ကပ်ပါးများ - ဆိုးလ်မြို့တော် မြေအောက်ခန်းမှာ နေကြရတဲ့ ဘဝတွေ

မြေအောက်တစ်ပိုင်းအခန်းကျဉ်းလေးထဲက အိုကီချုးလ်၊
Image caption မြေအောက်တစ်ပိုင်း အခန်းကျဉ်းလေးထဲက အိုကီချုးလ်၊ စားရာ အိပ်ရာ အလုပ်လုပ်ရာ တစ်နေရာထဲဖြစ်တဲ့ အခန်းလေး။

ဒီနှစ် အော်စကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ မထင်မှတ်ဘဲ အောင်ပွဲခံသွားတဲ့ ဇာတ်ကားကတော့ တောင်ကိုရီးယားဒါရိုက်တာ ရိုက်ကူးတဲ့ ပါရာဆိုက် ကပ်ပါးများဆိုတဲ့ ရုပ်ရှင်ပါ။ အဲဒီဇာတ်ကားက ဆိုးလ်မြို့က မှောင်မိုက်ပြီး၊ ကျဉ်းမြောင်းလှတဲ့ မြေအောက်အခန်းငယ်လေးတစ်ခုထဲမှာ နေရတဲ့ ဆင်းရဲတဲ့ မိသားစုတစ်စုနဲ့ ဇိမ်ခံပစ္စည်းတွေပြည့်နေတဲ့ ကျယ်ဝန်းတဲ့ အိမ်တစ်လုံးမှာနေကြတဲ့ လူချမ်းသာ မိသားစု တစ်စုရဲ့ အကြောင်း ဖြစ်ပါတယ်။

ဒီဇာတ်လမ်းက စိတ်ကူးယဉ် ဖန်တီးမှုတစ်ခု ဖြစ်ပေမယ့် အဲဒီထဲမှာပါတဲ့ ဆင်းရဲတဲ့ မိသားစုတစ်စု နေနေရတဲ့ မြေအောက်ခန်းထဲက ဘဝမျိုးကတော့ အပြင်မှာလည်း တကယ်ကို ရှိနေပါတယ်။ အဲဒီ အခန်းမျိုးကို ကိုရီးယားလို ဘန်ဂျီဟာလို့ခေါ်ပါတယ်။ တောင်ကိုရီးယားမြို့တော် ဆိုးလ်မှာ အဲဒီလို နေနေရတဲ့ လူပေါင်း ထောင်ချီပြီး ရှိနေပါတယ်။

သူတို့ရဲ့ ဘဝတွေက ဘယ်လိုလဲ ဆိုတာကို ဘီဘီစီ ကိုရီးယားဘာသာစကားဌာနက ဂျူလီယွန်းက အဲဒီလို နေနေရသူတချို့နဲ့ သွားတွေ့ခဲ့ပါတယ်။

Short presentational grey line

အိုကီချုးရဲ့ ဘန်ဂျီဟာ အခန်းထဲမှာ တကယ်ဆို နေရောင် တစ်စက်ကလေးတောင် မရပါဘူး။

ဒါကြောင့်ပဲ အလင်းရောင်မရှိတဲ့ သူ့အခန်းထဲမှာ စိုက်ထားတဲ့ အပင်လေးတောင် မရှင်နိုင်တော့ပါဘူး။

လမ်းပေါ်က ဖြတ်သွားသူတွေ အိုကီချူးလ်ရဲ့ အခန်းထဲကို ချောင်းကြည့်လို့ရ။
Image caption အပြင်လမ်းပေါ်က ဖြတ်သွားသူတွေ အိုကီချူးလ်ရဲ့ အခန်းထဲကို ချောင်းကြည့်လို့ရပါတယ်။

လမ်းသွားလမ်းလာတွေက ပြူတင်းပေါက်ကနေ သူ့အခန်းထဲကို လှမ်းကြည့်လို့ မြင်ရပါတယ်။ သူ့အခန်းအပြင်ဘက်မှာ လူငယ်တချို့ တခါတလေ ဆေးလိပ်လာသောက်ကြပါတယ်။ သူတို့ တံတွေးထွေးချတဲ့အခါ သူ့အခန်းကြမ်းပြင်ကို ကျလာတာမျိုးလည်း ရှိတတ်ပါတယ်။

နွေရာသီမှာတော့ သူ့အခန်းဟာ ပူအိုက်ပြီး လှောင်နေပါတယ်၊ မွန်းကြပ်နေပါတယ်။ နောက်ပြီး မှိုတွေ တက်လာလို့ ခဏခဏလည်း ရှင်းရပါတယ်။

