ကိုဗစ်- ၁၉ (Covid - 19) ကူးစက်မှုသစ် နှစ်ရက်တိုက်ဆက်ကျ

စင်ကာပူမှာ နှာခေါင်းစည်းဝယ်ဖို့ တန်းစီနေကြသူတွေ ဓာတ်ပုံ မူပိုင် Getty Images
Image caption စင်ကာပူမှာ နှာခေါင်းစည်းဝယ်ဖို့ တန်းစီနေကြသူတွေ

ကိုရိုနာဗိုင်းရပ်စ်သစ် ကိုဗစ်- ၁၉ (Covid - 19) ကူးစက်မှုကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ဗုဒ္ဓဟူးနေ့အထိ လူ ၁၁၀၀ ကျော် ရှိသွားပေမဲ့ ကူးစက်သူ အသစ်တွေ့တာကတော့ နှစ်ရက်ဆက်တိုက် ပြန်ကျလာခဲ့ပါတယ်။

ဒါကြောင့် ဗုဒ္ဓဟူးနေ့ဟာ ဇန်နဝါရီ နောက်ပိုင်း ကူးစက်သူ အနည်းဆုံးတွေ့ရတဲ့နေ့ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးကူးစက်မှု အသစ်တွေ့ရှိတာ တနင်္လာနေ့မှာ ၃၀၆၂ ယောက် ရှိရာကနေ အင်္ဂါနေ့မှာ ၂၄၇၈ ယောက်၊ အဲဒီနောက် ဗုဒ္ဓဟူးနေ့မှာ ၂၀၁၅ ယောက်ကို ကျဆင်းလာတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဟူဘေးပြည်နယ် ပြင်ပမှာလည်း ကူးစက်ခံရသူလူနာ တွေ့ရှိတာ ကျဆင်းခဲ့ပါတယ်။

အခုထိတော့ တရုတ်မှာ သေဆုံးသူ ၉၇ ဦး ထပ်တိုးလာပြီး တစ်နိုင်ငံလုံး သေဆုံးသူ ၁၁၁၃ ယောက်အထိ ရှိလာပါပြီ။

ကူးစက်ခံထားရသူကလည်း ၄၄,၆၀၀ အထိ ရောက်လာပါတယ်။

ကူးစက်မှု အများစုက စတင်ဖြစ်လာခဲ့တဲ့ ဟူပေးပြည်နယ် ဝူဟန်မြို့မှာ ဖြစ်ပါတယ်။

အခုအခါ အဲဒီပြည်နယ်က လူ ၅၆ သန်းကို တခြားနေရာတွေနဲ့ အဝင်အထွက်ပိတ်ဆို့ ခွဲခြားထားပါတယ်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့တစ်ခုဖြစ်တဲ့ ထျန်ကျင်းမှာတော့ ကုန်တိုက်တစ်ခုတည်းမှာ လူ ၃၉ ယောက် ကူးစက်တာတွေ့ရတယ်လို့ ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။

အဲဒီလူတွေထဲမှာ ပထမဆုံး ကူးစက်ခဲ့သူက အရောင်းဝန်ထမ်း တစ်ယောက် ဖြစ်ပြီး သူဟာ ဇန်နဝါရီ ၃၁ ရက်မှာ ကုသမှုရရှိခဲ့တဲ့သူဖြစ်ပါတယ်။

ခန့်မှန်းဖို့စောသေး

တရုတ်မှာ အဲဒီလို ကူးစက်မှု အသစ်တွေ့တာ ကျလာပေမဲ့ ဘယ်အချိန်မှာ အလှည့်အပြောင်း ဖြစ်လာမယ်ဆိုတာ မပြောနိုင်ကြောင်း၊ ဖေဖော်ဝါရီ လလယ် ဒါမှမဟုတ် လကုန်ပိုင်း လောက်မှာ ကူးစက်မှု အမြင့်ဆုံးကို ရောက်လာနိုင်ကြောင်း တရုတ် ဗဟို ကျန်းမာရေး ကော်မရှင်က ထင်ရှားတဲ့ သိပ္ပံပညာရှင် ကျုံးနန်ရှန်းက ဗီဒီယို ကွန်ဖရင့် တစ်ခုမှာ အင်္ဂါနေ့က ပြောခဲ့ပါတယ်။

ဒါပေမဲ့ သြစတြေးလျက ကျန်းမာရေး အရာရှိချုပ်ကတော့ တစ်ခုခု ကောက်ချက်ချတာမျိုး မလုပ်ခင် လာမယ့် သီတင်းပတ်တွေမှာ ရလာမယ့် အချက်အလက်တွေကို သေချာ ကြည့်ရဦးမယ်လို့ ပြောပါတယ်။

နာမည်သစ်တရားဝင်ပေး

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမှာ နှစ်ရက်တာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ဆွေးနွေးပွဲ ကနေ ကိုရိုနာ ဗိုင်းရပ်စ်သစ်ကို ကိုဗစ်- ၁၉ (Covid - 19) လို့ နာမည်ပေးခဲ့ပါတယ်။

Corona က Co၊ Virus က Vi၊ Disease က D နဲ့ ရောဂါစတင် တွေ့ရှိခဲ့တဲ့ 2019 က 19 တို့ကို ရည်ညွှန်းပြီး Covid - 19 လို့ နာမည်ပေးခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဝူဟန်ဆေးရုံမှာ ကုန်လာပို့စဉ်

စီတီဇင် ဂျာနယ်လစ်ကို သီးသန့်ခွဲထား

ဝူဟန်မြို့က အဖြစ်အပျက်တွေကို သတင်းတွေ တင်ပေးနေတဲ့ စီတီဇင် ဂျာနယ်လစ် တစ်ယောက်ဖြစ်တဲ့ ချန်ချွိရှီ ပျောက်သွားတာဟာ သူ့ကို သောကြာနေ့က စပြီး အတင်းအကျပ် သီးသန့်ခွဲခြားစောင့်ကြည့် ခံနေရလို့ဖြစ်တယ်လို့ သူ့မိသားစုထံက သိရပါတယ်။

