ယူကရိန်း လေယာဉ်မှားပစ်မှု တာဝန်ရှိသူတွေကို အီရန်ဖမ်း

မပစ်ခင် ဆုံးဖြတ်ဖို့ အချိန် ၁၀ စက္ကန့်ပဲရှိပြီး အမိန့်ယူ အတည်ပြုဖို့ ဆက်သွယ်ရေး ပြတ်တောက်နေချိန် ပစ်ချမိခဲ့တယ်လို့ဆို ဓာတ်ပုံ မူပိုင် AFP
Image caption မပစ်ခင် ဆုံးဖြတ်ဖို့ အချိန် ၁၀ စက္ကန့်ပဲရှိပြီး အမိန့်ယူ အတည်ပြုဖို့ ဆက်သွယ်ရေး ပြတ်တောက်နေချိန် ပစ်ချခဲ့တယ်လို့ဆို

ယူကရိန်း ခရီးသည်တင်လေယာဉ်ကို အီရန်က မှားပစ်ချမိမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတချို့ကို ဖမ်းဆီးလိုက်တယ်လို့ အီရန် တရားရေးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်နေတယ်လို့ အီရန်ဘက်က ပြောခွင့်ရသူက ပြောပြီး အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ဒီအမှုကို အထူးခုံရုံးမှာ စစ်ဆေးမယ်လို့ အီရန်သမ္မတ ဟာဆန် ရူဟာနီက ပြောပါတယ်။ ဒီအမှုကို အဆင့်မြင့် တရားသူတစ်ယောက်နဲ့ ပညာရှင် ၁၀ ဦးထက်မက ပါဝင်တဲ့အဖွဲ့က စစ်ဆေးမှာပါလို့လည်း ပြောပါတယ်။

ယူကရိန်း နိုင်ငံတကာလေကြောင်းက ခရီးသည်တင်လေယာဉ်ဟာ ဇန်နဝါရီ ၈ ရက်မှာ အီရန်လေဆိပ်က ပျံတက်အပြီး မကြာခင်မှာ ပစ်ချခံရကာ လေယာဉ်ပေါ်ပါသူ ၁၇၆ ဦး လုံးသေဆုံးခဲ့ပါတယ်။

သေဆုံးသူ အများစုက အီရန်နဲ့ ကနေဒါ ခရီးသည်တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Anadolu Agency
Image caption မြို့တော် တဟီရန် အဇာဒီရင်ပြင်မှာ တနင်္ဂနွေနေ့ညက ဆန္ဒပြသူတွေ

အစပိုင်းမှာ ဒီလေယာဉ်ကို ပစ်ချတယ်ဆိုတာကို အီရန်ဘက်က ငြင်းဆန်ပြီး စက်ချို့ယွင်း ပျက်ကျတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သက်သေတွေ ထပ်ထွက်လာတဲ့နောက်မှာတော့ လေကြောင်းရန်ကာကွယ်ရေးက အော်ပရေတာက လေယာဉ်ကို ဒုံးကျည်နဲ့ မှားပြီးပစ်မိတယ်လို့ အီရန် တော်လှန်ရေး အစောင့်တပ်က ထုတ်ပြောခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး သမ္မတက ဒီမှားယွင်းမှုကြီးကို ပစ်ခတ်ခဲ့သူ တစ်ယောက်တည်းကိုပဲ အပစ်ပုံမချသင့်ဘဲ ကျန်တဲ့ပါဝင်ပတ်သက်နေသူတွေလည်း တာဝန်ယူရမယ်လို့ ပြောပါတယ်။

အဲဒီလို မှားပစ်မှု မဖြစ်ခင်က အီရန်က အီရတ်ဘက်က အမေရိကန် စစ်စခန်းတွေကို အီရန်ဗိုလ်ချုပ်ကြီး သေဆုံးမှုအတွက် လက်တုံ့ပြန် ပစ်ခတ်ထားပါတယ်။ ဒါကြောင့် မှားပစ်မိတဲ့ အချိန်မှာ အီရန် လေကြောင်းရန်ကာကွယ်ရေး စနစ်က သတိထားရှိမှု အမြင့်ဆုံးအဆင့်မှာ ထားရှိထားပါတယ်။

အီရန်က အဲဒီလို မှားယွင်းမှုကို ဝန်ခံမှု ထွက်ပေါ်လာတဲ့နောက် အီရန် ပြည်သူတွေ ဒေါသထွက်ခဲ့ကြပြီး မြို့တော် တဟီရန်နဲ့ မြို့ကြီးတွေမှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ သူတို့တွေက အီရန် ခေါင်းဆောင် အယာတိုလာ အလီခါမေနီ အပါအဝင် ဘာသာရေး ခေါင်းဆောင်တွေကို ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