ရေချိုးခန်းလေးက သေးလွန်းတော့ လက်ဆေး၊ မျက်နှာသစ်ဖို့ ကန်တောင် မထည့်နိုင်ပါဘူး။ ကြမ်းပြင်ပေါ်ကလည်း ၃ ပေလောက် မြှင့်ထားရပါတယ်။ ဒါကြောင့် မျက်နှာကျက်နဲ့ သူ့အရပ်နဲ့ မလွတ်တော့ဘဲ သူ မတ်တပ်ရပ်ရင် ခြေနှစ်ဖက်ချဲ ခွဲပြီးရပ်ရပါတယ်။

"ကျွန်တော် ဒီကို ရောက်စက လှေခါးထစ်တွေနဲ့ တိုက်မိလို့ ကျွန်တော့် ခြေသလုံးတွေမှာ ဒဏ်ရာတွေ ခဏခဏ ရတယ်။ လက်ဆန့်မိရင်လည်း နံရံနဲ့တိုက်မိ ပွတ်မိလို့ ပွန်းရာ ခြစ်ရာတွေ ရတယ်လို့" သူက ပြန်ပြောပြပါတယ်။ အိုးဟာ အသက် ၃၁ နှစ်ရှိပါပြီ။ ကုမ္ပဏီ ဝန်ထမ်းတစ်ယောက်ပါ။

ရေချိုးခန်းထဲက အိုကီချုးလ်
Image caption အောက်ခြေကို မြှင့်ထားရတော့ ကိုယ်ကို မတ်မတ်ရပ်လို့ မရ ဖြစ်ရပါတယ်။ ခေါင်းနဲ့ မလွတ်လို့ပါ။

အခုတော့ ဒီမှာ သူ နေသားကျလာပါပြီ။

"ဘယ်နေရာမှာ လှေခါးထစ်တွေ ရှိလဲ၊ ခလုတ်တိုက်နိုင်လဲ၊ မီးခလုတ်က ဘယ်နားမှာလဲ ဆိုတာကို ကျွန်တော် သိနေပါပြီ။"

ပါရာဆိုက် ရုပ်ရှင်ဇာတ်ကားကတော့ နာမည်ကျော်ဒါရိုက်တာ ဘွန်ဂျွန်ဟိုရဲ့ လက်ရာ ကိုရီးယားက ရှိသူနဲ့ မရှိသူတွေအကြောင်း ဇာတ်လမ်းလေး တစ်ပုဒ်ပါ။

ချမ်းသာတဲ့ ပတ် မိသားစုနဲ့ ဆင်းရဲတဲ့ အခြေခံအလွှာက ကင်မိသားစုအကြား ကွာဟချက်ကြီးတွေကို သူတို့နေရတဲ့ အိမ်တွေကတဆင့် ဒါရိုက်တာက သရုပ်ဖော်ပြခဲ့ပါတယ်။ မိသားစု တစ်စုက ဆိုးလ်မြို့ကို စီးမိုးမြင်နေရတဲ့ တောင်ကုန်းတွေပေါ်က နန်းတော်လို အိမ်ကြီး တစ်ဆောင်မှာ နေရပြီး နောက်မိသားစုကတော့ မြေအောက် အခန်းကျဉ်းလေးထဲမှာ စုနေကြရသူတွေပါ။

အပြင်ဘက်က လက်တွေ့ဘဝမှာတော့ ဘန်ဂျီဟာတွေ ဆိုတာ ထောင်နဲ့ချီတဲ့ လူငယ်တွေ နေနေရတဲ့ ကွန်းခိုရာ ဖြစ်နေပါတယ်။ အဲဒီလို မှောင်မဲ ကျဉ်းမြောင်းတဲ့ အခန်းကျဉ်းလေးတွေမှာ ဘဝတွေကို ဖြတ်သန်းရင်း ကြိုးစား ရုန်းကန်လို့ အနာဂတ်အတွက် အိမ်မက်တွေ မက်နေကြရသူတွေပါ။

