့်ကားလာတဲ့ အဲဒီမြေတွင်းကြီးဟာ မှတ်တိုင်မှာ ရပ်ထားတဲ့ ဘတ်စ်ကားကို ဝါးမြိုသွားတဲ့အတွက် အနည်းဆုံး လူ ၆ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် ၁၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီလ ၁၃ ရက် တနင်္လာနေ့ညနေက တရုတ်နိုင်ငံချင်းဟိုင်ပြည်နယ် ရှင်းနင်းမြို့က ဆေးရုံရှေ့ ဘတ်စ်ကားမှတ်တိုင်မှာ အဲဒီအဖြစ်အပျက်ဖြစ်ခဲ့တာပါ။

စီစီတီဗီလုံခြုံရေးကင်မရာမှာ တွေ့ခဲ့ရတဲ့ ဗီဒီယိုအရ မြေတွင်းထဲကို ဘတ်စ်ကားနဲ့ ကားမှတ်တိုင်က လူတွေကျသွားပြီး ခဏအကြာမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ မြေတွင်းထဲကနေ မီးတောက်တွေ တက်လာတာတွေ့ရပါတယ်။

အခုလတ်တလော နှစ်တွေအတွင်း တရုတ်နိုင်ငံမှာ လူသေလောက်တဲ့ မြေတွင်းပြိုကျမှုတချို့ ဖြစ်ပွားခဲ့ပါတယ်။

အခုဗီဒီယိုမှာတွေ့ရတာက ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေတဲ့သူတွေဟာ မြေတွင်းပြိုကျလာတာကို မြင်ရတဲ့ အတွက် ထွက်ပြေးနေကြချိန်မှာပဲ ဘတ်စ်ကားဟာ မြေတွင်းထဲ တဖြည်းဖြည်းကျသွားတာ ဖြစ်ပါတယ်။

လူတော်တော်များများဟာ ဘတ်စ်ကားထဲမှာပါလာတဲ့ ခရီးသည်တွေကို ပြေးပြီး ကယ်ဆယ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပြိုကျသွားတဲ့ မြေတွင်းဟာ ဘေးကိုရုတ်တရက် ပြန့်ကားလာပြီး ကယ်ဆယ်ဖို့လာတဲ့သူတွေပါ မြေတွင်းထဲကျသွားကြပါတယ်။

တရုတ်အစိုးရ သတင်းမီဒီယာရဲ့ ထုတ်ပြန်ချက်အရ မြေတွင်းကြီးရဲ့ အဝဟာ ၃၂ ပေကျယ်ပါတယ်။

ဘတ်စ်ကားကို မြေမျိုသွားချိန်မှာ ခရီးသည်ဘယ်နှယောက်ကားပေါ်ပါသွားသလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။

ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ မြေတွင်းရဲ့ အဝဟာ ၃၂ ပေကျယ်တယ်လို့ ဆိုပါတယ်။

အခုမြေပြိုကျရတဲ့ အကြောင်းရင်းကို တိတိကျကျမသိရသေးပါဘူး။ အရင်က ဖြစ်ခဲ့ဖူးတဲ့ မြေပြိုကျမှုတွေကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ မြို့ပြဖွံ့ဖြိုးရေးကို အလျင်အမြန်တည်ဆောက်တာတွေကြောင့်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်တုန်းကလည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ဒါဂျိုးမြို့မှာ လူစည်ကားတဲ့ ပလက်ဖောင်းတခုပေါ်မှာ ရုတ်တရက်မြေပြိုလို့ မြေတွင်းကြီးထဲကျပြီး လူ ၄ ယောက်သေဆုံးခဲ့ပါတယ်။

၂၀၁၃ ခုနှစ်တုန်းကလည်း တောင်ပိုင်းက ရှင်ဂျန်းမြို့ စက်မှုဇုန်တခုမှာ တွင်းကြီးတတွင်းဖြစ်လာပြီး လူ ၅ ယောက်သေခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