တွစ်တာက တရုတ်မှာ ပိတ်ထားပေမယ့် ကျော်လွှားပြီး ကြည့်လို့ရတဲ့ နည်းတွေတော့ ရှိပါတယ်။

သူက အဲဒီမှာ မြို့ထဲက ဆေးရုံတွေထဲက အလောင်းပုံတွေ စတာတွေကို တင်ခဲ့တဲ့သူ ဖြစ်ပါတယ်။

အခု သူမရှိချိန်မှာ သူ့အကောင့်ကို သူ့ သူငယ်ချင်းက ဆက်စီမံခန့်ခွဲနေပါတယ်။

ဗိုင်းရပ်စ်ပိုးကူးစက်မှုကို လူတွေကို စတင် သတိပေးခဲ့သူ ဒေါက်တာ လီသေဆုံးသွားပြီး သူအခုလို ရုတ်တရက် ပျောက်သွားခဲ့တဲ့အတွက် လူတွေက ဒေါသထွက်ခဲ့ကြပါတယ်။

မီဒီယာတွေကို ဆင်ဆာတင်းကျပ်တဲ့ တရုတ်မှာ အစိုးရ ပိတ်ထားတဲ့ သတင်းအချက်အလက်တွေ စာမျက်နှာတွေနဲ့ပတ်သက်ပြီး အင်တာနက် ဆာဗာရှာမတွေ့ပါ ဆိုတဲ့ 404 ကို ရည်ညွှန်း ဟာသလုပ်ပြီး

"404+404+404+404+404=2020" ကို အင်တာနက်သုံးသူကြား ဝေမျှနေကြပါတယ်။

တခြားနိုင်ငံတွေ

နိုင်ငံတချို့က တရုတ်နိုင်ငံသားတွေကို နိုင်ငံတွင်း ဝင်ခွင့်ပိတ်ထားပါတယ်။ နိုင်ငံတကာ ခရီးသွား အဓိက လေကြောင်းလိုင်း တချို့ကလည်း တရုတ်ကို အသွား၊အပြန် ခရီးအားလုံးကို ရပ်နားထားပါတယ်။ ကူးစက်မှုက နိုင်ငံ ၂၅ နိုင်ငံထိ ရှိနေပါပြီ။

ဂျပန် - တရုတ်အစိုးရက ရောဂါကူးစက်မှုကို ထိန်းချုပ်ရေး ခက်ခက်ခဲခဲ ဆောင်ရွက်နေစဉ်မှာပဲ တရုတ်နိုင်ငံ ပြင်ပ ကူးစက်မှု အမြင့်ဆုံး အဖြစ် ဂျပန်ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ လူ ၃၆၀၀ ပါ ခရီးသည်တင် သင်္ဘောမှာ ကူးစက်သူ ၃၉ ယောက်ထပ်တွေ့ပြီး ကူးစက်သူ စုစုပေါင်း ၁၇၄ ယောက်အထိ ရောက်ရှိလာပါတယ်။

တရုတ်မှာ အခုလထဲမှာပဲ ကူးစက်မှု အမြင့်ဆုံး ရောက်သွားမယ်လို့ ခန့်မှန်းရပေမဲ့ တခြားနေရာတွေမှာတော့ အခုမှ စပြန့်လာတဲ့ သဘောရှိတယ်လို့ WHO က ပညာရှင် တစ်ယောက်က ပြောပါတယ်။

စင်ကာပူ - ကူးစက်သူ ၄၇ ယောက်ထိ ရောက်လာပြီး ကူးစက်သူက တိုးလာနေပါတယ်။

စင်ကာပူက အကြီးဆုံးဘဏ်ဖြစ်တဲ့ DBS ရုံးချုပ်မှာ ဗုဒ္ဓဟူးနေ့က ကူးစက်မှုတစ်ခု အတည်ပြုနိုင်လို့ ဝန်ထမ်းတွေ အားလုံးကို အိမ်ပြန်ခိုင်းခဲ့ရပါတယ်။

စင်ကာပူဟာ ဗိုင်းရပ်စ် ကူးစက်မှုရဲ့ အစကို ရောက်လာပြီလို့ WHO ကမ္ဘာ့ကူးစက်မှု သတိပေးရေးနဲ့ တုံ့ပြန်ရေး ကွန်ရက် အကြီးအကဲ ဒေးလ် ဖစ်ရှာက ပြောပါတယ်။

တရုတ်နိုင်ငံ ပြင်ပ- တရုတ်ပြင်ပမှာ ကူးစက်မှုတွေ ရာဂဏန်းထိ ရောက်လာပေမဲ့ တရုတ်ပြင်ပ သေဆုံးသူက ဟောင်ကောင်နဲ့ ဖိလစ်ပိုင်မှာ တစ်ယောက်စီမို့ စုစုပေါင်း နှစ်ယောက်ပဲ ရှိပါတယ်။

ကာကွယ်ဆေး

WHO အကြီးအကဲ တက်ဒရိုစ် စန်ဒါနွန် ဂီဘရေရက်ဆို က အခု ဗိုင်းရပ်စ်ကို အားလုံးရဲ့ ဘုံရန်သူ အဖြစ် သတ်မှတ်ကြဖို့ အင်္ဂါနေ့က ပြောပါတယ်။

ပြီးတော့ ဒီဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးရဖို့က ၁၈ လ လောက် စောင့်ရဦးမယ်လို့လည်း သူကပြောပါတယ်။