ဇာတ်ကားထဲကအိမ်ခန်း (ဝဲဘက်ပုံ) နဲ့ အပြင်က အခန်း (ယာဘက်ပုံ)။ ဓာတ်ပုံ မူပိုင် CJENM/BBC
Image caption ပါရာဆိုက် ဇာတ်ကားထဲက ကင်မိသားစုရဲ့ အိမ်ခန်း (ဝဲဘက်ပုံ) ဟာ အပြင်မှာ အိုကီချူးလ်နေရတဲ့ အခန်းအတိုင်း (ယာဘက်ပုံ)အတိအကျ တူနေပါတယ်။
ပါရာဆိုက် ဇာတ်ကားထဲက ဇာတ်ဝင်ခန်း တည်ထားတဲ့ အိမ် ဓာတ်ပုံ မူပိုင် CJENM
Image caption ရုပ်ရှင်ထဲက ပတ်မိသားစုရဲ့ အိမ်ကတော့ ကျယ်ဝန်းတောက်ပ လှပ ခမ်းနားတဲ့ အခန်းတစ်ခုပါ။

ဒီ ဘန်ဂျီဟာတွေ ဆိုတာက ဆိုးလ်မြို့က အိမ်တွေမှာ ဗိသုကာတွေ ထည့်ရေးဆွဲ ဆောက်လုပ်လိုက်လို့ ဖြစ်တည်လာတာတွေ မဟုတ်ပါဘူး။ သမိုင်းက မွေးထုတ်ပေးလိုက်တဲ့ နေရာတွေပါ။ ဒီ မြေအောက် အခန်းကျဉ်းလေးတွေရဲ့ ရာဇဝင်ကို ပြန်ကြည့်ရင် တောင်နဲ့မြောက် ကိုရီးယား ပဋိပက္ခတွေ စဖြစ်ချိန်ကို တွေ့ရပါလိမ့်မယ်။

၁၉၆၈ ခုနှစ်မှာ မြောက်ကိုရီးယား ကွန်မန်ဒိုတွေက ဆိုးလ်မြို့တော်ထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး အဲဒီအချိန်က တောင်ကိုရီးယား သမ္မတ ပတ်ချုံဟီးကို လုပ်ကြံ သတ်ဖြတ်ဖို့ စီစဉ်ခဲ့ကြပါတယ်။

Outside

အဲဒီ အစီအစဉ်ကို တောင်ကိုရီးယားတွေဘက်က ဟန့်တားနိုင်ခဲ့ပေမယ့် တောင်နဲ့ မြောက်ကိုရီးယားအကြားက တင်းမာမှုတွေကတော့ ပိုပြီး တိုးလာခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ မြောက်ကိုရီးယား အေးဂျင့်တွေကို အမေရိကန်သင်္ဘော USS Pueblo ကို ဝင်တိုက်ပြီး သင်္ဘောကို တက်သိမ်းလိုက်ပါတယ်။ မြောက်ကိုရီးယား လက်နက်ကိုင်တွေက တောင်ကိုရီးယားဘက်ကို အကြိမ်ကြိမ် ဝင်ရောက်ခဲ့ပြီး အကြမ်းဖက် လုပ်ရပ်တွေလည်း လုပ်ခဲ့ကြပါတယ်။

အခြေအနေတွေ ဆိုးလာပြီး စစ်ပွဲကြီးအထိ ဖြစ်လာမှာကို စိုးရိမ်တဲ့ တောင်ကိုရီးယား အစိုးရက ၁၉၇၀ ခုနှစ်မှာ အိမ်တွေ ဆောက်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းတွေ ထုတ်ပြန်လိုက်ပါတယ်။ အသစ်ဆောက်တဲ့ အထပ်နိမ့် အဆောက်အဦတွေ အားလုံးမှာ မြေအောက်ခန်းတွေ ထည့်ဆောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီ မြေအောက်ခန်းတွေဟာ အရေးပေါ်အခြေအနေ ကြုံလိုက်ရတဲ့အခါ ဗုံးခိုကျင်းအဖြစ်လည်း သုံးနိုင်ဖို့ ဖြစ်ပါတယ်။

ပထမတုန်းကတော့ အိမ်တွေက သူတို့မှာ ရှိတဲ့ မြေအောက်ခန်း ဘန်ဂျီဟာတွေကို လူငှားတင်တာကို ခွင့်မပြုပါဘူး။ ၁၉၈၀ ခုနှစ်တွေမှာတော့ မြို့တော်ဆိုးလ်မှာ လူတွေအတွက် နေစရာ ရှားပါးလာတာကို ဖြေရှင်းဖို့ အဲဒီမြေအောက်ခန်းတွေမှာ အိမ်ငှားတွေ ထားနိုင်တယ်လို့ အစိုးရက ခွင့်ပြုခဲ့ပါတယ်။

