မောင်လေးကယ်ဖို့ တစ်နေ့နှစ်ယွမ်နဲ့ အသက်ဆက်ခဲ့တဲ့ ကျောင်းသူလေးသေဆုံး

တရုတ်၊ ကျောင်းသူ၊ ဝူဟွာရန် ဓာတ်ပုံ မူပိုင် Feng Video
Image caption နာမကျန်းဖြစ်နေတဲ့ မောင်လေးအတွက် ဆေးကုပေးဖို့ ထမင်းကြမ်းနဲ့ ငရုတ်သီးပဲ စားခဲ့တဲ့ ဝူ ဟွာယန်

စိတ်ကျန်းမာရေး မကောင်းတဲ့ မောင်လေးကို ထောက်ပံ့ဆေးကုဖို့ သူ့အတွက် တစ်နေ့ကို နှစ်ယွမ် ( ၄၃၀ ကျပ်) ပဲသုံးပြီး အသက်ဆက်ခဲ့တဲ့ တရုတ်ကျောင်းသူလေး အာဟာရချို့တဲ့မှု ဆိုးဆိုးရွားရွားဖြစ်ခဲ့ရာက သေဆုံးသွားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ ဝူဟွာယန်ရဲ့ တစ်နေ့နှစ်ယွမ်နဲ့ အသက်ဆက်နေခဲ့တဲ့ သတင်းနဲ့ သူ့ဓာတ်ပုံ ပြီးခဲ့တဲ့နှစ်မှာ စထွက်ပေါ်ခဲ့ကတည်းက လူအများ အံ့အားသင့်ခဲ့ပါတယ်။ သူဟာ အရပ် ၄ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ၄၃ပေါင်လောက်ပဲရှိပါတယ်။

အဲဒီကျောင်းသူလေးဟာ အသက်ရှုရခက်ခဲတဲ့ အခြေအနေနဲ့ မနှစ်က အောက်တိုဘာမှာ ဆေးရုံကို ရောက်လာခဲ့ပါတယ်။

သူ့သတင်းကြားလိုက်ရပြီး အလှူငွေတွေ အများအပြားဝိုင်းပေးကြပေမဲ့ ဇန်နဝါရီ ၁၃ တနင်္လာနေ့မှာ သူသေဆုံးသွားပြီလို့ သူ့မောင်လေးက ပြောပါတယ်။

အဲဒီ တတိယနှစ် ကျောင်းသူလေးဟာ ငါးနှစ်လောက် အစားနည်းနည်းပဲ စားခဲ့ရလို့ နှလုံးနဲ့ကျောက်ကပ် ပြဿနာတွေရှိနေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

သူတို့မောင်နှမ ဘာကြောင့်အခက်အခဲတွေ့ခဲ့လဲ

ဝူ ဟွာယန်ဟာ အသက် ၄ နှစ် အရွယ်မှာ မိခင် ဆုံးပါးခဲ့ပြီး သူကျောင်းစတက်တဲ့အရွယ်မှာ ဖခင်ပါ ထပ်ဆုံးပါးသွားခဲ့ပါတယ်။

သူနဲ့ သူ့မောင်လေးကို အဖွားဖြစ်သူက ကြည့်ရှု စောင့်ရှောက်ခဲ့ပြီး နောက်ပိုင်းမှာ ဦးလေးနဲ့ အဒေါ်က သူတို့ကို တစ်လ ယွမ် ၃၀၀ ထောက်ပံ့ခဲ့ပါတယ်။

အဲဒီငွေထဲက အကုန်လုံးနီးပါးလောက်ကို စိတ်ဝေဒနာ ခံစားနေရတဲ့ မောင်ငယ်ရဲ့ ဆေးဖိုးအတွက် သုံးခဲ့ရပါတယ်။

ကျန်တဲ့ငွေက တစ်နေ့ကို ၂ ယွမ် လောက်ပဲ ရှိတော့တာမို့ ဝူ ဟွာယန် ဟာ ထမင်းကြမ်းနဲ့ ငရုတ်သီးစားပြီး အသက်ဆက်ခဲ့ပါတယ်။

သူတို့ မောင်နှမဟာ တရုတ်နိုင်ငံမှာ အဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်တဲ့ ဂွေဂျုံးပြည်နယ်က ဖြစ်ပါတယ်။

လူတွေဘယ်လို တုံ့ပြန်ကြသလဲ

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ တရုတ်နိုင်ငံ စီးပွားရေးတိုးတက်လာခဲ့ပေမဲ့ ဆင်းရဲချို့တဲ့မှုတွေ ပျောက်မသွားသေးပါဘူး။

၂၀၁၇ စာရင်းတွေအရ ကျေးလက်တွေမှာ တစ်နေ့ကို အမေရိကန် နှစ်ဒေါ်လာအောက်နဲ့ ရှင်သန်နေသူ သန်း ၃၀ ကျော် ကျန်နေပါတယ်။

ဆင်းရဲချမ်းသာကွာဟမှု တရုတ်မှာ မြင့်တက်နေပြီး ၂၀၁၈ စာရင်းတွေအရ တရုတ်ဟာ ကမ္ဘာမှာ ဆင်းရဲချမ်းသာ ကွာဟမှု အမြင့်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တယ်လို့ နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့က ပြောပါတယ်။

ဒီကျောင်းသူလေး သတင်းကြားရသူတွေ စိတ်ဆိုးခဲ့ကြပြီး သူတို့မောင်နှမ ဒီထက်ပို အကူအညီ မရခဲ့တဲ့အပေါ် ဆိုရှယ်မီဒီယာမှာ ပြစ်တင်မေးမြန်းခဲ့ကြပါတယ်။

တချို့ကျတော့ မောင်လေးအတွက် သူ့ရဲ့ အားထုတ်မှုတွေကို လေးစားချီးကျူးခဲ့ကြပါတယ်။

လူအများဝိုင်းလှူဒါန်းမှုတွေ အပြင် သူ့အတန်းဖော်တွေနဲ့ ဆရာတွေက ယွမ် လေးသောင်းနဲ့ ရွာသားတွေက ယွမ် သုံးသောင်း သူ့အတွက် ငွေတွေကူညီခဲ့ကြပါတယ်။

သူမသေဆုံးခင်မှာ တာဝန်ရှိသူတွေက ထုတ်ပြန်ချက် တစ်စောင်ထုတ်ခဲ့ပါတယ်။ အဲဒီ ထုတ်ပြန်ချက်မှာ သူဟာ အစိုးရဆီက ထောက်ပံ့ငွေ ရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါက တစ်လကို ယွမ် ၃၀၀ ကနေ ၇၀၀ ကြားရှိမယ်လို့ ယူဆရပါတယ်။ ပြီးတော့ သူ့အတွက် အရေးပေါ် ထောက်ပံ့ငွေ ယွမ် နှစ်သောင်းလည်း ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါပါတယ်။

ဆင်းရဲမွဲတေမှုကို ၂၀၂၀ မှာ အဆုံးသတ်ဖို့ တရုတ်က ရည်မှန်းချက်ထားခဲ့ပါတယ်။ အခု ဇန်နဝါရီလ အစောပိုင်းမှာလည်း ကျန်စု ပြည်နယ်မှာ လူ သန်း ၈၀ ကျော် မှာ ၁၇ ယောက်ပဲ ဆင်းရဲချို့တဲ့တဲ့ အခြေအနေမှာ ရှိတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