နျူသဘောတူချက်အသစ် အစားထိုးဖို့ အီရန်ငြင်း

ဥရောပနိုင်ငံတွေ ကိုယ်ပြောထားတာကိုယ် လိုက်နာဖို့လိုတယ်လို့ အီရန်သမ္မတပြော ဓာတ်ပုံ မူပိုင် EPA
Image caption ဥရောပနိုင်ငံတွေ ကိုယ်ပြောထားတာကိုယ် လိုက်နာဖို့လိုတယ်လို့ အီရန်သမ္မတပြော

၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ထရမ့်ရဲ့ သဘောတူညီချက်အသစ်နဲ့ အစားထိုးဖို့ ယူကေ ဝန်ကြီးချုပ်က ပြောတာကို အီရန်ဘက်က ငြင်းလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နျူကလီးယား သဘောတူညီချက်သစ်နဲ့ အစားထိုးဖို့ ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောတာကို အခုလို ငြင်းလိုက်တာ ဖြစ်ပါတယ်။

၂၀၁၅ သဘောတူညီချက်မှာ အားနည်းချက်တွေ ရှိနေတယ်လို့ ထရမ့်က ယူဆနေတာကို သူသိထားကြောင်းနဲ့ ပြန်ဆွေးနွေးတာမျိုး လုပ်နိုင်ကြောင်း ယူကေ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါပေမဲ့ အီရန်သမ္မတ ဟာဆန်ရိုဟာနီကတော့ "ထရမ့်က ကတိတွေ ဖျက်ပစ်ခဲ့တာပဲ"လို့ ပြောပါတယ်။

အီရန်က နျူသဘောတူညီချက်ရဲ့ အဓိက အချက်တွေ ဆက်မလိုက်နာတော့တဲ့နောက် ယူကေ၊ ပြင်သစ်နဲ့ ဂျာမနီတို့က နျူသဘောတူညီချက် အငြင်းပွားမှု လုပ်ငန်းစဉ် စတင်လိုက်တဲ့ အပေါ်ကိုလည်း အဲဒီနိုင်ငံတွေကို အီရန်သမ္မတ ဝေဖန်လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ၂၀၁၅ သဘောတူညီချက်အရ နျူကလီးယား အစီအစဉ်ရဲ့ လုပ်ငန်းအဆင့်တချို့ကို အီရန်က ကန့်သတ်ခဲ့

သမ္မတ ထရမ့်က အီရန်နဲ့ နျူသဘောတူညီချက်ကို ၂၀၁၈ မှာ စွန့်လွှတ်လိုက်တာဖြစ်ပါတယ်။ ပြီးတော့ အီရန်ကို တားမြစ်ပိတ်ဆို့မှုတွေ ပြန်စခဲ့ပြီး သဘောတူညီချက်အသစ် ဆွေးနွေးဖို့ ဖိအားပေးခဲ့ပါတယ်။ အဲဒီသဘောတူညီမှုအသစ်မှာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို အကန့်အသတ်မရှိ တားမြစ်နိုင်ဖို့နဲ့ ပဲ့ထိန်းဒုံး အဆင့်မြှင့်တင်ရေးကို ရပ်လိုက်ဖို့တွေ ပါရှိပါတယ်။

ပြင်သစ်နဲ့ ဂျာမနီ အပြင်၂၀၁၅ စာချုပ်မှာ ပါဝင်ခဲ့တဲ့ ဥရောပ သမဂ္ဂ၊ တရုတ်နဲ့ ရုရှားတို့ကတော့ စာချုပ်ကို ဆက်ရှိစေချင်ကြပါတယ်။ ဒါပေမဲ့ ကန့်သတ်ပိတ်ဆို့ချက်တွေကြောင့် အီရန်ရဲ့ ရေနံတင်ပို့မှု ပြိုလဲတာ၊ ငွေကြေးတန်ဖိုးကျတာနဲ့ ငွေကြေးဖောင်းပွမှုတွေ ဖြစ်စေခဲ့ပါတယ်။

၂၀၁၉ မေမှာ ထရမ့်အစိုးရက အီရန်ကို ဖိအားတွေ ပိုပေးခဲ့ပြီးနောက်မှာ အီရန်ဘက်ကလည်း သူ့တို့ကို ကန့်သတ်ထားတွေကို တဖြည်းဖြည်း ပြန်စလုပ်လာပါတယ်။ ယူရေနီယံ သန့်စင်ထုတ်လုပ်မှုကို ပြန်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါက နျူကလီးယား ဓာတ်အားပေးစက်ရုံ လည်ပတ်နိုင်ရုံမက နျူကလီးယား လက်နက်ထုတ်လုပ်ရာမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဲဒီနောက် အီရန် ထိပ်တန်း ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက် လုပ်ကြံလိုက်ပြီးနောက် စာချုပ်အရ နောက်ဆုံးကန့်သတ်ချက်ကို ရပ်လိုက်ပြီလို့ အီရန်ဘက်က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် အီရန်က လက်တုံ့ပြန်တဲ့ အနေနဲ့ အီရတ်ဘက်က အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အီရန်က သူတို့ရဲ့ နျူကလီးယား အစီအစဉ်က စွမ်းအင်ထုတ်လုပ်ဖို့ပဲ ဖြစ်တယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။ ပိတ်ဆို့ခံထားရတာတွေ ပြန်ဖွင့်ဖို့အတွက် ၂၀၁၅ သဘောတူညီချက်အရ နျူကလီးယား အစီအစဉ်ရဲ့ လုပ်ငန်းအဆင့်တချို့ကို အီရန်က ကန့်သတ်ခဲ့ပြီး နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီကိုလည်း လာရောက်စစ်ဆေးခွင့်ပေးခဲ့ပါတယ်။