မြေအောက်ခန်းလေးတွေရှိတဲ့ ဆိုးလ်မြို့က ရပ်ကွက်တစ်ခု
Image caption ဆိုးလ်မှာ လူဦးရေက များလာတော့ နေစရာရှားပြီး အခန်းခတွေ စျေးကြီးလာပါတယ်။

၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုအရ တောင်ကိုရီးယားဟာ ကမ္ဘာမှာ ၁၁ ခုမြောက် အကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်ပေမယ့် လူအများ ဝယ်ယူ နေထိုင်နိုင်လောက်မယ့် အိမ်မျိုးတွေ အလုံအလောက် မရှိတာဟာ လူငယ်တွေနဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် ကြီးမားတဲ့ အခက်အခဲကြီးတစ်ခု ဖြစ်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။

အသက် ၃၅ နှစ်အောက် လူငယ်တွေအတွက် ဝင်ငွေနဲ့ အိမ်ငှားခ အချိုးအစားက မမျှပါဘူး၊ ဝင်ငွေ တဝက်လောက်ကို အိမ်ငှားခအဖြစ်ပေးနေရတာ ပြီးခဲ့တဲ့ ဆယ်နှစ်စုနှစ် တစ်ခုလောက်ရှိပါပြီ။

ဒါကြောင့်ပဲ မြေအောက် တစ်ဝက်လောက် မြုပ်နေတဲ့ အိမ်ခန်းကျဉ်းလေးတွေဟာ ကြီးမြင့်လာတဲ့ အိမ်စျေးတွေကို မတတ်နိုင်တဲ့ လူအများအတွက် မှီခိုရာတွေ ဖြစ်လာခဲ့ပါတယ်။ တစ်လ အိမ်ငှားခက ကိုရီးယားဝမ် ၅ သိန်း ၄ သောင်း (၄၅၃ ဒေါ်လာ) လောက် ရှိပါတယ်။ အသက် ၂၀ ကျော် လုပ်ငန်းခွင်ဝင်စ လူငယ်တွေရဲ့ တစ်လ ပျမ်းမျှဝင်ငွေက ဝမ် ၂ သန်း (၁၆၇၉ ဒေါ်လာ) လောက် ရှိပါတယ်။ ကိုယ့်ဝင်ငွေရဲ့ သုံးပုံတစ်ပုံလောက်ကို နေစရာ အိမ်ငှားဖို့ သုံးနေရတာပါ။

ဒါပေမယ့် ဘန်ဂျီဟာတွေမှာ နေရတာ လူမှုအသိုင်းအဝိုင်းထဲ မျက်နှာငယ်ရတယ်လို့ ထင်ကြသူ တချို့လည်း ရှိပါတယ်။ အားလုံးတော့ မဟုတ်ကြပါဘူး။

အခန်းလေးထဲက အိုကီချုးလ်နဲ့ သူ့ရဲ့ ကြောင်
Image caption အိုကီချုးလ်က သူရဲ့ မြေအောက်တစ်ပိုင်း အခန်းလေးကို ကြိုက်နေပြီလို့ဆိုပါတယ်။

အိုကီချုးကတော့ သူ့နေရာလေး အခန်းလေးကို ကြိုက်ပါတယ်။ အဆင်ပြေပါတယ်လို့ ဆိုပါတယ်။

"ကျွန်တော် ပိုက်ဆံစုချင်လို့ ဒီမှာ လာနေတာ၊ ဒီလိုနေလို့လည်း ပိုက်ဆံတော်တော် စုမိပါတယ်။ လူတွေက ကျွန်တော့်ကို သနားစရာလို လာမြင်နေကြတာတော့ ကျွန်တော်လည်း မတတ်နိုင်ပါဘူး။

"ကိုရီးယားမှာက ကားကောင်းကောင်း၊ အိမ်ကောင်းကောင်း ပိုင်ဖို့ အရေးကြီးတယ်လို့ ယူဆကြတယ်ဗျ။ ဘန်ဂျီဟာဆိုတာက လူဆင်းရဲတွေရဲ့ နေရာလို့ အများက သတ်မှတ်ထားကြတာ။

"ဒီလိုဆိုတော့ ကျွန်တော်ဘယ်သူလဲဆိုတာ ကျွန်တော်ဘယ်မှာ နေတယ်ဆိုတာက ပြဋ္ဌာန်းပေးနေတာလို့ ပြောရမှာပေါ့။"

ပါရာဆိုက် ဇာတ်ကားထဲမှာတော့ ဇာတ်လမ်းအလယ်လောက်မှာ ဆင်းရဲတဲ့ ကင်မိသားစုက ပတ်မိသားစု ဘဝထဲကို ဝင်ရောက်လာပြီး သူတို့ဆီက ငွေတွေ ရယူဖို့ ကြိုးစားချိန်မှာ ပတ်မိသားစုထဲက အငယ်ဆုံး ဒါဆွန်က ကင်မ်မိသားစုဆီကနေ အနံ့တမျိုးရတယ်လို့ ပြောပါတယ်။

ကင်မိသားစုထဲက အဖေကြီး ကင်မ်ကိတက်က အဲဒီအနံ့ကို ဖျောက်ဖို့ ကြိုးစားချိန်မှာ သူ့သမီးက အခုလို အေးစက်စက်ပဲ ပြန်ပြေခဲ့ပါတယ်။

"ဒါက မြေအောက်ခန်းနံ့ အဖေရ၊ ဒီနေရာက သမီးတို့ ထွက်မသွားမချင်း ဒီ အနံ့က ပျောက်မှာ မဟုတ်ဘူး။"

ရှင်မင်းနဲ့ ပတ်ယွန်ဂျွန်းတို့ သူတို့အခန်းမှာ
Image caption ပတ်ယွန်ဂျွန်းကတော့ အခန်းခ စျေးသက်သာတာရယ် နေရာကလည်း နေဖြစ်လို့ ရတာရယ်ကို ကြိုက်တယ်လို့ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ် ဓာတ်ပုံဆရာ ပတ်ယွန်ဂျွန်းဟာ သူ ဘန်ဂျီဟာ အခန်းတစ်ခုကို ပြောင်းလာခဲ့ပြီးလို့ မကြာခင်မှာပဲ ပါရာဆိုက် ဇာတ်ကားကို ကြည့်ဖြစ်ခဲ့ပါတယ်။ ပထမတော့ သူ ဘန်ဂျီဟာမှာ နေဖို့ရွေးခဲ့တဲ့ အကြောင်းရင်းက ရှင်းပါတယ်။ အိမ်ငှားခ သက်သာတယ်၊ နောက် နေစရာ နေရာလေးတစ်ခု ရတယ်၊ ဒါကြောင့်ပါ။

ဒါပေမယ့် ရုပ်ရှင်ကြည့်ပြီးတဲ့အချိန်မှာတော့ သူဟာ ရုပ်ရှင်ထဲမှာ ပြောခဲ့တဲ့ အနံ့ဆိုတာကြီးကို သွားပြီး သတိထားမိနေတယ်လို့ ဆိုပါတယ်။ "ကျွန်တော်ကတော့ ကင်မ်မိသားစုလို အနံ့မနံနေချင်ဘူး" လို့ သူကပြောပါတယ်။

အဲဒီ နွေရာသီမှာတော့ သူဟာ အမွှေးတိုင်တွေ တစ်တိုင်ပြီးတစ်တိုင် အခန်းထဲမှာ ထွန်းပါတယ်။ အနံ့ပျောက်ဆေးတွေဖျန်း၊ အခန်းထဲမှာ လေဝင်လေထွက်ကောင်းပြီး အောက်သိုးသိုး ဖြစ်မနေအောင်လည်း လေသန့်စက်ကို တစ်ချိန်လုံး ဖွင့်ထားခဲ့ပါတယ်။ သူ့အခန်းကို သန့်အောင်လုပ် လှအောင်ပြင်ထားဖို့ ရုပ်ရှင်က သူ့ကို တနည်းနည်းနဲ့ နှိုးဆော်ခဲ့တာလို့ သူက ယူဆပါတယ်။

"မြေအောက်ခန်းတစ်ခုမှာ နေလို့ လူတွေက ကျွန်တော့်ကို လာပြီး သနားနေကြမှာမျိုး မဖြစ်စေချင်ပါဘူး" လို့ သူက ရှင်းပြပါတယ်။

ပတ်နဲ့ သူ့ ရည်းစား ရှင်မင်းတို့က သူတို့ရဲ့ ဘန်ဂျီဟာကို ဘယ်လို ပြုပြင်ခဲ့ကြတယ်ဆိုတာကို ဗီဒီယို ဘလော့ဂ်လေးတစ်ခု လုပ်ထားပါတယ်။

သူတို့ရဲ့ အိမ်လေးကို သူတို့ သဘောကျကြပါတယ်၊ ဒါပေမယ့် အခုအနေအထား ရောက်အောင် အထိ လပေါင်း အတော်များများ အချိန်ယူ လုပ်ခဲ့ကြရတာပါ။

ရှင်မင်းနဲ့ ပတ်ယွန်ဂျွန်းတို့ သူတို့အခန်းမှာ
Image caption ရှင်မင်းနဲ့ ပတ်ယွန်ဂျွန်းတို့ သူတို့အခန်းလေးကို အတူတကွ ပြင်ဆင်ခဲ့ကြပါတယ်။

"ကျွန်တော့် အမေနဲ့ အဖေ ဒီကို လာကြည့်တုန်းက သူတို့ အတော်လေး စိတ်ညစ်သွားကြတယ်။ အရင် ဒီအခန်းမှာ နေသွားတဲ့သူက ဆေးလိပ် အရမ်းသောက်ခဲ့တယ်၊ ကျွန်တော့် အမေက အဲဒီ အနံ့ကို တော်တော်ကို မခံနိုင်တာ" လို့ ပတ်က ပြောပြပါတယ်။

ပတ်ရဲ့ ရည်းစား ယူကျူမှာ ဗီဒီယိုတွေတင်တဲ့ အသက် ၂၄ နှစ်အရွယ် ရှင်မင်းက ပတ် ဘန်ဂျီဟာမှာ သွားနေတော့မယ်ဆိုတာကို အစမှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

"ဘန်ဂျီဟာနဲ့ ပတ်သက်ရင် ကျွန်မ ဘယ်လိုမှ အကောင်းမမြင်နိုင်ခဲ့ဘူး၊ ဒီမှာ နေရတာ မလုံခြုံဘူးလို့လည်း ထင်တယ်။ မြို့ထဲက အမှောင်ခြမ်းတစ်ခုထဲ ရောက်နေရသလိုပဲ။ ကျွန်မက တစ်သက်လုံး အထပ်မြင့် အဆောက်အဦ တစ်ခုမှာ ကြီးလာခဲ့တာဆိုတော့ ကျွန်မ ရည်းစားအတွက်လည်း စိုးရိမ်မိတယ်။"

ဒါပေမယ့် သူတို့နှစ်ယောက် အခန်းကို ပြင်တဲ့အကြောင်း တင်လိုက်တဲ့ ဗီဒီယိုတွေကို ကြည့်သူတွေက တော်တော်ကြိုက်ကြပါတယ်။ ရှင်မင်းရဲ့ ဗီဒီယိုကို လာကြည့်သူတွေဆီကလည်း အကောင်းမြင်တဲ့ မှတ်ချက်တွေ ရတယ်။

"ကျွန်မတို့ ဒီအခန်းလေးကို ချစ်တယ်၊ ပြင်လိုက်လို့ ထွက်လာတဲ့ ပုံစံကိုလည်း ဂုဏ်ယူတယ်"လို့ ရှင်မင်းက ပြောပါတယ်။ ဒါပေမယ့် တစ်သက်လုံး ဘန်ဂျီဟာမှာပဲ နေသွားမယ်လို့တော့ မဆိုလိုပါဘူးလို့ သူက ပြောပါတယ်။

နောက်တစ်ဆင့် တက်ရမှာပေါ့လေ တဲ့။

အိုးကတော့ သူ့ကိုယ်ပိုင် အိမ်ခန်းလေး ဝယ်ဖို့ ပိုက်ဆံစုနေပါတယ်။ ဒီလို မြေအောက်ခန်းလေးမှာ နေလိုက်တဲ့အတွက် သူ့ရဲ့ အိမ်မက်ဖြစ်တဲ့ ကိုယ်ပိုင်နေရာလေးတစ်ခုကို သိပ်မကြာခင် ပိုင်နိုင်တော့မယ်လို့ သူက မျှော်လင့်နေပါတယ်။

"ကျွန်တော် စိတ်မကောင်းတာက ကျွန်တော့် ကြောင်လေး ဧပြီက ပြူတင်းပေါက်က ဝင်လာတဲ့ နေရောင်ကို မခံစားရတာ တစ်ခုပါပဲ။"

အိုကီချူးလ်ရဲ့ ကြောင်လေး ဧပြီ
Image caption အိုကီချူးလ်ရဲ့ ကြောင်လေး ဧပြီ

ဆောင်းပါးပါ ဓာတ်ပုံအားလုံးကို ဂျူလီယွန်း ရိုက်ကူးထားပါသည်။